ဆရာကြီးဂိုအင်ကာနှင့် သူ့ဘဝ၊ သူ့ဓမ္မခရီး

ဆရာကြီးဂိုအင်ကာ။ ၂ဝ၁၃၊ စက်တင်ဘာလ ၂၉ ရက်၊ စနေနေ့ ၁၁ နာရီခန့်ကသူ၏နေအိမ်တွင် ကွယ်လွန်သွားကြောင်း၊ အောက်တိုဘာ လ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် သူ၏ဈာပနာကိုသင်္ဂြိုဟ်မည် ဟု သိရှိရပါသည်။
ဆရာကြီးဂိုအင်ကာသည် ခေတ်သစ်သာသနာပြုပါရမီရှင်သူရဲကောင်းတစ်ဦးဖြစ်သည်။ ဆရာကြီးကွယ်လွန်သွားသည့်အတွက် နှမြောတသမိပါ သည်။ ဆရာကြီးဘဝနှင့်သူ၏ဓမ္မခရီးအကြောင်းကို ပြန်ပြောင်းသတိရမိပါသည်။
ကျူရုမျိုးဆက်၊ ရှရီဆတ္တရနာရယန်ဂိုအင်ကာကို မြန်မာနိုင်ငံမြို့တော်ဟောင်း၊ မန္တလေးမြို့၊ ၂၇ လမ်း ဘာဘူတန်းတွင် ခရစ်နှစ် ၁၉၂၄ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက် စနေနေ့(ကောဇာသက္ကရာဇ် ၁၂၈၅ ခု၊ တပို့တွဲ လဆန်း ၁၂ ရက်နေ့တွင် ဖခင်ဂိုပီရပ်ဂိုအင်ကာ၊ မိခင်ကမာလာဒေဝီတို့မှ ဖွားမြင်ခဲ့သော သားရတနာဖြစ်သည်။ မွေးစားမိဘများမှာ ဒွါရကဒါးစ် ဂိုအင်ကာနှင့် ရာမိဒေဝီတို့ဖြစ်ပါသည်။ မွေးချင်း ၁၄ ဦးရှိသည်။
ဂိုအင်ကာဂျီသည် ပင်ကို ဥာဏ်ထက်မြက်သူဖြစ်သည်။ ၁၉၃၇ တွင် မန္တလေးမြို့၌ ပညာသင်ကြားခဲ့ပြီး ၁ဝ တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ စာမေးပွဲတွင်အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့၍အစိုးရပညာတော်သင် ထောက်ပံ့ကြေးဆုကို ရရှိခဲ့သည်။ ဂိုအင်ကာဂျီသည် တက္ကသိုလ်ပညာကို ဆက်လက်မဆည်းပူးနိုင်ခဲ့သော်လည်း ထိုမတိုင်မီကပင် ဗြိတိသျှဘုရင်ခံက ချီးမြှင့်သော ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။
၁၉၄၂ ခု၊ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် မာတာကြီး(အီလာချီဒေဝီ) နှင့်အိမ်ထောင်ကျသည်။ သား ၆ ယောက်ထွန်းကားသည်။
၁၉၄၆ ခုနှစ်တွင် ဂုရုဂိုအင်ကာသည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ်-၂၃၊ ၂၉ လမ်းတွင် စတင်အခြေချနေထိုင်ခဲ့သည်။
ဂိုအင်ကာသည် အသက် ၃၁ နှစ်အရွယ် ၁၉၅၅ ခုနှစ်တွင် (Migraine Headache)ခေါ် ဦးခေါင်းခဲနာကြီး စွဲခဲ့ပါသည်။ နှစ်ပေါင်းများစွာ နေ့အိပ်မရ၊ ညအိပ်မရဒုက္ခလွန်စွာဖြစ်ခဲ့သည်။ ဤရောဂါကို ဆွစ်ဇာလန်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ ဂျာမန်စသော နိုင်ငံတို့မှပါရဂူကြီးများနှင့်ကုသခဲ့ပါသော်လည်း မပျောက်ကင်းခဲ့ပါ။
သို့ဖြင့် ဂိုအင်ကာသည် ၁၉၅၅ ခု၊ ဇူလိုင်လကုန်လောက်တွင် မိတ်ဆွေဖြစ်သူတရားရုံးချုပ် တရားသူ ကြီးဦးချန်ထွန်း၏ အကူအညီဖြင့် တရား ပြဆရာကြီးဦးဘခင်ထံသို့ ရောက်ရှိခဲ့သည်။ အစက ဗုဒ္ခဘာသာတရား၏အဆီအနှစ်များကို သိရှိလိုသူတစ်ဦးအဖြစ်ရောက်လာခဲ့ခြင်းမဟုတ်။ ငယ်စဉ်ကပင် စွဲကပ်ခဲ့သော ၁၂ ရက်တစ်ကြိမ် ရောဂါခံစားနေရသော ခေါင်းခဲနာ ကို ပျောက်ချင်သောကြောင့်ဖြစ်သည်။
ဆရာကြီး ဦးဘခင်ထံမှောက် သို့ ရောက်သောအခါ ဆရာကြီးကပြောပြလိုက်သည်မှာ ဤအပြည်ပြည်ဆိုင်ရာဝိပဿ နာလုပ်ငန်းဌာ နသည် ရောဂါအမျိုးမျိုးကုသ နေသော ဆေးကုဌာနမဟုတ်။ ရောဂါပျောက်လိုသော စိတ်ဆန္ဒဖြင့်သာ ကမ္မဋ္ဌာန်းထိုင်၍ ရောဂါ ပျောက်နိုင်မည်မဟုတ်။ ဗုဒ္ဓလမ်း စဉ်အတိုင်း ယုံကြည်သဒ္ဓါစိတ်ဖြင့်အားထုတ်ပါက ကိုယ်တွင်းအညစ် အကြေးများ ကင်းစင်လာ၍သာ ရောဂါပျောက်ကင်းတတ်ကြောင်း ရှင်းပြသည်။
ထို့ကြောင့် ၁၉၅၅ ခု စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည့် တရားရက်ပတ်တွင်လာရောက်ပါမည်ဟု ဆရာကြီးအား ကတိပေးခဲ့ သည်။ သို့သော် စေတီရိပ်သာမှ ပြန်လာပြီးနောက် ၁၂ ရက်တစ်ကြိမ် ပေါ်ပေါက်သောခေါင်းခဲနာမှာ ဖြစ်ပေါ်မလာတော့။ တရားထိုင်ရန် ပေးခဲ့ သောကတိကိုလည်း မေ့လျော့ကာ အလုပ်ကိစ္စများ၌ နစ်မျောနေပြန်သည်။ ၁၉၅၆ သြဂုတ်လ ၁ ရက်နေ့၌ကား ဦးခေါင်းခဲနာ ပြင်းပြင်းထန်ထန် ပြန်ပေါ်လာခဲ့ပြန်သဖြင့် ကတိပေးထားသည့်အတိုင်း ကမ္မဋ္ဌာန်းတရားထိုင် ပါတော့မည်ဟု စိတ်တုံးတုံးချကာ နောက်တစ်နေ့နံနက်တွင် ဆရာကြီးထံမှောက်သို့ ရောက်လာခဲ့ပါတော့သည်။
ဂိုအင်ကာဂျီကား ပါရမီရင့်သန်သူဖြစ်သည်။ ဆရာကြီးက တရားပြပေးလိုက်သည်နှင့်တစ်ပြိုင်နက် သမာဓိစခန်းတွင် အလင်းနိမိတ်များကို သမာဓိအလျောက် တွေ့မြင်ရသည်။ ဝိပဿနာစခန်းတွင်လည်း ကိုယ်တွင်းဖြစ်ပျက်သမျှကို တွေ့ရသည်။ နောက်ဆုံး၌ထိုက်သင့်သော ငြိမ်းချမ်းမှုကို ရသွားသည်။ တရားစထိုင်ကတည်းကပင် ၄င်း၏ဦးခေါင်းခဲဝေဒနာမှာလည်း လုံးဝမပေါ်ပေါက်တော့ပေ။
မစ္စတာဂိုအင်ကာသည် ၄င်းနှင့်အတူ မိသားစုအားလုံးအား ဆရာကြီးထံမှောက်သို့ ခေါ်လာပြီးလျှင် ဗုဒ္ဓဘာသာကမ္မဋ္ဌာန်းတရားများအား ထုတ်စေသည်။ ၄င်းတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သွားကြပြန်သည်။ ဂိုအင် ကာ၏ထူးခြားသော ပြောင်းလဲချက်ကို ကြားနာရပြီးနောက် ဓမ္မစေတီရိပ်သာသို့ အိန္ဒိယနွယ်ဖွားများစွာ ရောက်ရှိလာခဲ့ကြသည်။
အိန္ဒိယနွယ်ဖွားများတရားအားထုတ်စဉ် ဂိုအင်ကာသည် ဆရာကြီးနှင့်ဆရာမအနီးတွင် အမြဲရှိနေသည်။ တရားဟောရာတွင် စကားပြန်အဖြစ် ဆောင်ရွက်ရုံသာ မဟုတ်တော့ဘဲ၊ ၄င်းကိုယ်တိုင် တရားအရည်အသွေး အတော်အတန်ပြည့်စုံနေပြီဖြစ်ရကာ အသိ ဥာဏ်ထက်မြက်လှသော ဂိုအင်ကာအား ၄င်း၏သာသနာပြုလုပ်ငန်းအစီအစဉ်တို့တွင် ထည့်သွင်းစဉ်းစားလာသည်။ နေ့ရောညပါ ၄င်းအားသွန်သင်ပြသပေး၍ များမကြာမီ ဆရာကြီး ယုံကြည်စိတ်ချရသော တပည့်ကောင်း တစ်ယောက်ဖြစ်လာတော့သည်။
ထို့နောက် ၁၉၆၇ ခုနှစ် ဇန်နဝါရီလရောက်လျှင် မန္တလေးပရိသတ်အား တရားပြပေးရာ၌ ဂိုအင်ကာအား စကားပြန် အဖြစ်သာမက ဆရာကြီးတရားပေးပြီးနောက်ပိုင်း၌ တရားစစ်ဆေးခြင်းလုပ်ငန်းများ၊ အခက်အခဲမျာ အား ကူညီဖြေရှင်းပေးသည့်လုပ်ငန်းများကို ဂိုအင်ကာအားယုံကြည်စွာလွှဲအပ်ခဲ့သည်။ ဤသို့ဖြင့် ဆရာကြီး၏နယ်လှည့်တရားပြပေးသော လုပ်ငန်းကြီး ချောမောအောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ဆရာကြီးဦးဘခင်သည် လွတ်လပ်ရေးမရမီကနေလွတ်လပ်ရေးရပြီး ၁၉၆၅ အထိ နိုင်ငံခြားသားယောဂီများစွာကို ဗုဒ္ဓ၏ဝိပဿနာတရားတော်ကို ပြသပေးခဲ့သည်။ ထိုယောဂီများကိုအခြေခံ၍ ဆရာကြီးဦးဘခင်သည် နိုင်ငံခြား၌ သာသနာပြုရန် အားထုတ်ခဲ့သည်။ သို့သော် ဆရာကြီး၏ နိုင်ငံခြားသာသနာပြုလုပ်ငန်းမှာ အကြောင်းကြောင်းကြောင့် ဆက်လက် ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ပေ။ ထိုစဉ်ဆရာကြီး၏လက်ထောက်ဂိုအင်ကာသည် အိန္ဒိယသို့ စတင်သွားရောက်၍ တရားပြရန်အခွင့်ပေါ်ခဲ့သည်။
၁၉၆၉ ခုနှစ်တွင် ၄င်း၏ဖခင်ကြီးနှင့်မိခင်ကြီးတို့မှာ မြန်မာပြည်မှ ထွက်ခွာပြီးနောက် အိန္ဒိယပြည် ဘုံဘေမြို့တွင် နေထိုင်လျက်ရှိကြသည်။ ၁၉၆၉ ခု ဇွန်လတွင် ၄င်း၏မိခင်ကြီး ပြင်းထန်စွာနာမကျန်းဖြစ်နေကြောင်း ကြေးနန်းရရှိသဖြင့် ဘုံဘေမြို့သို့ ကတိုက်ကရိုက်သွားရသည်။
အိန္ဒိယသို့ရောက်သောအခါ မိခင်ကြီး၏ရောဂါအခြေအနေမှာ မသက်သာလှပေ။ မိခင်ဖခင်တို့မှာ မြန်မာပြည်တွင်ရှိစဉ်က ဆရာကြီးထံတွင် တရားဆည်းပူးခဲ့ကြဖူးသော်လည်း အိန္ဒိယရောက်ပြီးနောက် တရားနှင့် အဆက်ပြတ်သွားကြသည်။ ပြန်လည်ဦးတည်ရန် အကြောက်အကန်ပြောဆို ရန်လည်း မဖြစ်နိုင်။ မိမိတစ်ဦးတည်းနေအိမ်တွင်ပင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းသည်။ ထို့နောက် ၄င်း၏မိခင်သည် ဆရာကြီးထံမှရရှိသော အနိစ္စသဘောတရားကို ရက်အနည်းငယ်အတွင်း ပြန်လည်သိရှိလာသည်ဟုဆိုသည်။ ဖခင်မှာမူ အခက်အခဲကြုံနေရသည်။
ဂိုအင်ကာသည် မိမိတို့အိမ်တွင်း မိသားစုများနှင့်တရားထိုင်နေရာမှ မမျှော်လင့်သောအခြေအနေများ ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တွင် ဆရာ ကြီးထံမှ ဆည်းပူးခဲ့သော မစ္စတာဘာခ်ချန်ဆိုသူက ဦးဂိုအင်ကာ ဦးစီး၍ ဘုံဘေမြို့တွင် ဝိပဿနာတရားတစ်ပတ်ပြပေးပါရန် အဆိုပြုလာသည်။ ထို့ကြောင့် တရားနေရာများ စီစဉ်ပြီး တရားသမား ၁၅ ဦးနှင့် စတင်သည်။ ထိုအကြောင်းကို ဆရာကြီးထံ သတင်းပေးပို့ပြီးလျှင် ဆရာကြီးထံမှဖုန်း ဖြင့်လမ်းညွှန်မှုကို ခံယူသည်။ တရားသမား ၁၅ ယောက်တွင် ပြဿနာ ၁၅ မျိုး၊ အခက်အခဲ ၁၅ မျိုး တွေ့ကြုံရင်ဆိုင်ခဲ့ရသည်။ အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့သည်။ ဤဗုဒ္ဓမြတ်စွာဘုရားပွင့်ရာ မဇ္ဈိမ ဒေသတွင် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ မှစ၍ ဓမ္မရတနာ ပျောက်ဆုံး ခဲ့ရသည်။ ယခု ဓမ္မရတနာကို ပြန်လည်တွေ့ရှိထိတွေ့နိုင်ကြသဖြင့် ဘုံဘေ မြို့တော်ကြီးသည် ကံထူးပေစွ။
ထို့နောက် မဒရပ်မြို့၌လည်း တရားချီးမြှင့်ခဲ့ရပြန်သည်။ ဘုံဘေနှင့် မဒရပ်တွင် တရားပြသပြီးနောက် ဗုဒ္ဓဘာသာတရားတော်၏ အမြိုက်အရ သာကို ကိုယ်တိုင်ခံစားသွားကြသော ပုဂ္ဂိုလ်တို့မှတစ်ဆင့် ဦးဂိုအင်ကာ တရားပြပုံသတင်းပျံ့နှံ့သွားတော့၏။ အိန္ဒိယပြည်ရှိအခြားမြို့များ၊ ဒေသ များမှလည်း မိမိတို့မြို့ရွာအသီးသီးသို့ လာရောက်တရားပြသပေးပါရန် ဖိမန္တကပြုလာကြသည်။
၁၉၇၁ ခု ဇန်နဝါရီလအထိ ဘုံဘေမြို့တွင် တရားပတ်လေးကြိမ်၊ မဒရပ်တွင် တရားပတ် ၃ ကြိမ်၊ နယူးဒေလီမြို့တွင် တရားပတ် ၂ ကြိမ် နှင့်စုစုပေါင်း တရားပတ် ၂၇ ကြိမ်၊ ဦးရေ ၈၇၉ ဦး တရားထိုင်ခဲ့ကြ ပါသည်။ ၂၇ ကြိမ်မြောက် တရားပတ်ကို ဗုဒ္ဓဂယာ၌ ကျင်းပနိုင်ခဲ့ပါ သည်။
ဗုဒ္ဓဂယာ၌ သာသနာ့အလံကို စိုက်ထူခဲ့ပြီးနောက် ဂိုအင်ကာ၏ဓမ္မခရီး မှာ အတန်ရောက်ရှိခဲ့ပေပြီ။ အိန္ဒိယပြည်တစ်နံတစ်လျား အရှေ့အနောက် တောင်မြောက် အိန္ဒိယပြည်မြို့ကြီးပေါင်းများစွာ၌ ဗုဒ္ဓ၏ဝိပဿနာတရားစခန်းများကို တစ်စခန်းပြီးတစ်စခန်း ဖွင့်လှစ်ပြသပေးနိုင်ခဲ့ပါသည်။
ထို့နောက် တစ်ဆင့်တက်၍ သာသနာပြုရန်စီစဉ်သည်။ သို့သော် မြန်မာနိုင်ငံသားဖြစ်နေ၍ ကမ္ဘာသို့ သွားခွင့်မရဘဲဖြစ်နေသည်။ သို့နှင့် ထိုအခက်အခဲကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီမူရာဂျီဒေဆိုင်းက ဖြေရှင်း ပေးလိုက်သည်။ ၂ ရက်အတွင်း အိန္ဒိယနိုင်ငံသားအဖြစ် ရရှိခဲ့သည်။ နိုင်ငံကူးလက်မှတ်ကိုလည်း ရရှိခဲ့ သည်။ ပြင်သစ်နိုင်ငံသို့ သွားရန် ဗီဇာလည်း ချက်ချင်းရရှိခဲ့သည်။
သို့ဖြင့် ဂိုအင်ကာ၏ကမ္ဘာ့သာ သနာပြုအစီအစဉ်ကြီး စတင်နိုင်ပါ တော့သည်။ ဓမ္မတမန်တော်သည် ဥရောပ၊ အမေရိကနှင့်အခြားနိုင်ငံ များစွာကို လှည့်လည်ကာ ဝိပဿ နာတရားစခန်းများစွာ ဖွင့်လှစ်နိုင်ခဲ့ ပါတော့သည်။ နိုင်ငံပေါင်း ၈ဝ ကျော်မှလူများသည်ဝိပဿနာတရား ပွားများအားထုတ်ရသည့်အတွက် အကျိုးဖြစ်ထွန်းမှုရရှိကြသည်။ တစ်ကမ္ဘာလုံး၌ ဝိပဿနာရိပ်သာ ၁၃၅ ရိပ်သာနှင့် ယာယီရိပ်သာ ၂ဝဝ လောက်တွင် ရှင်တော်မြတ် ဘုရား၏ဝိပဿနာပွားများအား ထုတ်နည်းကို သင်ကြားပြသပေးခဲ့ သည်။ ဂိုအင်ကာဂျီသည် ဝိပဿနာ တရားပြဆရာ ၉ဝဝ ကျော်ကိုလည်း သင်ကြားပေးပြီး တရားပြဆရာများ အဖြစ် ခန့်အပ်ထားသည်။
ထို့ပြင် သုတေသနအလုပ်လုပ် ရန်အတွက် အီဂယ်ပူရီအနီးတွင် ဝိပဿနာသုတေသန အကယ်ဒမီ ဌာနဖွင့်လှစ်တည်ထောင်ထားသည်။ ထို့နောက် မိုဘိုင်း၌ငွေကုဋေ ၁ဝဝဝ ကျော်အကုန်ကျခံပြီး ဥာဏ်တော် အမြင့် ၃၂၅ ပေရှိသော စေတီတစ် ဆူတည်သည်။ ယင်းစေတီအတွင်းရှိ အခန်းကြီးထဲတွင် ယောဂီပေါင်း ၈ဝဝဝ နှင့် ရင်ပြင်တော်တွင် ယော ဂီပေါင်း ၂ဝဝဝဝ တစ်ပြိုင်တည်း တရားထိုင်နိုင်သည်။ ယင်းစေတီတော်ကို အကြောင်းပြုလျက် ပြည် သူတို့၏နှလုံးစိတ်ဝမ်းချမ်းမြေ့ခြင်း၊ ညီအစ်ကိုသားချင်းစိတ် မွေးမြူခြင်း များ ဖြစ်ပေါ်လာလိမ့်မည်။ ယင်း သို့လူသားအားလုံးအတွက် အကျိုးရှိမည့်ဝိပဿနာ သာသနာပြုလုပ်ငန်းကို ရှရီဂိုအင်ကာဂျီသည် ပါရမီ မြောက် ဆောင်ရွက်ခဲ့ပေသည်။
ဤသည်မှာ ဗုဒ္ဓတမန်တော် သူရဲကောင်းကြီးဂိုအင်ကာ၏ သူ့ဘဝနှင့် သူ့ဓမ္မခရီးအကြောင်း တစေ့တစောင်းမျှသာဖြစ်ပါသည်။ ဆရာကြီး ဂိုအင်ကာကို အတုယူပြီး သာသနာပြုကြပါစို့။
ဖြိုးထိန်

Leave a Reply

Your email address will not be published.