လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့်တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်၊ သြဂုတ် ၂၆
လက်ရှိနိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးပါတီများကိုယ်တိုင်က နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးမူဝါဒများကို ကိုင်စွဲကာ ရပ်တည်ကြခြင် မျိုးမရှိကြဘဲ နိုင်ငံရေးသိပ္ပံကို ဘာသာရပ်တစ်ခုအနေဖြင့် လေ့လာလိုက်စားနိုင်မှု မရှိသဖြင့် လူငယ်မျိုးဆက်အတွက် တက္ကသိုလ်ကျောင်းများတွင် နိုင်ငံရေးသိပ္ပံအား ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေးပါမှ အနာဂတ်တွင် နိုင်ငံရေးအတွေးအခေါ်တစ်ခုကို သက်ဝင်ယုံကြည်ကာ နိုင်ငံအား ပြုပြင်ဦးဆောင်လိုသည့် မျိုးဆက်မျိုး ပေါ်လာနိုင်မည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပဲ့တင်သံဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခိုက်တွင် ပြောကြားခဲ့သည်။ ယင်းနှင့်တွေ့ဆုံမေးမြန်းမှုကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး။ ။ ဒီနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်က ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အတွင်သုံးနေကြတာကို ဘယ်လိုသဘောရလဲ။ ဗမာပြည်ကွန်မြူနစ်ပါတီက ၁၉၈၈ ခုနှစ်မှာ လှုပ်ရှားမှုကြီးထဲ ဝင်တွန်းရတာ ဒီမိုကရေစီပေါ်ထွက်ဖို့ဆိုတာမျိုးပြောလာတော့ မြန်မာ့နိုင်ငံရေးထဲ ဝင်ပါနေသူတွေကြားမှာကို နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးမူဝါဒတွေကို ရောထွေးသဘောထားနေကြသလို ဖြစ်နေတယ်လို့ မြင်လား။ နိုင်ငံရေးပါတီတစ်ခုမှာ အတွေးအခေါ်၊ အယူအဆတစ်ခုခုကို လက်ကိုင်ထားဖို့ မလိုဘူးလား။ ဒီမိုကရေစီလို့ သိမ်းကျုံးမပြောဘဲနဲ့ပေါ့။
ဖြေ။ ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ယနေ့နိုင်ငံရေးကာလမှာ အမျိုးသားရေးဝါဒကို မြှင့်တင်လာတာတွေ့ရတယ်။ ဒီအမျိုးသားရေးဝါဒ မြှင့်တင်လာမှုတွေကို ကြည့်မယ်ဆိုရင် အန္တရာယ်ရှိတာတော့ရှိတယ်။ တစ်ခါတလေ အမျိုးသားရေးစိတ်ဓာတ်က တွန်းအားကို ဖြစ်စေတယ်။ ဥပမာအနေနဲ့ ရခိုင်ကို ပြောပြလို့ရတယ်။ ရခိုင်ဟာ အမျိုးသားရေးစိတ်ဓာတ်ကြောင့်၂ဝ၁ဝ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု မရှိပါဘူးဆိုတဲ့ကြားထဲက ရခိုင် တိုးတက်ရေးပါတီကနေ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ခဲ့တာ အများကြီးရှိတယ်။ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကြောင့် ရခိုင်မှာ ရခိုင်ပြည်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို သုံးဖို့။ ရခိုင်မှာ အခွန်အတုတ်လျှော့ချနိုင်ဖို့ နိုင်ငံရေးအခန်းကဏ္ဍတွေ မြှင့်လာတယ်။ အမျိုးသားရေးစိတ်ဓာတ်က လမ်းကြောင်းလွဲသွားတဲ့အခါကျတော့ ဘာသာရေးအဓိကရုဏ်းဘက်ကို ရောက်လာတယ်။ အမျိုးသားရေးမလုံခြုံမှုတွေ ဖြစ်လာတယ်။ အမျိုးသားရေးကို အကြောင်းပြုပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဘက်ကိုရောက်သွားတဲ့ ရခိုင်ဟာ စစ်အုပ်ချုပ်ရေးအောက်ကို ရောက်သွားတယ်။ အခုအခြေအနေကြည့် ပြည်ထောင်စုလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ မိတ္ထီလာကို အရေးပေါ်အခြေအနေ ကာဖြူးကြေညာထားတာကို ရုပ်သိမ်းတော့မယ်ဆိုရင်တောင် ရခိုင်ကို မရုပ်သိမ်းနိုင်ဘူး။ မလုံခြုံဘူးဖြစ်နေတယ်။ ဘာကြောင့်မလုံခြုံတာလဲ။ ကိုယ့်ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကပဲ ကိုယ့်ကိုပြန်မလုံခြုံစေနိုင်တဲ့ အခြေအနေတွေရှိလာတယ်။ အဲဒီမလုံခြုံမှုကို ဘာနဲ့ပဲဖြေရှင်းတတ်သလဲဆိုရင် လက်နက်နဲ့ ဖြေရှင်းတတ်တယ်။ အဲဒီအခြေအနေမှာ ဒုတိယကမ္ဘာစစ်ကို ပြန်ကြည့်မယ်ဆိုရင် ဟစ်တလာက ငါတို့လူမျိုးက မြင့်မြတ်တယ်လို့ယူဆတဲ့ အချိန်မှာ ဂျူးတွေကိုသတ်တယ်။ ဂျူးတွေက ပြန်လုပ်လာမှာစိုးတော့ စစ်ရေးကဏ္ဍ မြှင့်တင်တာ ပိုဖြစ်တယ်။ ကမ္ဘာကြီးကလည်း စစ်ရေးအငွေ့အသက်အောက်ကို ရောက်ခဲ့တယ်။ တိုင်းပြည်ဟာလည်း စစ်အုပ်ချုပ်ရေးအောက်ကို ရောက်သွားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီအခြေအနေကိုတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ သတိပြုရမယ့်အချက်လို့ မြင်တယ်။ နောက်တစ်ခုက ပါတီတွေ ထူထောင်လာကြတယ်။ ဘယ်ပါတီမှ ဘယ်အတွေးအခေါ်နဲ့ ထူထောင်တယ်ဆိုတာ မရှိဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ Liberalize ဖြစ်ဖို့နဲ့ Liberal democracy ideology အပေါ်မှာ အခြေခံကျောရိုးအရရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆောင်ရွက်နေမှုနဲ့ မူဝါဒတွေအပေါ်မှာ သုံးသပ်ရင် မြင် နိုင်တယ်။ ဒါပေမဲ့ liberal democracy ကို ကိုင်စွဲထားပါတယ်လို့ ကြေညာတဲ့ပါတီ မဟုတ်ဘူး။ ဒါက လက်တွေ့အခြေအနေပဲ။ တခြားအဖွဲ့အစည်းတွေဆိုလည်း ဘာမှမရှိဘူး။ တချို့ပါတီတွေဆိုရင် သူတို့ရဲ့ကြေ ညာစာတမ်းတွေကိုဖတ်ရင် အတွေးအခေါ်ရှုပ်ထွေးနေသလို ဖြစ်တယ်။ ဒီအကြောင်းအရာတွေမှာ လစ်ဘရယ်ဖြစ်တယ်။ တချို့ ကိစ္စရပ်တွေ မှာ Nationalism ဖြစ်ပြန်ရော၊ တချို့ အခြေအနေကြပြန်တော့ ဆိုရှယ်လစ် တွေးခေါ်စဉ်းစားမှုတွေ ဖြစ်နေတာ မျိုးတွေ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တိုင်းပြည်မှာ အတွေးအခေါ်အယူအဆနဲ့ ရပ် တည်တဲ့ပါတီ ပြန်လည်ပေါ်ထွန်းလာရင် ကောင်းမယ်လို့ ကျွန်တော်ထင်တယ်။LND ပါတီကိုဝင်မယ် ဆိုရင်လစ်ဘရယ်ဒီမိုကရက်တစ်ကို ယုံလို့ ပါတီထဲဝင်တာ။ တခြား အတွေးအခေါ်အယူအဆကို ဒီပါတီ ထဲ ဆွေးနွေးလို့မရဘူး။ ဆိုရှယ်ဒီမို ကရက်တစ်ဆိုရင် social deomocaratic နဲ့ပဲ သူပြောရမယ်။ ကွန်မြူနစ်လိုမျိုး အာဏာသေနတ်ပြောင်းက ထွက်တယ်လို့ပြောလို့မရဘူး။ လာပြောရင် ဒီပါတီရဲ့ အတွေးအခေါ်အယူအဆတွေကို လက်မခံတဲ့အတွက် ဒီပါတီမှာ မရပ် တည်နဲ့ ဟိုအရောင်ရှိတဲ့ဆီမှာ သွားရပ်တည်လို့ပဲ သူ့ကိုဆွေးနွေးဖို့ပဲရှိတယ်။ အခုလက်ရှိ တိုင်းပြည်ရဲ့ အခြေအနေကြတော့ အဲဒီလောက်ထိ အတွေးအခေါ်အယူအဆတွေဟာ မရှင်သန်နိုင်သေးသလို ကျွန်တော်တို့ အတိတ်က ရှင်သန်ခဲ့တဲ့တွေးခေါ် စဉ်းစားမှုဟာလည်း ဆိုရှယ်လစ်တွေးခေါ်စဉ်းစားမှုနဲ့ ဆိုရှယ်လစ် စာအုပ်တွေကပဲ များတယ်။ အခု ဒီဘက်မှာတော့ လက်ယာနိုင်ငံရေး အတွေးအခေါ် စာအုပ်တွေ အတော်များများတော့ ထွက်လာတယ်။ ဒါပေမဲ့ ခိုင်ခိုင်မာမာပေါ့ဗျာ။ liberal အတွေးအခေါ်နဲ့ ပတ်သက်ပြီးတော့ စာအုပ်တွေကို စီးရီးလိုက် ကမ္ဘာကြီးမှာ ဆောင်ရွက်နေမှုတွေကို အခြေအနေအလိုက်မရှိဘူး။
မေး။ ။နိုင်ငံရေးအတွေးအခေါ် အယူအဆတစ်ရပ်ကို ကိုင်စွဲပြီး နိုင်ငံရေးပါတီတွေ ဖွဲ့ကြဖို့ ၊ ပါတီဝင်တွေ ဖြစ်ကြဖို့ဆိုရင်ကော အဲဒါနဲ့ ပတ် သက်ပြီး NLD က မူဝါဒချမှတ်ဖို့ လုပ်တာမျိုးရှိသလား။ နိုင်ငံရေးပါတီ တစ်ခုခုကဖြစ်ဖြစ်၊ အဖွဲ့အစည်းကဖြစ်ဖြစ် လုပ်သင့်တယ်လို့ ထင်သလား။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။
ဖြေ။ ။ community ပေါ့ မြန်မာတွေပေါ့။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေလည်းရှိမယ်။ အခြားအခြား တွေးခေါ်စဉ်းစားမှုတွေ အများကြီးရှိတဲ့ အခြေအနေမျိုးတွေလည်းရှိမယ်။ ဒီနေရာမှာ ပထမဦးဆုံးစဖို့လိုတာက စာအုပ်တိုက်အသင့်ရှိဖို့လိုတာပေါ့ဗျာ။ လက်ယာနိုင်ငံရေးခေတ်ကို ကူးပြောင်းခဲ့ပြီ။ ဘယ်စာအုပ်တွေ ဒီစာအုပ်တိုက်မှာ လေ့လာနိုင်စရာတွေ အကုန်လုံးရှိနိုင်မလဲ။ ဒီအခြေအနေတွေကို ကျွန်တော်တို့ သိပ်မတွေ့ရဘူး။ စာအုပ်ခေတ် မရှိတော့ဘူးဆိုရင် အခုခေတ်မှာ အီးဘုတ်တွေအများကြီး။ ကိုကျော်ဝင်း ရေးနေတာတွေရှိတယ်။ တစ်ပိုင်းတစ်စတွေပေါ့ဗျာ။ ဆရာကျော်ဝင်းစကားနဲ့ပြောရင် မိတ်ဆက်တွေပေါ့ဗျာ။ မိတ်ဆက်တွေတော့ရှိတယ်။ ဒီဟာတစ်ခုလုံးကို လေ့လာဖို့ဆိုရင် ဘယ်မှာသွားလေ့လာရမလဲ။ မြန်မာပြန် ဘယ်လောက်ရှိပြီလဲဆိုတဲ့ အခြေအနေမရှိဘူး။ ဒီနေရာမှာလည်း သတိပြုစရာ တစ်ခုရှိတယ်။ ဆိုရှယ်လစ်တွေးခေါ်စဉ်းစားတုန်းက အတွဲလိုက် ၅ အုပ်ရှိတဲ့အထဲမှာ နံပါတ် ၅ က မရှိဘူး။ ဘာကြောင့်လဲဆိုရင် ဘာသာပြန်သူက မကြိုက်လို့ မပြန်ဘူးတဲ့။ ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ အတွေးအခေါ်အယူအဆ ဆိုတာ ဘောင်ခတ်ပြီးတော့ မပြန်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လေ့လာနိုင်ဖို့အတွက် ကျွန်တော်တို့ဆီမှာ ရှိသင့်တယ်။ နောက်တစ်ချက် ကျွန်တော်တို့ တိုင်းပြည်မှာ political science နဲ့ ပတ်သက်ပြီး ဘာသာရပ်မရှိခဲ့ဘူး။ ကျွန်တော်တို့ခေတ်တုန်းကရှိခဲ့တဲ့ political science ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကောင်းကြောင်းသင်တဲ့စာ။ အခု political science နဲ့ပတ်သက်တဲ့ ဘာသာရပ် တက္ကသိုလ်မှာ ပြဋ္ဌာန်းသင့်တယ်။ ဒါကိုလေ့လာမှ နိုင်ငံရေးသမားအဖြစ် ငါ့ဘဝကို ဘယ်လိုထူထောင်မလဲဆိုတဲ့ ကိုယ့်ကိုယ်ကို ထူထောင်ဖို့ အခြေအနေတွေကို အစပြုနိုင်ဖို့ လိုအပ်လာပြီလို့ ကျွန်တော်ထင်တယ်။ အရင်ခေတ်တုန်းကဗျာ နိုင်ငံရေးသမားဆိုတာ သူပုန်လိုဖြစ်နေတယ်။ အစိုးရဆန့်ကျင်ရေးသမားဟာ နိုင်ငံရေးသမားလို ဖြစ်နေတယ်။ ဒီဘက်ခေတ်မှာ ဒီလိုမဟုတ်တော့ဘူး။ ကလေးတွေက ငယ်ဘဝတည်းက ငါ သမ္မတလုပ်မယ်။ အဲဒီအတွက် ဥပဒေပညာကို လေ့လာမယ်။ ငါ သမိုင်းပညာရပ်ကို လေ့လာမယ်။ ငါ နိုင်ငံရေးသိပ္ပံကိုလေ့လာမယ်။ ဒီဟာတွေကို လေ့လာပြီး ငါ့တိုင်းပြည်ကို ဘယ်လိုမူဝါဒတွေနဲ့ပုံဖော်မယ်။ ဘယ်လို အယူအဆသမားအဖြစ် ရပ်တည်မယ်။ ဒီဟာတွေကို ကျွန်တော် အကျဉ်းထောင်ထဲမှာနေကတည်းက သတိထားမိလိုက်တာ တစ်ခုရှိတယ်။ ဂျွန်အက်ဖ်ကနေဒီကို ကျွန်တော်တအား သဘောကျတယ်။ ကလင်တန်ကို ဂျွန်အက်ဖ်ကနေဒီက လက်ဆွဲနှုတ်ဆက်ခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ကလင်တန်က ကလေးပေါ့ဗျာ။ ငါလည်းတစ်ချိန်ချိန်မှာ သမ္မတကြီးလုပ်မယ်။ ကလေးတစ်ယောက်ကိုယ်တိုင်က သူ့ကိုယ်သူပြုစုပျိုးထောင်တာ။ ကျွန်တော်တို့တိုင်းပြည်မှာ ဒါမရှိသေးဘူး။ တချိန်တုန်းက နိုင်ငံရေးဆိုတာ မစားကောင်းတဲ့ အသီးလိုဖြစ်နေတော့ မိဘတွေက နိုင်ငံရေးသမားလုပ်မယ်ဆိုရင် တအားကြောက်နေတာ။ ထောင်ကျတော့မှာပဲ။ အဲဒီဟာတွေကို ပြုပြင်ပြီး ကလေးငယ်တွေကစပြီးတော့ တဖြည်းဖြည်း သူတို့ဟာ နိုင်ငံကြီးကို ထူထောင်ချင်တဲ့၊ ပေးဆပ်ချင်တဲ့သူများအဖြစ် သူတို့ကိုယ်သူတို့ ငယ်ငယ်လေးတည်းက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သူတို့ရဲ့အတွေးအခေါ် အယူအဆပိုင်း၊ သူတို့ကိုယ်သူတို့ စံပြဖြစ်အောင် ကြိုးစားဖို့လိုသလို၊ ခေါင်းဆောင်မှုအတတ်ပညာတွေ ၊ presentation လုပ်တာတွေ၊ ဒါတွေကို သင်ပေးဖို့လိုတယ်။ ဟိုးတစ်နေ့ကဆိုရင် ရှစ်လေးလုံးနှစ်ပတ်လည် ပွဲအခမ်းအနားသွားတယ်။ ကလေးငယ်တွေကို မြှင့်တင်ပေးတာကျွန်တော် သဘောကျတယ်။ ကလေးကထပြီး သဝဏ်လွှာတွေဖတ်တာ။ presentation မလုပ်တတ်ဘူးဆိုတာ သွားတွေ့တယ်။ ဒက ငွေရတုသဘင်ရဲ့ အရေးကြီးဆုံးပွဲကြီးလေ။ လူကြားသူကြားထဲမှာ ဘယ်လိုမျိုး စကားပြောရမယ်။ ဘယ်လို presentation လုပ်ရမယ်ဆိုတာ သူတို့သိရမယ်။ လက်ဟန်ခြေဟန်ကနေစပြီး ပြောတတ်ဆိုတတ်တဲ့ပုံစံကို သင်ပေးထားရမယ်။ အဲဒါမျိုးမရှိဘူး။ မရှိတော့ အမျိုးမျိုးကြုံနေရတာပေါ့နော်။ အဲဒီအခြေအနေတွေကိုတွေ့တော့ ကျွန်တော်က လူငယ်မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရမယ်။ သူ့ကို ကျွန်တော်တို့ မြှင့်တင်ပေးရမယ်။ မြှင့်တင်နိုင်ဖို့အတွက်ဆိုရင် သူတို့ကို တကယ် well train လုပ်ပေးရမယ်။ ချက်ချင်းကြီး မင်းတို့ စင်ပေါ်တက်လိုက်ဆိုတာမျိုးက သူ့တို့ကို ချိုးလိုက်သလိုဖြစ်ပြီး ကြောက်သွားနိုင်တယ်။ လူတွေက သူ့ကိုသရော်လိုက်တဲ့အခါမှာ နောက်ဘယ်တော့မှမတက်ရဲတော့တဲ့ အခြေအနေဖြစ်သွားနိုင်တယ်။ ဒီလိုမျိုးမဖြစ်အောင် ကျွန်တော်တို့ကသေချာ လေ့ကျင့်ပေးရမယ်။ well train လုပ်ရမယ်။ သူ စင်မြင့်ပေါ်မှာ လက်ခုပ်သံ တွေ အများကြီးရသွားနိုင်ရမယ်။ ဒါမျိုး ကျွန်တော်တို့ ပြုစုပျိုးထောင်ပေးရမယ်။ နို့မို့ဆိုရင် ပြုစုပျိုးထောင်ပေးရာမရောက်ဘဲနဲ့ ကလေးကို ကြောက်စိတ်သွင်းလိုက်သလို ဖြစ်သွားမယ်။
ဝ၂၃၊ ယ-ဝဝ၃

Leave a Reply

Your email address will not be published.