စားဝတ်နေရေးအတွက် ကြိုးပမ်းနေရသည့်အပြင် စေ့ဆော်မှုစွမ်းအားကျဆင်းခြင်းကြောင့် စာရေးဆရာမဦးရေနည်းပါး

အမျိုးသမီးများသည် အိမ်ထောင်မှုတာဝန်များ ထမ်းဆောင် နေရသည့်အပြင် စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှဝင်ငွေရရန် ကြိုးပမ်းနေရသောကြောင့် ခြေကုန်လက်ပန်းကျကာ စေ့ဆော်မှုစွမ်းအားများကို ကျဆင်းသွားခြင်းကြောင့် စာရေးဆရာမဦးရေနည်းပါးရခြင်းဖြစ်သည်ဟု စာရေးဆရာမ မိချမ်းဝေက ပဲ့တင် သံဂျာနယ်ကို ပြောကြားသည်။
”အမျိုးသားနဲ့အမျိုးသမီးမှာ အမျိုးသမီးက အိမ်ထောင့်တာဝန်အပြင် သား သမီးမွေးဖွားတဲ့ကိစ္စကိုပါ ပူးတွဲဆောင်ရွက်ကြရတယ်။ တချို့ဆို အိမ်ရဲ့လိုအပ် ချက်အရ အမျိုးသမီးက ရှေ့တန်းထွက် ငွေရှာနေရပါသေးတယ်။ ဒီလိုအနေ အထားမှာ မိမိရဲ့ဝါသနာပါရာ စာပေရေးသားခြင်းအလုပ်ကို ဆက်လက်မသယ် ဆောင်နိုင်ဘဲ ခြေကုန်လက်ပန်းကျသွားပြီး စာရေးဆရာမ ဖြစ်မလာတော့တာ။ နောက်ပြီး ဒါဟာ စေ့ဆော်မှုစွမ်းအားကျဆင်းသွားလို့ ဖြစ်တာလို့ထင်တယ်။ လူတစ်ယောက်မှာ စေ့ဆော်မှုစွမ်းအားက သိပ်အရေးကြီးတယ်။ ဇွဲကို ရှေ့ဆောင် တာ စိတ်ပဲ မဟုတ်လား။ စာရေးသားခြင်း အလုပ်က ပါရမီနဲ့လည်း ဆိုင်ပါတယ်။ ပါရမီဆိုတာကလည်း ဖြည့်ဆည်းခြင်းပါ။ အကြိမ်ကြိမ်ဖြည့်ဆည်းလေ့ကျင့်မယ် ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး”ဟု စာရေးဆရာမ နည်းပါးနေမှုအပေါ် သုံးသပ် ခဲ့သည်။
စာရေးဆရာမမိချမ်းဝေသည် PEN Myanmar အဖွဲ့၏ရည်ရွယ်ချက်ဖြစ်သော သစ်လွင်သော စာပေယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းရေး၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့် ကာကွယ်ရေးနှင့်မြှင့်တင်ရေး၊ ကျောင်းပညာရေးနှင့်ရသစာပေကို ပေါင်းကူးစပ်ရေးနှင့်မြှင့်တင်ရေးတို့ကို သဘောကျနှစ်ခြိုက်သည့်အတွက် အဆိုပါ အဖွဲ့တွင် ပါဝင်လှုပ်ရှားနေပြီး ဘူတာကြီး ခုံးတံတားအောက်ရှိ ူကခုပ ငူ်္သတနမ လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်သောနှစ်ပတ်တစ်ကြိမ် ဝတ္ထုတို-အက်ဆေး စာဖတ် ဝိုင်းတွင် ဆရာရဲသျှမ်း၊ ဆရာမ နှင်းဝေငြိမ်း၊ ဆရာမမြသွေးနီတို့နဲ့အတူ ပါဝင်လှုပ် ရှားနေလျက်ရှိသည်။
”လူတွေ စာမဖတ်ကြတော့ဘူး။ စာဖတ်ဖို့ အချိန်မပေးနိုင်တော့ဘူး။ ရသ စာပေကို ခံစားမှုယုတ်လျော့လာတဲ့အနေအထားမှာ အခြေခံလူတန်းစား၊ လက် လုပ်လက်စား၊ လမ်းသွားလမ်းလာ၊ ဈေးဝယ်ဈေးသည်တွေရဲ့နားထဲအထိ ရသစာ ပေကို လိုက်ထည့်ပေးနေတဲ့သဘောပါ။ ဒီနည်းနဲ့ လူတွေစာဖတ်ဖို့ စိတ်ဆန္ဒကို တစ်နည်းတစ်ဖုံ နှိုးဆွပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု စာဖတ်ဝိုင်း ပြုလုပ်ရ ခြင်းရည်ရွယ်ချက်ကို ရှင်းပြသည်။
အမျိုးသမီးဇာတ်ဆောင်များကို စာနာစိတ်ဖြင့် ချဉ်းကပ်၍ အမျိုးသမီးများ အနှိမ်ခံ၊ ခွဲခြားခံ၊ နိုင်ထက်စီးနင်းပြုခံနေရသည်ဆိုသော စိတ်အခံ ခံစားချက် ကြောင့် အမျိုးသမီးဇာတ်ဆောင်များကို ရွေးချယ်တင်ပြရေးသားဖြစ်သည်ဟု ဆိုသည်။ မေ့ဆေးဝတ္ထုကဲ့သို့ အမျိုးသမီးများ၏အားမာန်ကို သရုပ်ဖော်သည့်ဝတ္ထု များလည်း တစ်ခါတစ်ရံ ရေးသားဖြစ်သည်ဟုပြောသည်။ အဆိုပါ ဝတ္ထုသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပဂဲ(ခေါ်) ကျောက်ပုစွန် မွေးမြူတင်ပို့ ရောင်းချခြင်းလုပ်ငန်း စည်ပင်ချိန်တွင် အမျိုးသမီးအများအပြား စီးပွားရေး လောကထဲဝင်လာကြရာ အဆိုပါလုပ်ငန်းခွင်သို့ တစ်နေ့တာ သွားရောက်လည် ပတ်မိရာက ရေးဖွဲ့ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဝတ္ထုကို ဂျပန်နိုင်ငံတိုယိုတာ ဖောင်ဒေးရှင်းက ဂျပန်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။
”အမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ အမေဘဝ၊ သမီးဘဝ၊ နှမဘဝ၊ ချစ်သူ ဘဝ၊ ဇနီးမယားဘဝဆိုပြီး ကွဲပြားသွားလေတော့ အဲဒီကိုယ်စားပြုမှုအပေါ်မှာ ခံစားချက်တွေလည်း ကွဲပြားသွားရတာပါ။ အမေတစ်ယောက်ရဲ့ခံစားချက်ဟာ သမီးခံစားချက်၊ ဇနီးခံစားချက်နဲ့ ဘယ်လိုမှမတူနိုင်ပါဘူး။ ဒီတော့ ဝတ္ထုတစ်ပုဒ်မှာ အမေရှုထောင့်က ချဉ်းကပ်မလား၊ ဇနီးမယားရှုထောင့်က ချဉ်းကပ်မလား။ စာရေး သူက ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီး ရေးသားရမှာပါ။ တစ်ခုတော့ရှိပါတယ်။ ခံစား ချက်လို့ဆိုထားတဲ့အတွက် ကန့်သတ်မှု’ဘောင်’တော့ လိုအပ်ပါတယ်။ စိတ်အလျင် ရေးနည်းဆိုပြီး စိတ်ဆင်ရိုင်း မွှေနှောက်သလောက် ခံစားမှုနောက် တကောက် ကောက် လိုက်ရေးတာမျိုးကိုတော့ အားမပေးပါဘူး။ အမျိုးသမီးတို့ အလေးဂရုပြု အပ်တဲ့ အရှက်အကြောက်တရားထိန်းကွပ်မှုအောက်မှာ ရှိနေဖို့လိုအပ်ပါတယ်”ဟု အမျိုးသမီးဇာတ်ဆောင်များ၏ခံစားချက်တင်ပြရာတွင် လိုက်နာသင့်သည်များကို မိချမ်းဝေက ပြောသည်။
ဆရာမ၏ စာပေဖြတ်သန်းမှုဘဝမှာ ကိုးတန်းကျောင်းသူအရွယ်တွင် အိုးဝေ ဂျာနယ်၌ ”ကျော်ဟိန်း အလိုရှိသည်” ဆောင်းပါးဖြင့် စာပေနယ်ထဲ စတင်ဝင် ရောက်ခဲ့ပြီး တိုင်းရင်းမေတွင် ကဗျာများ ရေးသားခဲ့သည်။ ၁၉၈၄ မြိတ်မဂ္ဂဇင်း တွင် ဝတ္ထုတို စရေးသည်။ ထိုအချိန်မှစ၍ စာကိုအဆက်မပြတ်ရေးသားခဲ့ပြီး ၁၉၉၆ နောက်ပိုင်းကျောင်းဆရာမအလုပ်ကထွက်၍ စာကိုတစိုက်မတ်မတ် ရေးသားခဲ့ကာ ၂ဝဝဝ ပြည့်နှစ်တွင် ”ကမာရင်ကွဲနှင့်အခြားပင်လယ်ဝတ္ထုတို များ”စာအုပ်နှင့် အမျိုးသားစာပေဆုရရှိခဲ့သည်။ လုံးချင်းဝတ္ထု၊ ဝတ္ထုတိုပေါင်းချုပ်၊ ခရီးသွားဆောင်းပါးအပါအဝင် စာအုပ် ၂ အုပ် ထုတ်ဝေပြီးဖြစ်သည်။
”မြိတ် အရှေ့မြို့နယ်၊ အနောက်မြို့နယ်ရောက်တော့ ဆလုံလူမျိုးတွေကို တွေ့တဲ့အခါ ဒါတွေဟာ စာတစ်စောင်ပေတစ်ဖွဲ့ ရေးချင်စရာ အကြောင်းအရာ ရယ်လို့သိပေမယ့် မရေးဝံ့ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆလုံတွေရဲ့သမိုင်းအရွေ့ ကို ကြောက်လို့ပါ။ သူတို့ဘယ်က လာကြတယ်။ ဘယ်လိုနေထိုင်စားသောက် ကြတယ်။ ပင်လယ်ထဲ လှည့်လည်သွားလာပြီး သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ် နေထိုင်တယ်။ အလိုရမ္မက်နည်းတယ်။ ပင်လယ်ကြီးရှိရင် ဘဝဝမ်းစာမပူပင်ရ၊ နေ့ဖို့ညစာမထား။ အရိုင်းဆန်ပေမယ့် သန့်စင်တဲ့ကိုယ်ကျင့်တရားတွေနဲ့ တည် ဆောက်ထားတဲ့ ဒီလူမျိုးတွေဆီ ထဲထဲဝင်ဝင် မရောက်သေးဘဲနဲ့ မရေးဝံ့ခဲ့ဘူး။ ဆလုံကိုမြင်ပြီး ၁၇ နှစ်ကြာမှ ”အနားသတ်မျဉ်းများရဲ့ပဲ့တင်သံ”မဂ္ဂဇင်းဝတ္ထု ရှည်ကို ကလျာမဂ္ဂဇင်းမှာ စရေးဖြစ်တာပါ။ နောက်ထပ် ဆလုံဓလေ့ထုံးတမ်းပါ ဝတ္ထုရှည်ကြီးတွေကို သူတို့ဆီ အခေါက်ခေါက်သွား၊ သူတို့နဲ့အကြိမ်ကြိမ် တွေ့ ဆုံပြီးမှ ရေးဖြစ်တာပါ။ အခုဆလုံတွေ ယဉ်ကျေးကုန်ပြီ။ ပညာတတ်၊ ဘွဲ့ရတွေ ပေါ်ထွွန်းလာပြီ။ ဒီအချိန်မှာ ဆလုံတွေကို ဒေသခံ၊ မြန်မာ၊ ကရင်၊ မွန်တို့က ဘာတွေကူညီကြမလဲ။ ဘာတွေကမ်းပေးကြမလဲ။ ဆလုံတွေကရော ဘာတွေ ကမ်းယူကြမလဲ။ ဒီကိစ္စကို ဆရာမ ”ကမ်းလှည့်ဆွတ်မီ”ဝတ္ထုလုံးချင်းထဲမှာ ချပြထားပါတယ်။ ကမ်းလှည့်ဆွတ်မီ- အမီသာကမ်းလှည့်ပါတော့လို့ အဓိပ္ပာယ် ရပါတယ်။ ဆလုံစကား မဟုတ်ပါဘူး။ မြန်မာစကား။ ကဗျာစကားပါ။ စာရေး ဆရာက လောကကို အလှဆင်သူမို့ ဆလုံတွေရဲ့ အနာဂတ်အတွက် ခြေတစ်လှမ်း ဦးပြလိုက်တာပါ။ ဒါပေမဲ့ ဆရာမ ဦးပြလိုက်တဲ့ ခြေလှမ်းဟာ အ နေဆဲပါ”ဟု ကျောင်းဆရာမ ဘဝအတွေ့အကြုံနှင့် ဆလုံဒေသလို နေရာမျိုးသွားရောက်၍ ဘဝသရုပ်ဖော်ရေးသားခြင်းကို မိချမ်းဝေက ပြောသည်။ ”ပန်းများချစ်တဲ့ ကန္တာရ နှင်း”ဝတ္ထုတွင် ဆရာမဖြစ်ချင် ဖြစ်စေချင်သည့် ကလေးပညာရေးလောကကို တည်ဆောက်ပြထားကာ မိဘ၊ ဆရာ၊ ကျောင်းသား တြိဂံဆက်ဆံရေး အချိုး ညီစေဖို့ ညှိပြထားပြီး တြိဂံဆက်ဆံရေးအချိုးညီမှ ကလေးများတိုးတက်မည်ဟု ဆိုသည်။ ဆရာနှင့်ကျောင်းသား မိဘများကြားမှာ ဖြစ်လေ့ဖြစ်ထရှိ သည့် ပဋိပက္ခ၊ တစ်ဖက်ကလည်း ချစ်ခြင်းတရားများကို ချိန်ခွင်လျှာထိန်းညှိထားသည်ဟု ပြော သည်။
”ဆရာမတို့ တိုင်းပြည်ဟာ အရွေ့တစ်ခုစီ သွားနေပြီ။ ကောင်း သော အရွေ့ဖြစ်ဖို့ပဲ လိုတာပါ။ ဒီတော့ ရသစာပေဖွံ့ဖြိုးတိုးတက်ဖို့ မီဒီယာအား ကို ယူရပါတယ်။ တီဗွီက ဆရာမတို့ရဲ့ စာပေစကားဝိုင်းတွေ ဟောပြောချက် တွေ ထုတ်လွှင့်ပေးတဲ့အစီအစဉ်ဟာ အလွန်ထိရောက်ပါတယ်။ စာမဖတ်သူ တွေ စာဖတ်ဖို့ ပြန်လည်နိုးကြားလာ နိုင်တယ်။ စာဖတ်ကျဲနေသူတွေ စာကို အားစိုက်ဖတ်ဖို့ တွန်းအားတစ်ခု ဖြစ်နိုင် တယ်။ Readers Channel လိုအစီအစဉ် မျိုးကြည့်ပြီး ဆရာမဆီ ဖုန်းဆက်။ စာအုပ်ဘယ်မှာဝယ်ရမလဲ စုံစမ်းတာ မျိုး၊ ဒီလိုဆလုံဝတ္ထုကြီးမျိုး ဆက်ရေး ပါဦးလို့ တိုက်တွန်းတာမျိုးတွေ ရှိလာ ပါတယ်။ ခက်တာက စာအုပ်က ဘယ် မှာမှ မရှိတော့ဘူး။ ပြန်ထုတ်ဖို့လည်း ထုတ်ဝေသူက စိတ်မဝင်စားဘူး။ ကိုယ်ကိုယ်တိုင်လည်း ငွေအားမနိုင် ဘူး။ အနည်းဆုံး ဆလုံဝတ္ထုအသစ်ရေး ချင်ရင် ဆရာမ ပင်လယ်ပြန်ဆင်းရ မယ်။ ရန်ကုန်ကနေ ဒလဘက်ကမ်းကို ကူးကြည့်ပါဦး ငွေမပါဘဲ ဖြစ်မလား လို့ အဲဒီလိုအခက်အခဲတွေ ရှိတယ်။ စာရေးဆရာဟာ သူ့စာအုပ်ကိုမှ တွင် တွင်မထုတ်နိုင်ဘူးဆိုရင် ဘယ်မှာ တာဝန်ကျေသူ ဖြစ်နိုင်ပါတော့မလဲ။ ငွေမရှိလို့ စာအုပ်အသစ်မထုတ်နိုင်လည်း စာကတော့ ရေးနေရဦးမှာပဲ။ မိမိရွေးချယ်ခဲ့တဲ့လမ်းကြောင်းပေါ်မှာ နောက်ဆုံး ထွက်သက်အထိ ကိုယ့်ကလောင်ကို မြဲမြဲကိုင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟူ၍ ထုတ်ဝေသူမရှိသော်လည်း စာဆက်လက်ရေးသားဦးမည်ဟု ဆရာမ မိချမ်းဝေက ပြောသည်။
ဝ၅၅

Leave a Reply

Your email address will not be published.