ကျောင်းသား နိုင်၏ မနိုင်၏

ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း

သရုပ်ဆောင် ဦးဇင်ဝိုင်းက “ကျောင်းသားတွေနိုင်တယ်” ကမ်ပိန်းနှင့်ပတ်သက်၍ သူ၏အမြင်ကို ပြောပြရာတွင် “ကျွန်တော်တို့နိုင်ငံ ရှုံးတယ်လို့ မြင်တယ်ဗျ။ ကျွန်တော်ကတော့ ဘယ်သူနိုင်တယ်၊ ဘယ်ဝါနိုင်တယ် မပြောချင်ဘူးဗျ။ ဖြစ်သွားတဲ့ အဖြစ်အပျက်ကြီးက ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားတယ်လို့မြင်တယ်။ ကျွန်တော်တို့က ပညာရှင်လည်း မဟုတ်တဲ့အတွက် ပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့မသိပါဘူး။ ဆွေးနွေးမှု အဆင့်ဆင့်ကိုတော့ သိကြရပါတယ်။ ကျွန်တော်တို့ ကန့်ကွက်တယ်ဆိုတဲ့ဟာကလည်း ဒီပညာရေးဥပဒေကြမ်းဆိုတာကို ထောက်ခံသည်၊ မထောက်ခံသည်နဲ့ မဆိုင်ဘူးခင်ဗျ။ လိုအပ်တာထက် ပိုမိုအင်အားသုံး ဖြိုခွင်းတာကို ကန့်ကွက်တာပါ။ လိုအပ်တာထက် ပိုမိုအင်အားသုံး ဖြေရှင်းတာဟာ ဥပဒေကိုကိုင်တွယ်အသုံးချတဲ့ အဖွဲ့အစည်းတွေကိုက ဥပဒေမဲ့သလို ဖြစ်သွားတဲ့ဟာကို ကျွန်တော်တို့ ကန့်ကွက်တာပါ” ဟု ပြောကြားသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗို

လူငယ်သရုပ်ဆောင် ကျော်ကျော်ဗိုအား “ကျောင်းသားတွေနိုင်တယ်” ကမ်ပိန်းနှင့်ပတ်သက်၍ သူ၏အမြင်ကိုမေးကြည့်ရာ တွင် “အကြမ်းဖက်တဲ့ကိစ္စကတော့ တစ်ကမ္ဘာလုံးက လက်သင့်မခံတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ပြဿနာတစ်ခုကို ချဉ်းကပ် ဖြေရှင်းတဲ့နေရာမှာတော့ အကြောင်းတရားမျိုးစုံရှိလို့၊ အကျိုးတရား ဖြစ်ပေါ်တယ်လို့ ယုံကြည်ထားကြတာပဲ။ နှစ်ဦးနှစ်ဖက်ကတော့ အပြန်အလှန်တော့ ရှိနေကြမှာပဲ။ အဓိကကတော့ ကျွန်တော်တို့ကတော့ အနုပညာသမားဖြစ်နေတဲ့ အတွက် ပြောပြီးတဲ့စကားတစ်ခုကို တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိရတယ်ဗျ။ ဒီတော့ ဖြေရမယ်ဆိုရင် ဒီအပေါ်မှာ မသုံးသပ် တတ်ပါဘူး။ ဒါပေမဲ့ တစ်ကမ္ဘာလုံး လက်ခံထားတဲ့ အယူအဆကတော့ တစ်ဦးမေတ္တာတစ်ဦးမှာ ထားပြီး အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်စေချင်တဲ့ဆန္ဒပဲ ရှိတာပါပဲ။ ကျန်တာကတော့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ကျွန်တော်တို့ကတော့ လက်မခံ ပါဘူးဗျ”ဟု ပြောကြားသည်။

ဒီဇိုင်နာ မြင့်မောင်ကျော်

ဒီဇိုင်နာ မြင့်မောင်ကျော်က ပြောကြားရာတွင် “အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာကလေ အားလုံးပြောနေကြတဲ့အတိုင်းပဲ။ အာဏာရှင်တွေရဲ့ ဇာတိရုပ်ပေါ်လာတာပေါ့နော်။ အခုချိန်ထိအောင် ဒီလိုနည်းပဲတတ်တယ်။ ဒီလိုအကြမ်းဖက်နည်းပဲ လုပ်တတ်တယ်ဆိုတာ ပေါ်လာတယ်။ ဗိုလ်ချုပ်တို့လက်ထက်ကတည်းက တောင်းဆိုလာခဲ့တဲ့၊ အမွေရထားခဲ့တဲ့ ကျောင်းသား သမဂ္ဂနဲ့ ပညာရေးလွတ်လပ်ခွင့်ပေါ့။ ပညာရေးဥပဒေပြောင်းလဲဖို့ဆိုတာ ၂၀၁၅ ခုနှစ်မှာ ပြန်ပေါ်လာတဲ့ ၂၀၁၅ မျိုးဆက်သစ် တွေပါ။ ဒီသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ယနေ့အာဏာရှင်တွေက အာဏာရှင်ပုံစံနဲ့ ဘယ်လမ်းကပဲထွက်ထွက်၊ ဘယ်ပုံစံပဲ ချိုးချိုး မြန်မာလူမျိုးတွေရဲ့ တော်လှန်တဲ့သွေး၊ ဒီမိုကရေစီရဲ့သွေးဟာ ပြန်ပေါ်လာဦးမှာပဲ။ အဲဒီလိုပဲ အာဏာရှင်တွေ ရှိနေ သရွေ့ ကျောင်းသားတွေဟာလည်း နိုင်နေဦးမှာပဲဆိုတာ စဉ်းစားလို့ရတယ်။

၂၀၁၀ ပြည့်နှစ်မှာလည်းပဲ စာနယ်ဇင်းလွတ်လပ်ခွင့် အတွေ့အကြုံလေးကို ခံစားခဲ့ရတဲ့သွေးဟာ ဒီနေ့ အာဏာရှင်တွေ ကနေပြီးတော့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို ပြန်လည်ရုပ်သိမ်းပြီး အာဏာသိမ်းမယ်ဆိုရင်တောင် တော်လှန်ရေးသတ္တိ တွေဟာ ဒီအတွေ့အကြုံတွေကြောင့် ပြန်ပေါ်လာဦးမှာပဲ။ ဒါကြောင့် ဒီနေ့ ကျွန်တော်စဉ်းစားနေတာကတော့ အာဏာရှင်တွေ ဘယ်လိုပုံစံနဲ့ပဲ စခန်းသွားသွား၊ ဘယ်လိုပုံစံနဲ့ပဲ ပြန်ပေါ်လာပေါ်လာ မြန်မာလူမျိုးတွေရဲ့ ခေတ်အဆက်ဆက်ကို လေ့လာ သုံးသပ်ကြည့်လိုက်မယ်ဆိုရင် တော်လှန်ရေးသတ္တိနဲ့ တော်လှန်ရေးသတိ အမြဲတမ်းရှိနေတယ်။ ဒါကြောင့် ကျောင်းသားတွေ နိုင်နေဦးမှာပဲလို့ ကျွန်တော်ယူဆတယ်။ ဒါဟာ ဒီနေ့ အာဏာရှင်တွေကို ပြောချင်တဲ့ အချက်အလက်ပဲ။ မြန်မာလူမျိုးတွေကို သူတို့ကိုယ်တိုင် သေချာသုံးသပ်ကြည့်စေချင်တဲ့ အချက်အလက်ပါပဲ။ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်ကို ခံစားခဲ့ရတဲ့ လူတွေက ကျွန်တော်တို့ခေတ် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်ခေတ်မှာပဲ တော်လှန်ရေးသတ္တိတွေက ပြန်ပေါ်လာပြီးတော့ မဆလအစိုးရကို ဖြုတ်ချနိုင်ခဲ့တယ်။ အဲဒီမှာ အာဏာသိမ်းခံခဲ့ရတယ်။ အာဏာသိမ်းခံရတဲ့ အနှစ် ၂၀ ကျော်မှာ အခုကျောင်းသားတွေကနေပြီး ပညာရေးဥပဒေကို ပြောင်းလဲမှုနဲ့ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခွင့်ဆိုတဲ့ ပညာရေးသတိ၊ ပညာရေးအသိ ဒီကလေးတွေမှာ ပြန်ပေါ်လာခဲ့တယ်။ ဒီကလေးတွေဟာ ၂၀၁၅ ခုနှစ် မျိုးဆက်သစ်ကလေး တွေဖြစ်တယ်။ ဒီလိုမျိုးဆက်သစ်တွေဟာ အနှစ် ၂၀ ကြာတဲ့အထိ မမေ့ဘဲနဲ့ တော်လှန်ရေးသတိတွေ ပြန်ပြန်ဝင်လာခြင်းကို အာဏာရှင်တွေ ပြန်လည်သုံးသပ်သင့်တယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ချီမှာလည်း သူတို့ပြန်ကွေ့သွားဦး မယ်ဆိုရင် တော်လှန်ရေးသတိနဲ့ တော်လှန်ရေးအသိတွေကတော့ ပြန်ပေါ်လာဦးမှာပဲ” ဟု ပြောကြားခဲ့သည်။

အဆိုတော် သျှီ

“ကျောင်းသားတွေနိုင်တယ်” ဆိုသည့် ကမ်ပိန်းအပေါ် အဆိုတော် သျှီ၏ အမြင်ကို မေးကြည့်ရာတွင် “ကျောင်းသားတွေ နိုင်တယ်ဆိုတဲ့ စကားတွေ အခုပျံ့နှံ့လာတဲ့အပေါ်မှာ သျှီ့အမြင်ကို ပြောရရင်တော့ – အခုဆိုရင် ကမ္ဘာကြီးဟာ ရွာကြီး တစ်ခုလိုပါပဲ။ သတင်းတွေဆိုတာလည်း အချိန်နဲ့တစ်ပြေးညီ သိနိုင်တဲ့ခေတ်ပါ။ ဒါကြောင့် ဒီအသံတွေဟာလည်း ပြည်သူ တွေထဲကနေ သူတို့ခံစားချက်ကို ပွင့်အန်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အသံတွေလို့ပဲ မြင်ပါတယ်။ ဒီအသံတွေကပဲ ပဲ့တင်ထပ်ပြီး ဆက်ကာ၊ ဆက်ကာ ကြားနေရတယ်လို့ မြင်ပါတယ်”ဟု ဆိုသည်။

ထို့ပြင် သျှီက ဆက်လက်၍ ကျောင်းသားတွေနိုင်တယ်ဆိုသည့် စကားလုံးနှင့်ပတ်သက်ပြီး “သျှီ့ကိုယ်ပိုင်ခံစားမှုကို ပြောပါ ဆိုရင်တော့ မည်သည့် အကြမ်းဖက်မှုကိုမျှ မထောက်ခံပါဘူး။ ပြဿနာတိုင်းကို ငြိမ်းချမ်းစွာ ပြေလည်စေချင်ပါတယ်။ ပြဿနာရဲ့ ဇစ်မြစ်ကိုလိုက်ပြီးမှ မှန်ကန်စွာ ဆုံးဖြတ်ကိုင်တွယ်စေချင်ပါတယ်။ အခု လက်ပံတန်းအရေးမှာလည်း ကျောင်းသား တွေဟာ သူတို့ တောင်းဆိုမှုကိုရရှိဖို့၊ သူတို့ဘဝတွေကိုရင်းပြီး သက်သေပြသွားတာပါ။ ရှေ့ဆက်ညှိနှိုင်းမှုတွေနဲ့ ဖြစ်သင့်ဖြစ် ထိုက်တဲ့ ကောင်းမွန်သော အကြောင်းတရားတွေ ပညာရေးစနစ်မှာ ထွန်းကားပြောင်းလဲလာပြီး ပိုမိုထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဖြစ်စေဖို့ ဆန္ဒပြုလျက် ကမ္ဘာနဲ့ချီသော အောင်မြင်မှုတွေကို ရရှိနိုင်ပါစေလို့ ပြောချင်၊ ဆုတောင်း ပေးချင်ပါတယ်” ဟု ပြောကြားသည်။

ပန်းချီ စံမင်း

“ကျောင်းသားတွေနိုင်တယ်” ဆိုသော ဖေ့စ်ဘွတ်ခ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ပန်းချီစံမင်းက ပြောရာတွင် “ကျွန်တော့်အမြင် ကတော့ နာပြီးတော့ ဘာမှမရလို့ မနိုင်ဘူးလို့ ထင်တာပဲ။ တောင်းဆိုတာမရဘဲနဲ့ အရိုက်လည်းခံရသေးတယ်၊ ထောင်ထဲလည်း ရောက်ရသေးတယ် ဆိုတာကတော့ သိပ်မနိပ်ဘူး။ ဒါက ကျွန်တော့်အမြင်ပါ” ဟု သုံးသပ်ပြောကြားသည်။

ဘေ့စ်ဂစ်တာသမား ကိုရဲလွင်

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ပရဟိတအဖွဲ့မှ ဘေ့စ်ဂစ်တာသမား ကိုရဲလွင်က “ယုံကြည်တာကတော့ ကျောင်းသားဆိုတဲ့ လူငယ်တွေ လုပ်လိုက်လို့ တစ်ကမ္ဘာလုံးကို ပျံ့သွားတယ်။ ကျောင်းသားရဲ့အစွမ်း၊ ကျောင်းသားရဲ့အသံကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်ဆိုတဲ့ အစကို ဆွဲထုတ်မိတယ်။ ကျောင်းသားတွေနိုင်တယ်ဆိုတဲ့ အယူအဆပေါ်မှာ လက်ခံပါ တယ်” ဟု သူ၏အမြင်ကို ပြောပြခဲ့သည်။

ဒါရိုက်တာ ရှင်ဒေဝီ

လက်ပံတန်း ကျောင်းသားအရေးအခင်းတွင် မှတ်တမ်းရုပ်ရှင်ရိုက်ရန် ရောက် ရှိနေသော ဒါရိုက်တာ ရှင်ဒေဝီသည် အဆိုပါ အကြမ်းဖက်ဖြစ်စဉ်အား မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးဖြစ်သည်။ “ကျောင်းသားတွေနိုင်တယ်” ဆိုသော လှုပ်ရှားမှု အပေါ် ယင်း၏အမြင်ကို ပြောရာ၌ “ကျွန်မကတော့ Movement တစ်ခုအနေနဲ့ ပါဝင်ပေးတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေ အကြမ်းဖက်နှိမ်နင်းခံရတဲ့ကိစ္စမှာ ဒီဘက်ကနေ တစ်ခုခုလုပ်ပေးဖို့လိုတယ်။ အဲဒီတော့ ကျောင်းသားတွေ နိုင်တယ်ဆိုတဲ့ဟာက သူတို့အတွက် အားဆေးတစ်ခု ဖြစ်မယ်ဆိုပြီးတော့ ကျွန်မပါဝင်ခဲ့တယ်။ ကျွန်မကိုယ်တိုင် အနိုင်၊ အရှုံး ပေါ်မှာ ယုံကြည်မှုကို ဖြေရမယ်ဆိုရင်တော့ ကျွန်မတို့ဆီမှာ အရပ်သားအစိုးရကို ပြောင်းသွားတာ ၄ နှစ်ရှိပြီ။ ၄ နှစ်အတွင်းမှာ ပြည်သူတော်တော်များများက ပြောင်းလဲ မှုဆီသွားနေပြီလို့ ယုံကြည်ခဲ့တာတွေရှိတယ်။ ဒီဖြစ်ရပ်ကတော့ အစိုးရရဲ့ မျက်နှာဖုံး ကို ခွာချလိုက်နိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ အဲဒါကြောင့်မို့ အစိုးရ မျက်နှာဖုံးကို ခွာချနိုင်ခဲ့တဲ့ ကျောင်းသားတွေနိုင်တယ် လို့ ကျွန်မက အဖြေပေးချင်ပါတယ်။ ကျန်တဲ့သူတွေက တော့ ကွဲပြားတဲ့အမြင်မျိုးတွေရှိမှာပါ။ ကျွန်မကိုယ်တိုင် ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ရတာက အကြမ်းဖက်ခံရတဲ့သူတွေဘက်က အားပေးတဲ့ Movement မှာ ကျွန်မ ပါဝင်ခဲ့တာပါ”ဟု ရှင်ဒေဝီက ပြောသည်။

ဘော်ဘီ (Safety Net)

အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော Safety Net တွင် ဦးဆောင်လှုပ်ရှားနေသူတစ်ဦးဖြစ်သော ဘော်ဘီက အဆိုပါ လှုပ်ရှားမှုနှင့်ပတ်သက်၍ သူ၏အမြင်ကို သုံးသပ်ပြောကြားခဲ့ပါသည်။ “ကျွန်တော်တစ်ဦးတည်းအမြင်နဲ့က ကျောင်းသားတွေ နိုင်တယ်ဆိုတဲ့ လှုပ်ရှားမှု ဖေ့စ်ဘွတ်ခ်ပေါ်မှာ လုပ်နေတာကို ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဖိအားပေးတဲ့သဘောပါပဲ။ ကျွန်တော်တို့က တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာအရ ကိုယ့်ဘက်က အနာတရဖြစ်တာပေါ့။ ထိခိုက်တယ်၊ ဒဏ်ရာရတယ်။ ပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေ ရှိကြ တယ်။ ရုပ်ပိုင်းဆိုင်ရာအရ ရှုံးတယ်ပေါ့ဗျာ။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ခေတ်အဆက်ဆက်က အာဏာရှင်ကို တော်လှန်ချင်တဲ့စိတ်၊ ရွပ်ရွပ်ချွံချွံ တိုက်ထုတ်မယ်ဆိုတဲ့စိတ်၊ အာဏာရှင်လက်အောက်မှာ မတရားတဲ့အမိန့်တွေကို ဖီဆန်မယ် ဆိုတဲ့စိတ်၊ အဲဒါတွေ အကုန်လုံးကတော့ အမြဲတမ်းရှင်သန်နေလို့ ကျွန်တော်တို့ အာဏာရှင်ကို ဘယ်တော့မှမရှုံးဘူးဆိုတဲ့ ကျောင်းသားတွေနိုင်တယ်ဆိုတာကို လက်ခံပါတယ်” ဟု ကျောင်းသားများနိုင်ရသည့် အကြောင်းရင်းကို ပြောကြားသည်။

ဥက္ကာကိုကို (သတင်းထောက်)

Seven Day သတင်းစာမှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဥက္ကာကိုကိုက ပြောသည်မှာ “ဒါကတော့ သူတို့သတ်မှတ်ချက်ပေါ့လေ။ ဘယ်သူမှ မနိုင်ဘူးဗျ။ နိုင်တယ်၊ ရှုံးတယ်ဆိုတာ မရှိဘူးလို့ထင်တယ်ဗျ။ ရဲတွေဘက်ကလည်း မမျှော်လင့်ဘဲ ဒီကိစ္စကြီးတစ်ခု လုံးက ဝုန်းဒိုင်းကြဲပြီးတော့ ဖြစ်သွားတာလေ။ ဘယ်သူ သာတယ်၊ ဘယ်သူနာတယ်ဆိုတာကြီးက ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ သတ်မှတ်ချက်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့မြင်တာကတော့ အမိန့်မပေးခင်မှာဘဲ ဝုန်းဒိုင်းကြဲပြီးဖြစ်သွားတာ။ အရာရှိတွေ အမိန့်မပေးခင်မှာ ဝုန်းဒိုင်းကြဲဖြစ်သွားတာကိုပဲ ကျွန်တော်တို့က မြင်ခဲ့ရတာ။ ဒေါသတွေ အုံကြွ ပြီး တစ်ဖက်နဲ့တစ်ဖက် ဖြစ်သွားကြတာ” ဟု ကိုယ်တိုင်သတင်းယူရန် ရောက်ရှိခဲ့သော ဂျာနယ်လစ် တစ်ယောက်က ပဋိပက္ခ၏အစမြင်ကွင်းကို ပြန်လည်ပြောပြခဲ့သည်။

နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း

နေ့စဉ်သတင်းစာများ၊ ဂျာနယ်များ၌ နိုင်ငံရေးသုံးသပ်သူအဖြစ် ဆောင်းပါးများ ရေးသားလျက်ရှိသော ဒေါက်တာ ရန်မျိုးသိမ်းက “ကျောင်းသားတွေနိုင်တယ်” ဆိုသော ဖေ့စ်ဘွတ်ခ်ပေါ်မှ လှုပ်ရှားမှုနှင့်ပတ်သက်၍ သုံးသပ်ပြောကြားခဲ့ရာ တွင် “အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ နိုင်ငံရေးအရ အနိုင်ရရှိခဲ့တယ်လို့ ပြောနိုင် တယ်။ ဒီကျောင်းသားလှုပ်ရှားမှုကို လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွင်းပြီးတဲ့အချိန်မှာ မြန်မာတိုင်းရင်းသား ပြည်သူလူထုရဲ့ ရင်ထဲမှာ ကျောင်းသားတွေရဲ့တန်ဖိုးဟာ ပိုပြီးမြင့်တက်လာတယ်လို့မြင်တယ်။ ပြည်သူက ကျောင်းသားတွေကို ပိုပြီးတန်ဖိုး ထားလေလေ ဒီလှုပ်ရှားမှုမှာ ကျောင်းသားတွေက အောင်ပွဲရလေလေပဲလို့ ကျွန်တော်မြင်တယ်” ဟု ကျောင်းသားများနိုင်သည် ဟူသောအဆိုကို ထောက်ခံပြောကြားခဲ့သည်။

ကဗျာဆရာ စောဝေ

စစ်အစိုးရလက်ထက်က ကဗျာတစ်ပုဒ်ဖြင့် ထောင်သွင်းအကျဉ်းချခံခဲ့ရသော ကဗျာဆရာ စောဝေက အဆိုပါလှုပ်ရှားမှုအပေါ် အခုလို သုံးသပ်ပြောကြားခဲ့ပါသည်။ ” ကျောင်းသားတွေ တကယ်ပဲနိုင်ခဲ့ပါတယ်။ ဘာကြောင့်နိုင်ခဲ့လဲဆိုရင် သူတို့မန္တလေးက စထွက်လာကတည်းကိုက ပထမဦးဆုံး စရင်းခဲ့ရတဲ့ ချွေးစက်တွေပေါ့။ ချွေးရယ်၊ စိတ်ဓာတ်ရယ်ကို ရင်းနှီးပြီး ထွက်ခဲ့ကြတာ။ နောက်ပိုင်း လက်ပံတန်းမှာကျတော့ သွေးပါရင်းနှီးခဲ့ရတယ်။ သူတို့လိုချင်တဲ့ ဒီမိုကရေစီပညာရေးစနစ်အတွက် စိတ်ဓာတ်နဲ့ ချွေးကို ထောက်ခံအားပေးခဲ့တယ်။ မတ်လ ၅ ရက်နေ့မှာ သူတို့ကို ဝန်းရံမယ့် ရန်ကုန်က ကျောင်းသားတွေက အကြမ်းမဖက်ဖို့ ပြောတဲ့အခါမှာ သွေးလို့ပြောလို့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရခဲ့တယ်။ ၁၀ ရက်နေ့မှာ လက်ပံတန်းမှာလည်း သွေးကိုရင်းခဲ့ရ တယ်။ မင်းသား ခေါင်းဆောင်းထားတဲ့ ဘီလူးအစိုးရဆိုတဲ့ဟာကြီးကို တစ်ကမ္ဘာလုံးက၊ တစ်နိုင်ငံလုံးက၊ အားလုံးက သိသွားတဲ့အတွက် ကျောင်းသားတွေနိုင်တယ်လို့ ကျွန်တော်ကတော့ ပြောချင်တယ်” ဟု ယင်းအဆိုကို ထောက်ခံပြောကြား ခဲ့သည်။

မခင်လေး (Triangle Women)

အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် အမျိုးသမီးအခွင့်အရေးများ၌ တက်ကြွစွာ လှုပ်ရှားခဲ့သော Triangle Women အရပ် ဘက်လူ့အဖွဲ့အစည်းမှ မခင်လေးက ဖေ့စ်ဘွတ်ခ်ပေါ်မှ “ကျောင်းသားတွေနိုင်တယ်” ဟူသော အဆိုကို သုံးသပ် ပြောကြား ရာတွင် “ဖမ်းဆီးခံရတဲ့ကျောင်းသားတွေရော၊ အပြင်မှာရှိနေသေးတဲ့ ကျောင်းသားတွေကိုပါ စိတ်ဓာတ်ရေးရာအရ အထောက် အပံ့ပေးတယ်။ ငါတို့ ပြည်သူလူထုဟာ ကျောင်းသားတွေနဲ့ တစ်သားတည်းရှိနေတယ်ဆိုတာကို ပြချင်တဲ့သဘောလည်း ပါမယ်။ ကျောင်းသားတွေ နိုင်၊ မနိုင်ဆိုတာကတော့ ကျွန်မက အခုထက်ထိ အဲဒီ Post ကို မတင်သေးဘူး။ မတင်သေး ဘူးဆိုတာက ကျွန်မစိတ်ထဲမှာ ဖမ်းဆီးခံနေရတဲ့၊ တချို့ဆိုလည်း ဖမ်းမယ်၊ ဆီးမယ်ဆိုလို့ တိမ်းရှောင်နေရတဲ့ ကျောင်းသား တွေရဲ့ ဘေးအန္တရာယ် မကင်းသေးမချင်း ကျွန်မစိတ်ထဲမှာ ကျောင်းသားတွေနိုင်တယ်လို့ ရာခိုင်နှုန်းပြည့် မယူဆနိုင်တဲ့ အတွက် အခုထက်ထိ အဲဒီ Post ကို မတင်သေးဘူး။ နိုင်တာ၊ မနိုင်တာထက် ကျွန်မသိလိုက်တာကတော့ လက်ရှိတိုင်းပြည် မှာရှိနေတဲ့ အာဏာပိုင်တွေရဲ့ အနေအထား၊ အစိုးရရဲ့အနေအထားကိုတော့ ကမ္ဘာကိုသိအောင် ပြလိုက်နိုင်တာတစ်ခုကတော့ ကျွန်မတို့ဘက်က ရလိုက်တာပေါ့နော်။ အဲဒီတော့ ဘာကိစ္စလုပ်လုပ် သူတို့ဘက်က သည်းခံနိုင်တဲ့ အတိုင်းအတာတစ်ခုထိပဲ ရှိမယ်။ အတိုင်းအတာ သတ်မှတ်ထားတဲ့ မျဉ်းထက်ကျော်ရင်တော့ ဘယ်ဟာကိုမှ သည်းမခံဘူး၊ ဒီလိုတုံ့ပြန်မယ်ဆိုတဲ့ တာဝန်ရှိသူတွေရဲ့ ရင်ထဲကအမှန်အတိုင်းကို ဒီပွဲက ဖော်ပြလိုက်တဲ့အတွက် နိုင်ငံတကာကနေ သူတို့ကို ထောက်ခံနေတဲ့သူတွေ အားလုံးအတွက်တော့ ဒါဟာ ပြန်ပြီးသုံးသပ်စရာ၊ စဉ်းစားစရာဖြစ်အောင် ကျောင်းသားတွေက သူတို့ကိုယ်သူတို့ ရင်းပြီး လုပ်ပေးတဲ့အတွက် ကျွန်မတို့က အများကြီးချီးကျူးတယ်။ ဂုဏ်ပြုတယ်ပေါ့။ နိုင်တာ၊ မနိုင်တာကတော့ ပွဲလည်း မပြီးဆုံး သေးတဲ့အတွက် ပြောရတာတော့ တော်တော်ခက်တယ်။ ကျွန်မ ခံစားချက်နဲ့ဆိုရင်တော့ ကျောင်းသားတွေအားလုံး ဘေး အန္တရာယ်ကင်းရှင်းပြီဆိုမှ အဲဒီလို ကျွန်မပြောနိုင်မယ်” ဟု လတ်တလောအခြေအနေတွင် နိုင်၊ မနိုင်ကိုပြောရန် မဖြစ်နိုင် သေးကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံပညာရှင် ခင်မောင်ဝင်း (ရွှေအင်းသား)

သတင်းဓာတ်ပုံပညာရှင် တစ်ဦးဖြစ်သော ခင်မောင်ဝင်း (ရွှေအင်းသား) က လက်ပံတန်းပဋိပက္ခကို ကိုယ်တိုင် သတင်းယူခဲ့ သူလည်းဖြစ်ရာ သူက “ကျွန်တော့်အနေနဲ့ နိုင်တယ်၊ ရှုံးတယ်တော့ မပြောချင်ဘူး။ ဒီလိုကိစ္စမျိုးဆိုတာ ငြိမ်းချမ်းစွာဖြေရှင်း ဖို့ပဲ လိုချင်တာ။ အားလုံးက စိတ်မကောင်းစရာတွေ ကျန်ခဲ့တာပေါ့၊ အနာတွေ ကျန်ခဲ့တာပေါ့။ ကြိုးတစ်ကြိုးကို ဖြတ်လိုက်ပြီး ပြန်ဆက်ရင် ဖုထုံးလေးတော့ ကျန်ခဲ့တာပေါ့။ အဲဒီအပေါ်မှာ သူနိုင်၏၊ ငါနိုင်၏။ သူရှုံး၏၊ ငါရှုံး၏လို့ သတင်းသမား တစ်ယောက်အနေနဲ့ ပြောရမယ့်စကား မဟုတ်ဘူးလေ။ သင်ခန်းစာယူရမယ်။ ရှေ့ကောင်းသထက်ကောင်းအောင် ဘာတွေ ဆက်လုပ်ကြမလဲဆိုတာမျိုးပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ကျွန်တော့် ကိုယ်တိုင်ခံစားချက်ဆိုရင်တော့ အနိုင်အရှုံး ဆိုတဲ့ စကားလုံး မသုံးချင်ပါဘူး။ နောက် ဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်ကြရင် ကောင်းမလဲဆိုတဲ့ သင်ခန်းစာပဲ ယူချင် တယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

ဟာသသရုပ်ဆောင် ဗေလုဝ

“၁၉၆၂ ကစပြီး ကျောင်းသားတွေဆန္ဒပြကြတဲ့ သမိုင်းတစ်လျှောက်မှာ ၁၉၈၈ ထိ အစဉ်အဆက်မှာ ကျောင်းသားတွေ နိုင်ခဲ့ပါ တယ်။ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် နိုင်ခဲ့ပါတယ်။ ဘာကြောင့်နိုင်ခဲ့တယ်လို့ ပြောရသလဲဆိုလို့ရှိရင် ကျောင်းသားတွေရဲ့ စိတ်ဓာတ်ပါ။ အဲဒီစိတ်ဓာတ်ကြောင့် ကျောင်းသားတွေနိုင်ခဲ့တယ်လို့ သတ်မှတ်ပါတယ်”

ကဗျာဆရာ ခင်အောင်အေး

“အဲဒီစာလုံးလေးကို ဖတ်လိုက်ရတဲ့အခါမှာ ကိုယ်ကစမပြောရလို့သာ နောက်ကလိုက်ရတဲ့လူဖြစ်သွားတာ။ ကျောင်းသားတွေ နိုင်တယ်ဆိုတဲ့ စာသားပေါ်မှာ လုံးဝကျေနပ်တယ်၊ အပြည့်အဝ အရသာရှိတယ်။ စိတ်ဓာတ်ရေးရာအရ နိုင်ခဲ့တယ်။ ကိစ္စ တစ်ခုကို တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကသော်လည်းကောင်း ဆောင်ရွက်တယ်ဆိုရင် ဒါကို ထောက်ခံတဲ့၊ သဘောတူတဲ့၊ အားပေးတယ်ဆိုတဲ့ ပြည်သူလူထု လိုအပ်တယ်။ အခုကိစ္စမှာ ကျောင်းသားတွေ မှန်တာ၊ မှားတာ အပထား။ အားလုံးပြည်သူလူထုက သူတို့အပေါ်မှာ ကရုဏာသက်သွားတယ်။ မတရားလုပ်ခံရတယ်ဆိုတာ သိသွားတယ်။ အနိုင်ကျင့်ခံရတယ်ဆိုတာ သိသွားတယ်။ အဲဒါနိုင်တာပဲလေ”

၈၈ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်

၈၈ ကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သော ဗကသ (ဗဟိုကော်မတီဝင်ဟောင်း) ကျောင်းသား ဟောင်းတစ်ဦးဖြစ်သူ မောင်မောင်ကျော်က သုံးသပ်ပြောကြားသည်မှာ “ကျောင်းသားတွေက နောက်ဆုံး ရက်ရက်စက်စက် ဖြိုခွင်းခံရတဲ့အချိန်အထိ နှလုံးရည်သက်သက်နဲ့သာ နိုင်ငံရေးဆန်ဆန် တိုက်ပွဲဝင်သွားပေမယ့် တစ်ဖက်အာဏာပိုင်တွေက လက်ရုံးရည်အားကိုး ဖြေရှင်းခဲ့လို့ လူထုအကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရတဲ့အတွက် ဒီပွဲမှာ ကျောင်းသားတွေ အနိုင်ရလိုက်ပါတယ်” ဟု ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦး၏ အမြင်ဖြင့် သုံးသပ် ပြောကြားခဲ့သည်။

ဝ၂၆၊ ဝ၅၄

Leave a Reply

Your email address will not be published.