အကောင်းမွန်ဆုံးသော အုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ပေါ်နိုင်ရန် အောက်ခြေအဆင့်အထိ အာဏာခွဲဝေကျင့်သုံးခြင်းကို ပေးအပ်ထားသော ဖက်ဒရယ်စနစ်မှသာလျှင် ရရှိနိုင်

ရန်ကုန်၊ အောက်တိုဘာ ၁၃
အရှိုချင်းမျိုးနွယ်စုများ အခြေစိုက်ရာ ရခိုင်၊ မကွေးနှင့် ပဲခူးတိုင်းတို့ တွင် ပါတီရုံးခွဲများ ဖွင့်လှစ်၍ ဆောင်ရွက်နေသော်လည်း ချင်းပြည်နယ်ရှိ ပါတီများနှင့် ပူးပေါင်းကာ ချင်းလူမျိုးတစ်ရပ်လုံးအသိပညာဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်လျက်ရှိသော အရှိုချင်းအမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းအောင်မင်းလှိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ပါတီအသံကဏ္ဍမှ တင်ဆက်လိုက်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပါတီ၏သဘောထားမှာ ”၂ဝဝ၈ ဖွဲ့စည်းပုံက ပြင်ရမှာတွေက အများကြီးပဲ ရှိတယ်လို့မြင်တယ်။ အနှေးနဲ့အမြန်ဆိုသလို တဖြည်းဖြည်းပြင်သွားလို့ရရင် တဖြည်းဖြည်းပြင် မှာပေါ့။ ချက်ချင်းပြင်လို့ ရရင်လည်း ချက်ချင်းပြင်ရမှာပဲ။ ပြင်ဖို့လိုတယ်လို့မြင်တယ်။ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှာ ကျွန်တော်တို့က အဖွဲ့ဝင်ဆိုတော့အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး ညီနောင် ၁၅ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး သဘောထားအမြင်တွေကို ထုတ်ပြန်ချက်အဖြစ်ထုတ်ဖို့ရှိပါတယ်”ဟု ဆလိုင်းအောင်မင်းလှိုင်က ပြောသည်။
ဆက်လက်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်အပေါ် ပါတီအနေဖြင့် ရှုမြင်သုံးသပ်ပုံက ”ဖက်ဒရယ်စနစ်ဆိုတာကို ထောက်ခံတယ်။ လိုချင်တယ်။ ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ပေးတဲ့စနစ်ဆိုတော့ ပြည်နယ်တွေမှမဟုတ်ပါဘူး။ တိုင်းဒေသကြီး စသဖြင့် အသီးသီးမှာရှိတဲ့ လွှတ်တော်တွေ၊ အစိုးရတွေမှာ လုပ်ပိုင်ခွင့်များများရှိဖို့ လိုတယ်။ ဗဟိုကချည်းပဲအာဏာကို ချုပ်ကိုင်မထားဘဲနဲ့ အောက်ခြေမှာရှိတဲ့တိုင်းနဲ့ပြည်နယ်၊ မြို့နယ်အဆင့်ဆင့်တွေမှာလုပ်ပိုင်ခွင့်တွေ၊ အာဏာတွေကို ခွဲဝေပေးခြင်း ဟာ အကောင်းဆုံးအုပ်ချုပ်ရေးစနစ်ဖြစ်မှာပဲလေ။ အဲဒီစနစ်ကို ပေးနိုင်တာ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်မှပဲဖြစ်မှာကို”ဟု ၄င်းက အာဏာခွဲဝေမှုနှင့်ဖက်ဒရယ်စနစ်တို့၏ဆက်စပ်မှုကိုပြောသည်။
အချိုးကျကိုယ်စားပြုစနစ်(PR) နှင့်ပတ်သက်၍ ယင်းက ”ဒီ (PR) စနစ်က ပုံစံအမျိုးမျိုးရှိတော့ ဘယ်စနစ်ကို သုံးမယ်ဆိုတာကို အခြေအနေအပေါ်မူတည်ပြီးမှ ကြိုက်တယ်၊ မကြိုက်တယ်ပြောလို့ရမယ် ထင်တယ်။ (PR) စနစ်က မဲရမယ့်အနိမ့်ဆုံးသတ်မှတ်ချက်ရှိတာကို အဲဒီအနိမ့်ဆုံးသတ်မှတ်ချက်အောက်ရောက်သွားရင် ကိုယ်ကလုံးဝ ကိုယ်စားပြုခွင့်ရမှာမဟုတ်တော့ဘူးလေ။ ကောင်းတာလည်းရှိသလို၊ မကောင်းတာလည်း ရှိတာပေါ့။ ကျွန်တော်တို့က ဘယ်စနစ်ပဲသုံးသုံး နိုင်ငံရေးပါတီတစ်ခုအနေနဲ့ရွေးကောက်ပွဲမှာရှုံးတာ၊ နိုင်တာထက် ကိုယ့်ပြည်သူတွေကို နိုင်ငံရေးအမြင်ကျယ်ပြန့်လာအောင်၊ နိုင်ငံရေးအသိအမြင်တွေရှိလာအောင်၊ ဒီမိုကရေစီအလေ့အကျင့်တွေရလာအောင် ပညာပေးဖို့ပါပဲ”ဟု နိုင်ငံရေးပါတီတစ်ခု၏ရပ်တည်ချက်နှင့် ရွေးကောက်ပွဲစနစ်တစ်ခု၏ အခြေအနေများကို သုံးသပ်ပြသည်။
၂ဝ၁၅ ခုနှစ် ပါတီမှ လုပ်ဆောင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ သူက ”၂ဝ၁၅ ခုနှစ်မှာ ကျွန်တော်တို့ အဓိကနယ်မြေတွေ ဖြစ်တဲ့ ရခိုင်၊ မကွေး၊ ပဲခူးစတဲ့အရှိုတွေရှိတဲ့နေရာတွေမှာ ပြိုင်ဖို့ ရည်မှန်း ထားတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးရတဲ့နေရာတွေရောစသဖြင့် အားလုံးလွှတ်တော်ကိုယ်စားလှယ်နေရာ ၂ဝ ကျော်ပြိုင်ဖို့ မှန်းထားတယ်။ လွှတ်တော်သုံးရပ်စလုံးကို အားလုံးဝင်ပြိုင်မှာပါ”ဟု ပဲ့တင်သံသို့ ပြောသည်။
ပါတီ၏ သမိုင်းအကျဉ်းနှင့်ပတ်သက် ဆလိုင်းအောင်မင်းလှိုင်က ၂ဝ၁၂ ခုနှစ်၊ ဇွန်လမှစတင်၍ ပါတီတည်ထောင်ခွင့် ရရှိကာ စည်းရုံးရေး လုပ်ငန်းများစတင်ခဲ့ပြီး မိမိတို့အရှိုချင်းမျိုးနွယ်စုများ တည်ရှိရာ ရခိုင် ပြည်နယ်တွင် မြို့နယ်ရုံးငါးခု၊ မကွေးတိုင်းတွင် မြို့နယ်ရုံးလေးခုနှင့် ပဲခူးတိုင်းတွင် မြို့နယ်ရုံးနှစ်ခု အခြေစိုက်၍လှုပ်ရှားဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂ဝ၁၄ ခုနှစ်နှစ်ဆန်းပိုင်းတွင် ပါတီညီလာခံတစ်ရပ်ကျင်းပ၍ မြို့နယ်အသီးသီးရှိ ကိုယ်စားလှယ်များဖြင့်ဗဟိုကော်မတီကို တိုးချဲ့ ဖွဲ့စည်းရန် ရည်ရွယ်ထားပြီးပါတီဝင်အင်အားနှစ်ထောင်ကျော်ရှိကြောင်းပဲ့တင်သံသို့ ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published.