ယခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် ကျုံးဘေးရေကစားမဏ္ဍပ်အရေအတွက် လျှော့ချမည် မဏ္ဍပ်ချပေးနှုန်း နည်းပါးသောကြောင့် ဆောက်လုပ်ခွင့်ပါမစ်ပေါက်ဈေး ယခင်နှစ်များထက် မြင့်တက်

မန္တလေး၊ မတ် ၁၄

ယခုနှစ်ကျင်းပမည့် မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် ကျုံးဘေးရေကစားမဏ္ဍပ်အရေအတွက် လျှော့ချလိုက်သည့်အတွက် မဏ္ဍပ်ဆောက်၍ ရေကစားမည့်သူတချို့ အခက်အခဲဖြစ်နေကြရကြောင်း သိရသည်။

“နှစ်တိုင်းလုပ်နေကျ အစဉ်အလာအတိုင်းပဲ ကောင်းပါတယ်။ ခုလို မဏ္ဍပ်အရေအတွက် လျှော့ချလိုက်တာဟာ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေမှာ ပြဿနာမရှိပေမယ့် မဲစနစ်နဲ့ယူရသူတွေမှာ ပြဿနာရှိလာတယ်။ မဏ္ဍပ်နေရာချပေးတာနည်းတော့ ဆောက်လုပ်ခွင့် ပါမစ်ပေါက်ဈေးလည်း အရင်ထက်မြင့်သွားတယ်။ ဖြစ်နိုင်ရင် မဏ္ဍပ်အရေအတွက် ထပ်တိုးပေးဖို့ တောင်းဆို ချင်တယ်” ဟု မတ်လ ၁၂ ရက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင်ပြုလုပ်သည့် သင်္ကြန်ရေ ကစားမဏ္ဍပ် မဲနှိုက်သည့် အခမ်းအနားအပြီး မဲမပေါက်ခဲ့ကြသူ တချို့ကဆိုသည်။

ယမန်နှစ်များက ကျင်းပသည့် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ကျုံးအရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်း တစ်လျှောက် ရေကစားမဏ္ဍပ် ၁၅ ခုစီ ခွင့်ပြုပေးခဲ့သော်လည်း ယခုနှစ်အတွက် ၁၀ ခုစီသာ ဆောက်လုပ်ခွင့်ပေးထားသဖြင့် ယခုလို အခက်အခဲကြုံတွေ့ရခြင်းဖြစ်ပြီး ထို့အတွက်ကြောင့်လည်း ဆောက်လုပ်ခွင့်ပါမစ်ပေါက်ဈေးများ ယခင်နှစ်ကထက် မြင့်တက်ခဲ့ကြောင်း ယင်းတို့ပြောပြချက်အရ သိရသည်။

မဏ္ဍပ်အရေအတွက် လျှော့ချလိုက်ရခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ထွန်းက မန္တလေးမြို့၏ သင်္ကြန်ပွဲတော်များသည် အထူးသဖြင့် ကျုံးဘေးပတ်လည်တွင်သာ စည်ကားမှု ရှိခဲ့ပြီး မြို့တွင်း၌ ခြောက်ကပ်နေတတ်သဖြင့် ယခုနှစ်ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် တစ်မြို့လုံး စည်ကားစေရန်အတွက် ကျုံးဘေး မဏ္ဍပ်အရေအတွက် လျှော့ချလိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျုံးဘေးယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် အတွက်လည်းဖြစ်ကြောင်း ပြောသည်။

“ဗီအိုင်ပီဆိုတာတွေက ထက်ဝက်ကျော်လောက်ရှိနေတော့ တကယ်တမ်း ကျွန်တော်တို့အတွက် ဘယ်လောက်မှ မကျန် တော့ဘူး။ ဒါကိုမှ မဲနှိုက်စနစ်နဲ့ ယူရတာဆိုတော့ အင်မတန်အခက်အခဲဖြစ်ကြပါတယ်။ သူတို့ဘက်က အကြောင်းပြတာက လမ်းပိတ်ဆို့မှုအတွက် အခုလိုလျှော့ချလိုက်တာတဲ့။ လမ်းပိတ်ဆို့တာကို တစ်ခြားနည်းနဲ့ ဖြေရှင်းလည်းရပါတယ်။ ဖြစ်နိုင်ရင် နှစ်တိုင်းလိုပဲမဏ္ဍပ်အရေအတွက် ချထားပေးစေချင်တယ်။ အချိန်လည်းရှိပါသေးတယ်” ဟု မဲမပေါက်ခဲ့သူတစ်ဦးကဆိုသည်။

ယခုအခါတွင် ၂၀၁၅ ခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်အတွက် ကျုံးဘေးရေကစားမဏ္ဍပ်များ ချထားပေးပြီးဖြစ်ရာ ယခု နှစ်အတွက် ကျုံး တောင်ဘက်ခြမ်းလျှောက်ထားသူ ၆၇ ဦး၊ ကျုံးအရှေ့ဘက်ခြမ်း လျှောက်ထားသူ ၁၂ ဦး၊ ကျုံး အနောက် ဘက်နှင့် မြောက်ဘက်ခြမ်း လျှောက်ထားသူ နှစ်ဦးစီရှိကြောင်း သိရသည်။

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ရေကစားမဏ္ဍပ်များအနေဖြင့် ကျုံးဘေးပတ်လည်ထက် မြို့တွင်း လမ်းမကြီးများပေါ်တွင် ဆောက်လုပ်ပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပံ့ပိုးကူညီရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ဝ၀၉

Leave a Reply

Your email address will not be published.