စာပေလောကဖွံ့ဖြိုးတိုးတက်စေရန် စာကြည့်တိုက်များကို သော့ခတ်မထားဘဲ အမှန်တကယ် ဖွင့်လှစ်ပေးထားရန် လိုအပ်

ရန်ကုန်၊ အောက်တိုဘာ ၂၂
စာအုပ်စာပေလူ့မိတ်ဆွေဟူသည့်အဆိုအတိုင်း အမှန်တကယ် စာပေ ဖတ်ရှုလေ့လာသူများမှာ စာပေမှ ရရှိသည့် ဗဟုသုတလမ်းညွှန်မှုများ ကြောင့် အကျိုးအကြောင်း ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် လျှောက်လှမ်း ရမည့်ဘဝအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။ ယခု အချိန်တွင် စာပေဖတ်ရှုသည့် အလေ့အထထွန်းကားပြန့်ပွားစေရန် မြန်မာ နိုင်ငံအတွင်းရှိ လူမှုအဖွဲ့အစည်းများစွာကလည်း ကြိုးစားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းရှိ စာပေထုတ်ဝေခြင်းနှင့် ဖြန့်ချိရောင်းချမှု အခြေအနေများကို သိရှိနိုင်စေရန် ရန်အောင်စာပေ(၂)မှ ထုတ်ဝေဖြန့်ချိသူတစ်ဦးဖြစ်သည့် ဦးတင်မောင်သန်းနှင့်တွေ့ဆုံမေးမြန်းထားသည်များကို ပဲ့တင်သံဂျာနယ်၏ နိုင်ငံသားအသံကဏ္ဍမှတစ်ဆင့် ဖော်ပြအပ်ပါသည်။
စာအုပ်ထုတ်ဝေဖြန့်ချိသူတစ်ဦးဖြစ်သည့် ဦးတင်မောင်သန်းက စာအုပ်ထုတ်ဝေရာတွင် စာဖတ်သူကြိုက်နှစ်သက်သည့်အပေါ် မူတည်ပြီး စာအုပ်ဆိုင်များ၏ မှာယူမှုကွာခြားကြောင်း၊ နာမည်ကြီးစာရေးဆရာများ ၏ စာအုပ်ထုတ်ဝေမည်ဆိုပါက အုပ်ရေ ၂ဝ၊၃ဝ ခန့် မှာယူတတ်ကြပြီး၊ နာမည်မရသေးသည့်ကလောင်အသစ်များဖြစ်ပါကမှာယူမှုနည်းပါးကြောင်း၊ ယခင်ခေတ်ကာလများက အုပ်ရေ ၂ဝဝဝ မှ ၅ဝဝဝ အထိ ရိုက်နှိပ် ထုတ်ဝေခဲ့ ရသည့်ကာလများရှိခဲ့ဖူးပြီး ယခုခေတ်တွင် အုပ်ရေ ၁ဝဝဝ ခန့်ကိုပင် ကြိုးစားရောင်းချနေရကာ စာပေဖတ်ရှုသည့်အလေ့အထကို အားပေးမြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်ပြီး ခေတ်ကာလအခြေအနေအရ စာပေအမျိုးအစားများ၊ ထုတ်ဝေမှုပုံစံပြောင်းလဲသွားခြင်းကို ယခုလို ပြောပါသည်။ ”ခေတ်ကာလတစ်ခုနဲ့တစ်ခု မတူဘူး။ ဥပမာပြောရရင် ကျွန်တော်တို့ နဝတ၊ နအဖခေတ်တုန်းကဆိုရင် လူငယ်တွေက ရသစာ ပေတွေဖတ်ဖို့ထက် တက်ကျမ်းတွေကို ဖတ်ဖို့အားသန်ကြတယ်။ အဲတော့ ရသစာပေကဖတ်သူ နည်းသွားတယ်။ အဲတော့ကျွန်တော်တို့ထုတ်ဝေတဲ့ အခါကျတော့ ရသတွေထုတ်ဝေရာကနေ တက်ကျမ်းတွေ၊ ဟာသတွေဘက်ကို ပြောင်းသွားတယ်”ဟု စာဖတ်သူအကြိုက်ထုတ်ဝေသည့် စာပေ အမျိုးအစားကွာခြားပုံအား ရှင်းပြသည်။
ဆက်လက်၍ ယခုခေတ်လူငယ်များနှင့် စာပေလောကအပေါ် ယင်း ၏အမြင်အားပြောကြားရာတွင် လူငယ်များက ကွန်ပျူတာဂိမ်းကစား ခြင်းနှင့်ရုပ်မြင်သံကြားကြည့်ရှုမှုများကိုသာ အာရုံစိုက်ကြပြီး စာအုပ်စာ ပေဖတ်ရှုခြင်းမှရရှိသည့်အရသာကို မယူတတ်တော့ကြောင်း၊ ဖြန့်ချိထုတ် ဝေသူများကလည်း လူငယ်များအပေါ်တဒင်္ဂဆွဲဆောင်နိုင်မည့် စာပေ မျိုးကိုသာထုတ်ဝေကြသည်များလည်းရှိကြောင်း၊ စာပေဖတ်ရှုသည့် အလေ့အထများလည်း ပတ်ဝန်းကျင်အခြေအနေနှင့် များစွာသက်ဆိုင်ပြီး စာပေဖတ်ရှုသူများအား အထင်ကြီးရကောင်းမှန်းမသိခြင်းနှင့် စာပေ အကြောင်းအရာများ ပြောဆိုပါက နှစ်သက်မှုမရှိသည့်အခြေအနေများ ကြောင့် စာဖတ်သူများလျှော့နည်းလာကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ရှိအချိန်တွင် စာပေထုတ်ဝေသူများနှင့် ဖြန့်ချိရေး ကိုယ်စားလှယ်အရောင်းဆိုင်များရင်ဆိုင်နေရသည့် အခက်အခဲမှာ ဆိုင်ခန်းငှားရမ်းခများ မြင့်တက်လာ၍ ၃ နှစ်စာချုပ်ဖြင့် ချုပ်ဆိုငှားရမ်းရ သည့်အတွက် ရန်ကုန်မြို့တွင်း၌ စာအုပ်ဆိုင်များ ရပ်တည်ဖွင့်လှစ်ရန် ခက်ခဲလာကြောင်း၊ မြန်မာစာပေလောကက ပြန်လည်ဖွံ့ဖြိုးတိုးတက်စေ ရန် နိုင်ငံတော်ကလည်း သယ်ယူဖြန့်ချိသည့်အခွန်အခများကို လျှော့ချပေး ရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်များကိုလည်း ဖွင့်ပွဲသာပြုလုပ်ပြီး ပြန်လည်သော့ခတ်ထားခြင်းမျိုးမပြုလုပ်ဘဲ အမှန်တကယ်ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း၊ ရသစာပေနှင့် အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုခြင်းဖြင့် စိတ်ဓာတ်ခွန်အားနှင့်အတုယူစိတ်များကို မွေးမြူပေးရန် လိုအပ်ကြောင်း နှင့် ထုတ်ဝေဖြန့်ချိရာတွင်လည်း လွတ်လပ်ပွင့်လင်းသည့်အခြေအနေများ ရှိရန်လည်း အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ဝ၁၃

Leave a Reply

Your email address will not be published.