ချည်မပါသော အပ်ကြောင်းထပ်များ

”ဟာ…တို့ကားတော့ အပွတ်ခံလိုက်ရပြီဟေ့”
အပြင်မှပြန်လာပြီး ဆက်သွားစရာကိစ္စရှိသေး၍ အိမ်ရှေ့လမ်းသွယ်တွင် ကားကို ခေတ္တရပ်ထားခဲ့သည်။ လမ်းသွယ်ဆိုသော်လည်း မျက်နှာချင်းဆိုင်မှ လူမနေသောတိုက်ရှေ့ခြံတံခါးဝ၏ ကားတစ်စီးစာနေရာလွတ်တွင် ရပ်ထားခြင်း ဖြစ်သည်။ လမ်းနှင့်လည်း လွတ်ပါ၏။ သည်ကြားထဲက မည်သည့်ကားက ရမ်းကားသွားသည်မသိ။ ဘေးတွင် ပွတ်မိသွားခြင်းဖြစ်သည်။ ပွတ်သွားသော ကားကမူ တာဝန်မဲ့စွာမောင်းပြေးလေပြီ။ ပွတ်မိရုံမို့ အသံမကြားရသဖြင့် မသိ လိုက်ဘဲ ထွက်လာမှ မြင်လိုက်ရခြင်းဖြစ်သည်။
ဆိုးဆိုးရွားရွားဖြစ်မသွားသော်လည်း ကားဘယ်ဘက်ခြမ်းရှေ့ဖုံး၊ ရှေ့၊ နောက်တံခါးနှင့် ဖင်မြီးပိုင်းတွင် ချိုင့်ရာစင်းနည်းနည်းနှင့် ပွန်းရာအနည်းငယ်စီ ထိသွား၏။ ထိုဒဏ်ရာများက နည်းသည်။ သို့သော် နောက်မီးလုံးကြီးအက်ကာ အောက်ခြေတွင် တစ်လမခန့် ပြွေဲ့ကသွားခြင်းက ပြဿနာဖြစ်သည်။ ကားက ဂျပန်ကား၊ ၂ဝ၁၂ မော်ဒယ်အသစ်ကြီး၊ ဝယ်စက ကီလိုတစ်ထောင်ပင် မပြည့် သေးသောအမျိုးအစားသစ်ဖြစ်၍ မီးလုံး က မြန်မာပြည် Showroom မှာပင် မရှိသေး။ ဂျပန်သို့ လှမ်းမှာရမည်။
သို့နှင့် ကားကိုအာမခံထားသည့် ကုမ္ပဏီသို့ လှမ်းဆက်ကာ သွားပြဖြစ် သည်။ အဓိကပြောလိုသည်က မြန်မာ နိုင်ငံ၏အာမခံကုမ္ပဏီစနစ် အကြောင်း မို့ ကားဖြစ်စဉ်ကိုအကျဉ်းမျှသာ ဖော်ပြ ပါရစေ။
ကုမ္ပဏီကို သွားပြတော့ အဆင် ပြေအောင် ပြင်ပေးပါမည်ပြောကာ ကုမ္ပဏီနှင့်ချိတ်ဆက်ထားသော ဝပ် ရှော့သို့ လွှတ်သည်။ ဝပ်ရှော့ရောက်မှ လိုက်လာသော ကုမ္ပဏီတာဝန်ရှိသူက ရုံးက ဘာမှာလိုက်သလဲဟု မေး၏။ ကုမ္ပဏီကို ကာမိစေရန် ကုန်ကျစရိတ် ကို ကုမ္ပဏီမှ တစ်စိတ်တစ်ပိုင်းသာ ကျခံပေးမည်ဟု ပြောသည်။ ဤတွင် မကျေမလည်ဖြစ်ကုန်တော့သည်။
ရုံးချုပ်သို့ ကားကိုသွားပြစဉ်က အားလုံးအဆင်ပြေအောင် လုပ်ပေးမည် ဟုသာပြောလိုက်သည်။ မိတ်ဆွေတစ် ဦး သူ့ကားတိုက်မိစဉ်က(သူ့ကားက သူများကားကို နောက်မှ တိုက်မိခြင်း ဖြစ်သည်။) သူ အာမခံထားသော ကုမ္ပဏီ(ချိတ်ဆက်ထားသော ဘဏ် ချင်းမတူပါ)မှ ပထမအကြိမ်ဖြစ်၍ အလုံးစုံပြင်ဆင်ရှင်းလင်းပေးခဲ့ကြောင်း၊ အကယ်၍နောင်ဖြစ်ပါက ဒု-ကြိမ်၊ တ-ကြိမ်ရာနှုန်းမည်မျှစီ စသည်ဖြင့် အဆင့်အလိုက်လျော့နည်းကျခံမည်ဟု ရှင်းပြကြောင်း ပြောပြဖူးသည်။
ထို့ကြောင့် ကိုယ်ဖြစ်တော့ ပထမ အကြိမ်မို့ ထိုကုမ္ပဏီလိုပင် ပြင်ပေးမည် ဟု ကျွန်မတို့က ထင်ထားခဲ့ပါ၏။ ရုံးချုပ်တွင်လည်း ဘာမျှမပြောလိုက်ဘဲ ဝပ်ရှော့သို့ သွားခိုင်းခဲ့ပြီး ဝပ်ရှော့ရောက်မှ တစ်စိတ်တစ်ပိုင်းသာရမည်ဆိုသည့် စကားပြောသည်။ ကားကို ပြင်မည်ဆိုလျှင် ထားခဲ့ပါတဲ့။
ကျွန်မက ထားခဲ့ပြီး ပြင်ပါပြီတဲ့။ ဥပမာ-ပြင်ဆင်စရိတ်ငါးသိန်းကျလျှင် ကုမ္ပဏီက မည်မျှကျခံပေးမည်ကိုလည်း မသိ။ သူတို့ MD က ဆုံးဖြတ်ချက်ချ ပြီးမှ သိရမည်ဖြစ်ပြီး ကျန်တာကိုယ်စိုက်ရမည်ဆိုသည့်သဘောဖြစ်နေသည်။ အကယ်၍ ထိုစိုက်ပြင်ရမည့်ပမာဏကို Customer က မတတ်နိုင်လျှင် (သို့ မဟုတ်)မကျေနပ်လျှင် ဘယ်လိုလုပ်မှာလဲဟု ကျွန်မက မေးသည်။
အာမခံကုမ္ပဏီများ၏ အားနည်းချက်ကို ပြောပြလိုခြင်းဖြစ်ပါသည်။ ကားက လည်း ပြင်ပြီးသွားပြီ။ ဃကျအသာနမ က မတတ်နိုင်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ် စေ၊ ကုမ္ပဏီကတော့ ဒါပဲကျခံမည်။ ကျန်တာ Customer အပိုင်းဆိုသည့်သဘော။ ကျွန်မတို့က ဖြစ်ဖူးထားသောမိတ်ဆွေ၏ပြောပြချက်အရ ပထမအကြိမ်သို့ အလုံးစုံ ပြင်ပေးမည်ဟု ထင်ထားသည်။ ရုံးချုပ်ကလည်း အဆင်ပြေအောင် ပြင်ပေးပါ မည်ဟု ပြောလိုက်ပြီး ဘုမသိ၊ ဘမသိ ဝပ်ရှော့သွားပါဆို၍ လိုက်သွားပြီးမှ သည်စကားပြောလာသည်။
ကျွန်မတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းဆဲကာလဖြစ် သဖြင့် အင်တာနေရှင်နယ်အဆင့်နှင့် နှိုင်းယှဉ်၍ မရသေးသည်ကို လက်ခံပါ သည်။ သို့သော် နေရာတိုင်းလိုလို ပွင့်လင်းမြင်သာမှု အတော်အားနည်းသေးသည် ကို နဖူးတွေ့၊ ဒူးတွေ့ တွေ့လိုက်ရသည်။ တာဝန်ရှိသူက စာချုပ်ချုပ်စဉ် သေချာ ရှင်းပြပါတယ်ဟုပြောသည်။ စာချုပ်ချုပ်ခဲ့သည့်သမီးကိုမေးတော့ သည်အချက်တွေ သူမ မသိ။ ပန်းဖလက်ထဲက စာအရ ရှင်းပြသလောက်သာသိသည်ဟုဆိုသည်။
တကယ်ဆို ကုမ္ပဏီက မည်သို့ ဖြစ်လျှင် ရာနှုန်းမည်မျှလျော်မည် စသ ဖြင့် ကိစ္စတိုင်းအတွက် သတ်မှတ်ချက် အကြမ်းဖျင်းတော့ ရှိထားနှင့်ပြီး ဖြစ်ရ မည်။ ကားအစိတ်အပိုင်းများက များ ပြားလှသဖြင့် အသေးစိတ်တစ်ခုချင်း မသတ်မှတ်နိုင်သည်ကိုလက်ခံပါသည်။ တိုက်ခိုက်မှုဖြစ်ခဲ့ပါက မည်သည့် အစိတ်အပိုင်းကို ထိ၍ မည်မျှပျက်စီး မည်ဆိုသည်ကိုလည်း ကြိုသိနိုင်သည် မဟုတ်။ သို့သော် ဝပ်ရှော့က ပြင်ဆင် ရမည့်အပိုင်းအတွက် ကျသင့်ငွေကို ပြောသည့်အခါ ကုမ္ပဏီက ကျသင့်ငွေ ၏ ရာနှုန်းမည်မျှကို ပ၊ဒု၊တအကြိမ် စသည်ဖြင့် ဖြစ်သည့်အစိတ်အပိုင်း အမျိုးအစားအလိုက်နှင့် (ဥပမာ-အင်ဂျင်ပိုင်း၊ မီးပိုင်းစသဖြင့်) ကျခံပေး မည့် ဝန်ဆောင်မှုအကြိမ်အရေအတွက် ရာနှုန်းကို သတ်မှတ်ထားနိုင်သည်။
ကားပိုင်ရှင်က တစ်ခုဖြစ်တိုင်း အာမခံကုမ္ပဏီက ရှင်းမှာပဲဆိုကာ ထင်သလို ရမ်းကားနေခြင်းမျိုးလည်း မဖြစ်အောင် ကြိမ်နှုန်းနှင့်ရာနှုန်းကို စည်းမျဉ်းဆွဲလျက် Customer ကို ရှင်းလင်းပြောပြထားနိုင်သည်။ ယခုမူ အာမခံထားကြောင်း ပန်းဖလက်များ ပေးလိုက်သည်ကလွဲ၍ အသိအမှတ် ပြုကတ်၊ အသင်းဝင်ကတ်စသည်ဖြင့် ထုတ်ပေးထားခြင်းလည်းမရှိ။ကုမ္ပဏီ ၏ပေါ်လစီ၊စည်းမျဉ်းများကိုလည်း Customer လက်သို့ မိတ္တူပင်ထုတ်ပေး ထားခြင်းမရှိ။ ထို့ကြောင့် Customer က မသိ။
သည်လိုမရှိ၍ မသိသည့်အတွက် တစ်စိတ်တစ်ပိုင်းလျော်မည်ဆိုသောစကား ကို ကြိုမပြောထား၍ ပေါ်လစီမကြိုက် ၍ လက်မခံနိုင်ကြောင်းပြောတော့ MD ထံ တင်ပြပေးပါမည်ဆိုပြီး တစ်ရက် အချိန်တောင်း၏။ နောက်တစ်ရက်မှာ ကုမ္ပဏီမှ ဖုန်းဆက်သည်။ MD က ကားသည်သို့ဖြစ်ကြောင်း ရဲစခန်းတွင် အမှုဖွင့်ပါဆိုပဲ။
သည်မှာ ကျွန်မပို၍လက်မခံနိုင် ဖြစ်တော့သည်။ ကုန်ကျမည့်ငွေ အတွက် ပြောနေခြင်းမဟုတ်ပါ။ ဆင် ဖိုးတတ်နိုင်မှတော့ ချွန်းဖိုးလည်း တတ် နိုင်ရမည်ပေါ့။ သို့သော် မသိနားမလည် သည့် ပြည်သူများအား ရှင်းရှင်းလင်းလင်း ပွင့်လင်းမြင်သာစွာ ချပြမှုမရှိဘဲ လုပ်နေကြသောကုမ္ပဏီ၏ အာမခံ ပေါ်လစီကို မကြိုက်၍ Complain တက်မိခြင်းဖြစ်သည်။ မည်သည့်ကား က ပွတ်သွားမှန်းမသိသည့်ကိစ္စကို ရဲမှာ အမှုဖွင့်ပါဟု Customer ကို ပြန်ခိုင်းနေ ၏။ သည်အလုပ်မျိုးက အာမခံကုမ္ပဏီ မှ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်ဟု ကျွန်မနားလည်ထားသည်။ သို့နှင့် MD နှင့်တွေ့လိုကြောင်းပြောပြီး ကုမ္ပဏီသို့ လိုက်သွားသည်။
MD ကိုတော့ မတွေ့ရပါ။ GM, AM, Consultant စသော တာဝန်ရှိသူများနှင့် တွေ့ရသည်။ ကျွန်မက စာရေး ဆရာမဖြစ်ကြောင်းနှင့် ဤကိစ္စကို အာမခံကုမ္ပဏီက မည်သို့ဖြေရှင်းပေး သည်ကို ပြည်သူတစ်ယောက်အနေနှင့် ဆောင်းပါးရေးလိုကြောင်း၊ အသံဖမ်း ထားခွင့်ပြုရန် တောင်းဆိုပြီး အသံဖမ်း စက်ဖွင့်ကာ စကားပြောကြသည်။
စဖြစ်စဉ်ကပင် မည်သို့ဖြစ်သလဲ။ မည်သည့်နေရာတွင် ဖြစ်သလဲ စသဖြင့် ဖြစ်စဉ်ကို ကုမ္ပဏီက လာကြည့်ပြီး ရဲအရေးဆိုင်လျှင် လုပ်ထုံးလုပ်နည်း အတိုင်း အာမခံကုမ္ပဏီကသာ လိုအပ် သလို စီစဉ်ဆောင်ရွက်ရမည့်အစား Customer အား ပြန်ခိုင်းနေကြောင်း၊ ရဲ တိုင်လိုလျှင်တိုင်ပါ၊ ကုမ္ပဏီက ဆောင် ရွက်ပါဟု ကျွန်မက ပြောသည်။ ပေး လျော်မည့်စည်းမျဉ်းစည်းကမ်းချထား တာရှိသလားဆိုတော့လည်း ရေရေရာ ရာ (အပေါ်က ပြောခဲ့သလို)မရှိ။
ရဲကိုအမှုဖွင့်ပါပြီတဲ့။ ရဲအမှု မပြတ်မချင်း ကားကို မပြင်ဘဲ ထား ရမှာလားဆိုတော့ သည်လိုမဟုတ်ပါ။ ပြင်ပေးပါမည်တဲ့။ ပြင်ပေးမည်ဆိုလျှင် ကုမ္ပဏီက မည်ရွေ့မည်မျှ စသဖြင့် ကျခံမည့်အပိုင်းအား အစကတည်းက ရှင်းပြထား၊ သိထားလျှင်တစ်မျိုး။ သည်လိုလည်းမရှိ။ ပြင်ပြီးကာမှ သူတို့ပေးလျော်သော ထိုတစ်စိတ်တစ် ပိုင်းဆိုသည့်ပမာဏကို ကျွန်မတို့လက် မခံနိုင်လျှင် ဘယ်လိုလုပ်မှာလဲ မေး သည်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လက်ခံရမည်ဆိုသည့်သဘော ဆောင် နေသည်။
တိုတိုပြောရလျှင် ကုမ္ပဏီဘက်မှ သူတို့၏ Image ကို အပျက်မခံလိုပါ ကြောင်းနှင့်Customer စိတ်တိုင်းကျ ဆောင်ရွက်ပေးပါမည်။ မီးလုံးအပါ အဝင်ပြင်ဆင်ကျသင့်စရိတ်ကို ကုမ္ပဏီ နှင့်ဝပ်ရှော့ ဆက်သွယ်ကာ တိုက်ရိုက် ရှင်းလင်းပါမည်ဟုဆိုကာ အလုံးစုံတာ ဝန်ယူဆောင်ရွက်ပေးခဲ့သည်။ မီးလုံး ကတော့ ဂျပန်သို့မှာရမည်ဖြစ်၍ ရောက်လာသည်ထိစောင့်ဆိုင်းပြီး ဆက် လက်ဆောင်ရွက်ပေးပါမည်ဟု ပြော သည်။
မိမိတို့၏ အားနည်းချက်၊ လစ် ဟာချက်ကို တာဝန်ယူစိတ်ဖြင့် ဆောင် ရွက်ပေးသွားသည့်အတွက်အသိအမှတ် ပြုကျေနပ်ပါသည်။ နောက်နေ့တွင် ကုမ္ပဏီမှ ဖုန်းဆက်ပြီး ဘဏ်တွင်ထား သည်ဆိုသောစည်းမျဉ်းစာရွက်မိတ္တူကို လာပို့သည်။ ကောင်းပါ၏။ သို့သော် စာက အင်္ဂလိပ်ဘာသာဖြင့် ရိုက်ထား သောစာများဖြစ်သည်။ ဘွဲ့ရပြီး ကျွန်မ ပင်လျှင် ယေဘုယျနားလည်သော် လည်း လုံးစေ့ပတ်စေ့တော့ ဘာသာ မပြန်တတ်။
ကျွန်မအထင် Customer အားလုံးသည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်း ကျင်ပိုင်နိုင်ကြမည်မထင်ပါ။ ထိုစည်း ကမ်းချက်များအားလုံးကို ကျွန်မလိုပင် တိတိကျကျနားလည်နိုင်ကြမည်မဟုတ် ပါ။ မြန်မာဘာသာနှင့်ဆိုလျှင်ပင် အားလုံး အလွတ်မရနိုင်လောက်အောင် ရှည်လျားလှပါ၏။ သို့သော် မြန်မာ လိုဆိုပါက ကိုယ့်လက်ထဲ လက်ခံ မိတ္တူရှိနေသည့်အတွက် မမှတ်မိလျှင်၊ သိလိုလျှင်ပြန်ဖတ်ကြည့်နိုင်သေးသည်။ အမှန်ဆို အင်္ဂလိပ်ဘာသာဖြင့်သာမက မြန်မာဘာသာဖြင့်ပါ ရှင်းလင်းပြတ် သားစွာ ပြန်ဆိုပေးထားသင့်သည်ထင် သည်။
တာဝန်ရှိသည်ဆိုသူတို့က ပွင့် လင်းမြင်သာမှုရှိရန်ပြော၏။ ပြည်သူ ကလည်း အဘက်ဘက်တွင် ပွင့်လင်း မြင်သာမှုရှိရန် တစ်ချိန်လုံးတောင်းဆို နေကြ၏။ ပွင့်လင်းမြင်သာအောင် ချပြ ပါမည်ဆိုသူတို့ကလည်း အပ်ကြောင်း ထပ်အောင် ဆိုနေကြပါ၏။
သို့သော် အပြောသာရှိပြီး အလုပ် က မပါ။ အပ်ကြောင်းရာသာများပြီး ချည်ကားမပါ။
အပ်ကြောင်းအထပ်ထပ်သည် ချည်မပါသော အပ်ကြောင်းထပ်များ သာ။
ထားဥဿုံ

Leave a Reply

Your email address will not be published.