ကိုယ်ဝန်ဆောင်ပြီး လေယာဉ်စီးခရီးသွားကြမည်ဆိုလျှင်

ကျွန်တော်တောသားတစ်ယောက် ၂ဝ၁၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ မွေးရပ် မြေကိုစွန့်ခွာပြီး ချစ်သောမဟေသီ(မဂ္ဂဇင်းအမည်မဟုတ်ပါ)ရဲ့ ဇာတိမြို့လေးကို ခရီးထွက်ခဲ့ရပါတယ်။ ဟန်နီးမွန်းမဟုတ်တာတော့ အသေအချာပေါ့။ မဟေသီက သူနဲ့ကျွန်တော်စုထားတဲ့ စုဘူးလေးကို သူ့ဇာတိမြို့မှာ သွားဖွင့်ချင်တယ်ဆိုလို့ ဆံထုံးနောက်သျှောင်ပါ လိုက်သွားရတယ်ဆိုပါတော့။ ကျွန်တော်နေတာက ရွာ။သူနေတာကမြို့ဆိုတော့ သူနဲ့ကျွန်တော်ရဲ့ စုဘူးလေးအတွက် ကျန်းမာရေး အစောင့် အရှောက်တွေ ဝန်ဆောင်မှုတွေက ပိုကောင်းဆိုလို့ပါ။ သိကြတဲ့အတိုင်း အမေ ပြောတော့ တစ်လ၊ မယားပြောတော့ တစ်ညဆိုသလို သကောင့်သား ကျွန်တော် ဟာလည်း ချစ်မယားပြောတဲ့အတိုင်း လိုက်လုပ်ပေးရတာပေါ့။ ကြောက်လို့ မဟုတ်တာတော့အမှန်ပါ။ ချစ်လို့ဆိုတာတော့ ပြောစရာလိုမည်မထင်။ စုဘူး ဆိုတာက ကျွန်တော့်ချစ်မဟေသီမှာ ကိုယ်ဝန်ရှိနေတာပါ။ မီးဖွားချိန်နီးလာလို့ မိဘတွေရှိရာမြို့ကို သွားပြီး မီးဖွားမယ်ဆိုလို့ ကျွန်တော်လည်းလိုက်ပါသွားရ တယ်။ ကျွန်တော်နေထိုင်ရာရွာကနေ မန္တလေးမြို့ကြီးဆီ ရကောက်ရထားကြီး ပျော်ပျော်စီးပြီး ခရီးထွက်ခဲ့တယ် ဆိုပါတော့။ ရထားပေါ်မှာ အတွေ့အကြုံတွေ တော့ မရေးပြတော့ပါဘူး။ ဆင်လို မယိမ်း၊ မြင်းလို မခုန်၊ လိပ်လို မနှေးစေ ရဆိုတဲ့ စကားလေးကိုတော့ သတိရမိသား။ ကျွန်တော်တို့ရဲ့ ခရီးစဉ်က မန္တလေး မြို့ကနေမှတစ်ဆင့် မော်တော်ကားနဲ့ ပြန်ပြီးခရီးဆက်ရမှာပါ။ မော်တော်ကားနဲ့ ဆိုပေမယ့် သက်သောင့်သက်သာ ခရီးတော့ မဟုတ်ဘူးရယ်။ ရိုးရိုးမှန်လုံကား ကြီးတွေနဲ့ဆိုရင် မန္တလေးက ညပိုင်းထွက် ဟိုကိုနောက်တစ်နေ့ နံနက်ပိုင်းမှာ ရောက်၊ လမ်းမှာ ကားကတစ်ခုခုမဖြစ်ဘူးဆိုရင်ပေါ့လေ။ နံနက်ပိုင်းမှာ ထွက်တဲ့ ကားသေးတွေကတော့ မနက်ပိုင်းထွက် ညပိုင်းရောက်ပေါ့။ လမ်းကကြမ်း ဖုန် တွေက တလုံးလုံးနဲ့လေ။ သူမရဲ့ ဇာတိမြို့က ယောသူ/ယောသားတွေနဲ့ ချင်းတိုင်း ရင်းသားတွေ နေထိုင်တဲ့ ခရိုင်မြို့လေးလေ။ မန္တလေးရောက်တော့ မီးရထားစီး လာခဲ့ရတဲ့ ကျွန်တော့်မဟေသီဟာ ခြေတွေလက်တွေ ယောင်လာတယ်။ ဒါကြောင့် မော်တော်ကားနဲ့ ခရီးဆက်ဖို့ မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ပြီး ဒီအသက် ဒီအရွယ်ထိ မစီးဘူးတဲ့ လေယာဉ်ပျံကြီးနဲ့ သွားမယ်ဆိုပြီး၊ မန္တလေးလမ်း ၃ဝ ပေါ်ကကား၊ လေယာဉ်လက်မှတ်အရောင်းဌာနဆိုပြီး ဆိုင်းဘုတ်ကြီးတင်ထားတဲ့နေရာလေးမှာ လေယာဉ်လက်မှတ်သွားဝယ်ပါတယ်။ သိတော်မူကြတဲ့အတိုင်း လေယာဉ် လက်မှတ်ဝယ်တယ်ဆိုတာ မှတ်ပုံတင်လိုတာပေါ့နော်။ ခရီးသွားမယ့်သူကိုယ်တိုင် မှတ်ပုံတင်လေးကိုင်ပြီး လေယာဉ်လက်မှတ်သွားဝယ်တာပါ။ အရောင်းစာရေးမ လေးကလည်း ဖော်ဖော်ရွေရွေနဲ့ လေယာဉ်လက်မှတ်ရောင်းပေးခဲ့ပါတယ်။ ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ဒီမှာမှစတာပါ။ လေယာဉ်လက်မှတ်ရပြီး လေယာဉ်စီးမဲ့နေ့မှာ လက်မှတ်အရောင်းဌာနက စီစဉ်ပေးတဲ့ကားနဲ့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကျွန်တော်တို့ဇနီး မောင်နှံရောက်ရှိသွားပါတော့ တယ်။ ကျွန်တော်တို့စီးမဲ့လေယာဉ်က မြန်မာ့လေကြောင်းက လေယာဉ်မဟုတ် ပါဘူး။ Air KBZ ပါ။ လေဆိပ်ရောက်တော့ ပစ္စည်းတွေကို ဝန်ထမ်းတစ်ဦးက သယ်သွားပြီး လေယာဉ်လက်မှတ်စိစစ်တဲ့နေရာလား ဘာလားမသိပါဘူး။ ဝန်ထမ်းမလေးတွေရှိတဲ့နေရာကို ရောက်သွားတယ်ပေါ့။ လေယာဉ်လက်မှတ်ပြ ပြီးတော့ ဝန်ထမ်းမလေးက ”အစ်မကိုယ်ဝန်က ဘယ်နှစ်လရှိပြီလဲ”လို့ မေးပါ တယ်။ ကျွန်တော့်မဟေသီက ရှစ်လပါလို့ ပြန်ဖြေလိုက်တော့ ”ဒါဆို လေယာဉ်စီး လို့မရပါဘူးရှင်၊ ဆရာဝန်ရဲ့ ထောက်ခံချက်ပါမှ လေယာဉ်စီးခွင့်ပြုပါတယ်”လို့ ပြန်ဖြေတော့။ ကျွန်တော်တို့နှစ်ယောက် ဘာပြန်ပြောရမှန်းမသိတော့ပါဘူး။ ဒီလို နဲ့ ကျွန်တော်တို့လင်မယားနှစ်ယောက် လေယာဉ်ရုံးခန်းထဲ ရောက်သွားရတာပေါ့။ လေယာဉ်ရုံးခန်းက ဝန်ထမ်းတွေကလည်း အပြင်ကဝန်ထမ်းလေးပြောသလိုပဲ ပြောပါတယ်။ ပြီးတော့ လေယာဉ်စီးနင်းလိုက်ပါနိုင်ကြောင်း ကျန်းမာရေး ထောက်ခံချက်ကို ဆေးရုံ၊ ဒါမှမဟုတ် ဆေးခန်းတစ်ခုခုကနေဖက်စ် (Fax) နဲ့ ပို့ခိုင်းပါလားတဲ့။ လွယ်လိုက်တာပါလား။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးစနစ်တွေ ဒီလောက်လွယ်ကူမြန်ဆန်ချောမွေ့နေမှန်း ကျွန်တော် တောသားမသိရိုးအမှန်ပါ။ ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ကျွန်တော် အားကိုးရာကောက်ရိုးတစ်မျှင်ဖြစ်တဲ့ မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှာ တာဝန်ကျနေတဲ့အစ်မဆီဖုန်းဆက်ပြီး အကျိုး အကြောင်းပြောတော့ သူတို့ဆေးရုံမှာ ဖက်စ်စက်မရှိသလို ထောက်ခံချက်ကလည်း မလွယ်ကူကြောင်းပြောလေတော့ ကျွန်တော်ပျာယာခတ်သွားတာပေါ့။ ဒါပေမဲ့ စိတ်ကိုအေးအေးထားပြီး ပြန်စဉ်းစားတော့ဒါဟာ ကျွန်တော်တို့ အမှားမဟုတ် ဘူးဆိုတာ သိလာတယ်။ ဒီတော့ ကျွန်တော်လည်း ရုံးခန်းထဲက ဝန်ထမ်းတွေ ကို ”လေယာဉ်စီးဖို့ လက်မှတ်သွားဝယ်တာ ကျွန်တော့်အမျိုးသမီးကိုယ်တိုင်ပါ။ သူ့မှတ်ပုံတင်နဲ့ ကျွန်တော့်မှတ်ပုံတင်ပြပြီး ဝယ်ရတာပါ။ လက်မှတ်ဝယ်တုန်းက အစ်မကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲလို့ ဘာလို့မမေးတာလဲ။ မေးပြီး ကျန်းမာရေး ထောက်ခံချက်လိုတဲ့အကြောင်း ဘာလို့အသိမပေးတာလဲ။ သိပြီးသားလို့ ထင် လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကြိုပြောသင့်တာပေါ့။ ဒါဆို ကျွန်တော်တို့ ဘက်က လိုအပ်တာမှန်သမျှ အကုန်လုပ်လာမှာပေါ့။ အခုတော့ လေယာဉ် တက်ခါနီးမှ ဒါမျိုးပြောတာ ဘယ်နည်းလမ်းကျပါ့မလဲလို့ ပြောတော့ ဝန်ထမ်းတွေ ထဲက အကြီးဖြစ်သူက သူအဆင်ပြေအောင် လုပ်ပေးပါမယ့်လို့ လေသံပြောင်းသွား ပါတယ်။ ကျွန်တော်ရှေ့မှ ရေးခဲ့သလိုပဲ ကျွန်တော်ဟာ တောသားပါ။ အသက်သုံး ဆယ်ကျော်လာချိန်ထိ လေယာဉ်ပျံဆိုတာကြီးကို မစီးခဲ့ဖူးပါဘူး။ လေယာဉ်ပျံစီးသူ တွေအတွက် ချမှတ်ထားတဲ့စည်းကမ်း တွေကိုလည်း မသိပါဘူး။ ဒီတော့ သိတော်မူကြတဲ့ ဝန်ထမ်းတွေက ရှင်းပြ သင့်တာပေါ့။ လက်မှတ်ဝယ်တဲ့အချိန် မှာ ဘယ်လိုအချက်၊ ဘယ်လိုစည်း ကမ်းတွေရှိတယ်ဆိုတာ ပြောသင့်တာ ပေါ့နော်။ လေယာဉ်လာစီးတဲ့ လူတိုင်း အမြဲစီးနေကျ သွားနေကျလူတွေမှာ မဟုတ်တာ။ ဒီလိုနဲ့ ကျွန်တော်တို့ ဇနီး မောင်နှံဟာ မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်ကြီးက ဆေးခန်းလေးဆီ ရောက်သွားရပါတယ်။ လေဆိပ် ဆရာဝန်က ကိုယ်ဝန်ဘယ်နှစ်လရှိပြီ လဲ။ ဘယ်ကိုသွားမှာလဲ။ အစရှိတဲ့ မေးခွန်းတွေမေးပြီး”ရပါတယ်။ စီး သွားပါ။ စိုးရိမ်စရာ မရှိပါဘူး”ဆိုပြီး ဝန်ထမ်းရှေ့မှာ ပြောလိုက်မှ လေယာဉ် ရုံးခန်းကို ပြန်လာပြီး အကြောင်းပြန်။ ဒါကိုပဲ ကိုရွှေဝန်ထမ်းတွေက လေ ယာဉ်ပေါ်တွင် တစ်စုံတရာဖြစ်ခဲ့ပါက မည်သူ့တစ်ဦးတစ်ယောက်တွင်မှ တာဝန်မရှိစေရဘဲ မိမိ၏တာဝန်သာ ဖြစ်ပါကြောင်းဆိုပြီး သြော်… ဖြစ် ရလေခြင်း ငါ့နှယ့် လေယာဉ်စီးမယ် ဆိုလည်း စည်းကမ်းနည်းလမ်းတွေကို သေချာမလေ့လာခဲ့မိတာ မှားတာပဲလို့ တွေးရမလား။ ကျေးဇူးကြီးမားတော်မူ တဲ့ ဝန်ထမ်းတွေကြောင့်သာ လက် မှတ်ခမရှုံးတယ်လို့ တွေးရမလား။ စသဖြင့် စသဖြင့်ပေါ့။ ဒါတောင်မှ လေယာဉ်တက်ခါနီးမှာ ဝန်ထမ်းတစ်ဦး က အနားနားကပ်ပြီး ”အစ်မရေ လေ ယာဉ်ပေါ်ကဝန်ထမ်းတွေက လေယာဉ် လက်မှတ် စဝယ်ကတည်းက ကြိုပြော ထားရင် ကျွန်တော်တို့အလုပ်ရှုပ် စိတ် ရှုပ်ရမှာ မဟုတ်ပါဘူး။ လက်မှတ် အရောင်းဌာနက လုပ်ချလိုက်တဲ့လက် မှတ်ရောင်းရရင်ပြီးရော ကျန်တာသူ တို့နဲ့မဆိုင်ဆိုတဲ့အချိုးကြောင့် ဒီလို အခက်အခဲတွေ ဖြစ်ရတာပါ။ ခရီးသွား တဲ့လူတွေ အဆင်ပြေစေရေးအတွက် ရှေးမရှုဘဲ မိမိတို့လက်မှတ်ရောင်းချရ ရေးကိုသာ ဦးတည်လိုက်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ ရတာပါ”။
ပွင့်လင်းလာနေတဲ့ ယနေ့ခေတ် ကြီးထဲမှာ ဝန်ဆောင်မှုတွေကို ကောင်း သထက်ကောင်းအောင် လုပ်ဆောင်နေ ကြချိန်မှာ အကယ်၍များ ကျွန်တော် တို့နောက်တစ်ကြိမ် လေယာဉ်စီးရမယ် ဆိုရင် ဒီလေကြောင်းလိုင်းကို ရွေး ချယ်တော့မှာ မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲ။ ဒါပေမဲ့ သည်းခံ တတ်တဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ အကျင့်စရိုက်အတိုင်း သြော်… ငါကို က အ,လွန်းလို့ဖြစ်ရတာပါဆိုပြီး ဖြေ တွေးလေး တွေးမိပါတယ်။ ဒါကြောင့် အဆုံးသတ်အနေနဲ့ ကျွန်တော်ပြောချင် တာကတော့ လေယာဉ်ပျံကြီးစီးပြီး ခရီးသွားကြမည့် ကိုယ်ဝန်ဆောင်အမျိုး သမီးများ ကိုယ်ဝန်ရှစ်လဆိုလျှင် ကျန်းမာရေးထောက်ခံချက်လေး ယူ သွားကြပါ။ လေယာဉ်လက်မှတ်ဝယ် ပြီဆိုလျှင် မိမိတို့ဘက်က ဘာတွေ ဆောင်ရွက်လုပ်ကိုင်စရာများ ရှိနေပါ မလဲဆိုတာတွေကို မေးမြန်းပါဟု အကြံ ပြုချင်ပါတယ်။ ဒါမှသာ ကျွန်တော် တို့ဇနီးမောင်နှံကြုံတွေ့သလို အဖြစ်မျိုး မကြုံတွေ့ရမှာ ဖြစ်ပါကြောင်း အသိ ပေးရေးသားလိုက်ရကြောင်းပါ ခင်ဗျာ။
ထွန်းဝင်းလတ်

Leave a Reply

Your email address will not be published.