လဲချားမြို့နယ် ပျံကျဈေးကိစ္စကို ရှမ်းပြည်နယ်လွှတ်တော်က ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
လဲချားမြို့နယ် ပျံကျဈေးကိစ္စကို ရှမ်းပြည်နယ်လွှတ်တော်က ဆောင် ရွက်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ငြင်းဆိုမှု ကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိဟု ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ (SNDP) လဲချားမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းအက်စ်စကီးမိုးက ပဲ့တင်သံဂျာနယ်ကို ပြောသည်။
”ကျွန်မမဲဆန္ဒနယ် လဲချားမြို့နယ်က ပျံကျဈေးကိစ္စကို လွှတ်တော်မှာ မေးမြန်းတာ ရှမ်းပြည်နယ်အစိုးရနဲ့ စည်ပင်ဝန်ကြီးက လုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ လုပ်ဖို့ မသင့်တော်ဘူးဆိုပြီး အခုအထိ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းမရှိဘူး။ လွှတ်တော်အစည်း အဝေးထဲမှာ ဖြေခဲ့တဲ့အဖြေက အကျုံးမဝင်တဲ့အနေအထား ဖြစ်သွား တာပေါ့နော်။ဝန်ကြီးချုပ်တစ်ယောက်တည်းရဲ့ သဘောထားကပဲ လွှတ်တော် အပေါ် လွှမ်းခြုံနိုင်သလား၊ ဒါ မဖြစ်သင့်ဘူး”ဟု လွှတ်တော်တွင် ဆောင် ရွက်မည်ဟု ကတိရရှိခဲ့သော်လည်း လက်တွေ့ကြုံရသည့်အခြေအနေကို ဒေါ်နန်းအက်စ်စကီးမိုးက ပြောသည်။
လဲချားမဲဆန္ဒနယ်အတွက် တောင်းဆိုခဲ့သော ဆေးရုံ၊ ဆေးပေးခန်းများ၊ ကျောင်းများ တည်ဆောက်ရေးနှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များအတွက် အရည်အသွေးမြှင့်တင်ရေးသင်တန်း ပို့ချရေးကို ဒေါ်နန်းအက်စ် စကီးမိုး ၂ဝ၁၁ ခုနှစ်က မေးမြန်းရာတွင် ယခုနှစ်၌ ဘတ်ဂျက်ရရှိခဲ့ပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု သိရသည်။
”ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အပြင် လူငယ်တစ် ယောက်ဖြစ်တာကြောင့် ရှမ်းလူမျိုးရဲ့ ဓလေ့အရ တချို့အစည်းအဝေးတွေမှာ နေရာမပေးချင်ဘူး။ ကျွန်မကို ကလေးမလေးလို့ သတ်မှတ်ပြီး အသိအမှတ် မပြုတာကြောင့် လုပ်ငန်းတွေဆောင်ရွက်ရာမှာ အရမ်းကိုခက်ခဲတာပဲ။ ကျွန်မစကား အရေးမယူ။ အလေးမထားတာတွေ အများကြီးကြုံရတယ်” ဟု ကြုံတွေ့ရသည့် အခက်အခဲများကို ဒေါ်နန်းအက်စ်စကီးမိုးက ပြော သည်။
ရှမ်းလူမျိုးအချင်းချင်း ခေါင်းပုံဖြတ်မှုများနှင့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အဓမ္မခိုင်းစေမှုများ အများအပြားဖြစ်ပွားမှုကြောင့် ငြိမ်းချမ်း ရေး အပြည့်အဝရခဲ့လျှင် လူ့အခွင့်အရေး ပညာပေးသင်တန်းများသာမက အမျိုးသမီးများ ဘဝလုံခြုံရေး၊ မိမိကိုယ်ကို ကာကွယ်နိုင်ရေးအတွက် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (စီဒေါ UNCEDAW )အပြင် အမျိုးသမီး များအား ကာကွယ်သည့် ဥပဒေများနှင့် UN 1325 တို့နှင့်စပ်လျဉ်းသည့် အသိပညာပေးသင်တန်းများ အများအပြားပို့ချလိုသည်ဟု ဆိုသည်။
”လဲချားမဲဆန္ဒနယ်ကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထား တုန်းပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းအများကြီးပဲ။ ဗမာ့ တပ်မတော်အပြင် ပြည်သူ့တပ်လို့ခံယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေရယ်၊ အစိုးရနဲ့ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရယ်ဆိုပြီး အဖွဲ့တွေ အများကြီးရှိတာကြောင့် အဖွဲ့တစ်ဖွဲ့ကလာလိုက် ရွာထဲကို မေး လိုက် မြန်းလိုက်၊ နောက်တစ်ဖွဲ့က နောက်တစ်ကြိမ်မေးမြန်းပြန်တာကြောင့် ပြည်သူတွေက စစ်သံကို အခုချိန်ထိ ကြောက်နေတုန်းပဲ။ နိုင်ငံကို စွန့်ခွာ ပြီး ထိုင်းနိုင်ငံကို ထွက်ပြေးကြတုန်းပဲ။ အခုထက်ထိ စစ်သားစုဆောင်းရေး ကလည်း ရှိနေတုန်းပဲ။ ကျွန်မရဲ့ဒေသမှာ အခုချိန်ထိ မငြိမ်းချမ်းသေးဘူး။ ငြိမ်းချမ်းရေး မရသရွေ့ ပြည်နယ်ဖွံ့ဖြိုးကို ဘယ်လိုမှ မလုပ်နိုင်ဘူး”ဟု ဒေါ်နန်းအက်စ်စကီမိုးက လဲချားမဲဆန္ဒနယ်သည် ယခုအချိန်အထိ မငြိမ်းချမ်း သေးဘဲ ပြည်သူများ၏ ဘဝသည်လည်း မလုံခြုံသေးဟု ပြောသည်။
”မူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက် မှု ကျူးလွန်တာတွေလည်း ရှိပါ တယ်။ ကျွန်မတို့ဆီမှာ အိမ်တွင်း အကြမ်းဖက်မှုအတွက် ရည်ရွယ်ပြီး ဥပဒေထုတ် ထားတာမရှိတာက ဆိုးတာပေါ့နော်။ ကျွန်မတို့ ယဉ်ကျေးမှုနဲ့ ဆိုင်မလား။ ချတုန်း၊ သတ်ပုတ်ကြတုန်းကတော့ တိုင်မယ်၊ တောမယ်ပေါ့။ နောက် တစ်ရက်ကျရင် ကျွန်မရဲ့ယောကျာ်းက မူးနေတုန်းမို့လို့ပါ။ အမှုကို ပြန်ပိတ် ပေးပါဆိုပြီးတော့ ဒီလိုပုံစံနဲ့ ပြီးသွားတာများတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဆီမှာက ဒီလိုလုပ်လို့ ရပါတယ်။ တိုင်လို့ရ ပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ခွင့်ရှိတယ်ဆိုတာကို မသိတာကြောင့်လို့ ကျွန်မ ထင်တယ်”ဟု အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့ရ သော်လည်း အမှုဖွင့်၍ အရေးယူဆောင်ရွက်ရေး ကြိုးပမ်းမှုမရှိဟု ဒေါ်နန်းအက်စ်စကီးမိုးက ပြောသည်။
ရှမ်းပြည်နယ်လွှတ်တော်သည် မဲဆန္ဒနယ်တစ်ခုချင်းစီအတွက် ကျပ် သိန်းတစ်ထောင်စီဘတ်ဂျက်ရရှိထားကာ အဆိုပါ ဘတ်ဂျက်အတွက် ဆောင်ရွက်နေပြီး နိုင်ငံတော်အစိုးရက သန်းခေါင်စာရင်းမကောက်မီ ရှမ်းပြည်နယ်လွှတ်တော်ကကြိုတင်၍ ရှမ်းပြည်နယ်တွင် နေထိုင်သူလူဦးရေ စာရင်းသီးသန့်ကောက်ခံလျက်ရှိသည်။ ရှမ်းပြည်နယ်လွှတ်တော် နောက်ဆုံး အကြိမ်၊ အဋ္ဌမပုံမှန်အစည်း အဝေးကို ၂ဝ၁၃၊ ဒီဇင်ဘာ ၃ဝ၊ ၃၁ ရက်တွင် ကျင်းပခဲ့သည်။
ဝ၅၅

Leave a Reply

Your email address will not be published.