သေမင်းတမန် ရထားလမ်းပြတိုက် စည်ပင်နှင့်ကုမ္ပဏီ အကျိုးတူပူးပေါင်းအကောင်အထည်ဖော်

မော်လမြိုင်၊ မတ် ၁၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲရက်ကျေးရွာအုပ်စုရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့် “သေမင်းတမန်” မီးရထားလမ်းပြတိုက်နှင့် ပန်းခြံပြန်လည် ပြုပြင်ခြင်း စီမံကိန်းကို မြို့နယ်စည်ပင်နှင့် တလမွန်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ဆောင်မည် ဟု ယင်းမြို့နယ်စည်ပင် ကော်မတီထံမှ သိရသည်။

ယခုကဲ့သို့ စည်ပင်နှင့်ကုမ္ပဏီ အကျိုးတူပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်းသည် မွန်ပြည်နယ်တွင် ပထမဆုံး အကောင် အထည်ဖော်သည့် စီမံကိန်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော် က ပြောသည်။

“သေမင်းတမန်” မီးရထားလမ်း ပြတိုက်စီမံကိန်းကို အကောင်အထည်ဖော်ရန် မွန်ကုမ္ပဏီတစ်ခုဖြစ်သည့် တလမွန်ကုမ္ပဏီက တင်ဒါ အောင်ထားသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပြီး စီမံကိန်းကို ကုမ္ပဏီက ၇၉ ရာခိုင်နှုန်းနှင့် သံဖြူဇရပ် မြို့နယ် စည်ပင်က ၂၁ ရာခိုင်နှုန်းဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ၄င်းက ဆက်ပြောသည်။

ယခင်က အငှားစနစ်နှင့် BOT စနစ်တို့ဖြင့်သာ လုပ်ကိုင်ခဲ့သော်လည်း မွန်ပြည်နယ်အတွင်း နောက်ပိုင်း အကောင်အထည် ဖော်မည့် စီမံကိန်းများကိုလည်း အကျိုးအမြတ်ပေါ် မူတည်ပြီး ရှယ်ယာစနစ်ဖြင့် လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောသည်။

“စည်ပင်သာယာကော်မတီကို စီးပွားရေးအဖွဲ့ဆန်ဆန် အသုံးချတဲ့စနစ်မျိုး နောက်ပိုင်း အဲဒီလိုပဲသွားတော့မယ်” ဟု ၄င်းက ပြောသည်။

မြေငှားခအဖြစ် ပထမ ၂ နှစ် အတွင်း တစ်လလျှင် ကျပ် ၂ သိန်း၊ တတိယနှစ်မှ ၅ နှစ်အတွင်း တစ် လလျှင် ၅ သိန်းနှင့် ၅ နှစ်အထက်ကို တစ်လလျှင် ကျပ်သိန်း ၂၀ ကိုလည်း ကုမ္ပဏီက မြို့နယ်စည်ပင်ကို ပေးသွင်းရမည်ဖြစ်သည်။

သေမင်းတမန် မီးရထားပြတိုက် စီမံကိန်းအတွက် ကျပ်ငွေသိန်းပေါင်း ၃ သောင်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ် ပြီး မတ်လ ၂၀ ရက်နေ့တွင် စာချုပ်ချုပ်မည်ဖြစ်ကာ စာချုပ်ကို အနှစ် ၃၀ ဖြင့် ချုပ်ဆိုမည်ဖြစ်ကြောင်း တလမွန်ကုမ္ပဏီဥက္ကဋ္ဌ မင်းဗညား စန်းကပြောသည်။

သေမင်းတမန် ရထားလမ်း ပြတိုက်ကို ၁၉၉၄ ခုနှစ်က စတင် ဖွင့်လှစ်ပြီး ရထားလမ်းဖောက်လုပ်စဉ်က ချွေးတပ်သားများ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ချွေးတပ်သားတို့၏ ရုပ်တုများကို ပြသထားခဲ့ကာ မီးရထားဌာနနှင့် စည်ပင်သာယာရေးဌာနတို့က ထိန်းသိမ်းလာခဲ့သည်။

လက်ရှိမီးရထားပြတိုက်သည် နှစ်ကာလကြာမြင့်လာခြင်း၊ ထိန်းသိမ်းမှုအားနည်းခြင်းတို့ကြောင့် ယင်းတွင် ပြသထား သည့်မှတ်တမ်းပစ္စည်းများ ယိုယွင်းပျက်စီးလာပြီး ပြတိုက်နေရာသည်လည်း ခြောက်ကပ်လျက် ရှိနေသည်။

ထိုင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသည့် သေမင်းတမန်မီးရထားလမ်းသည် ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိ ဖောက်လုပ်ခဲ့ပြီး သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူတောင်ကြားကိုဖြတ်ကာ ထိုင်းနိုင်ငံဘန်ပေါင် (Ban Pong)ဘူတာအထိ မိုင်ပေါင်း ၁၇၅ မိုင်ကျော် ရှည်လျားသည်။ ထိုမီးရထားလမ်းဖောက်လုပ်ခဲ့စဉ်က မြန်မာနိုင်ငံသား ၈၀ဝ၀ဝ ကျော်နှင့် မဟာမိတ်တပ်သား ၁၀ဝ၀ဝ ကျော် အသက်ဆုံးရှုံးခဲ့ကြရသည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ဝ၆၈

Leave a Reply

Your email address will not be published.