“ဒီလိုကိုင်တွယ်ပုံမျိုးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတာ မဖြစ်နိုင်ပါဘူး” မောင်မောင်ကျော် (၈၈ ကျောင်းသားခေါင်းဆောင်) “ဒီအစိုးရကို ပြတ်ပြတ်သားသားတော်လှန်မှ ရမယ်ဆိုတဲ့ အယူအဆမျိုးတွေ ဖြစ်လာတယ်” ကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်း/ပွင့်)

၁၉၈၈ ရန်ကုန်တက္ကသိုလ် ဇွန်လအရေးတော်ပုံကို စတင်ဖောက်ခွဲခဲ့သူတစ်ဦးဖြစ်ပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဗကသ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ၈၈ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်သည် ယခုအခါ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ နေထိုင်လျက်ရှိပြီး ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ)၏ အလုပ်အမှု ဆောင်အဖြစ်နှင့် The Street View ဂျာနယ်တွင် နိုင်ငံရေးဆောင်းပါးများ ရေးသားလျက်ရှိရာ မကြာမီ ရက်ပိုင်း အတွင်းက လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများ အကြမ်းဖက်ခံရခြင်းနှင့် ပတ်သက်၍ ယင်း၏ သဘောထား အမြင်များနှင့် အတူ ၁၉၈၈ ရန်ကုန်တက္ကသိုလ်၊ ဇွန်လအရေးတော်ပုံနှင့်အတူ ပေါ်ပေါက်ခဲ့သော ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ကာ ဗကသတွင် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သော ကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်း/ပွင့်)၏ လက်ပံတန်းမြို့၌ ကျောင်းသားများ အကြမ်းဖက်ခံရခြင်းအပေါ် သုံးသပ်ချက်များကို ယှဉ်တွဲဖော်ပြအပ်ပါသည်။

မောင်မောင်ကျော် (၈၈ ကျောင်းသားခေါင်းဆောင်)

မေး။        ။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အထူးသဖြင့် ကျောင်းသားအရေးတွေမှာဆိုရင် အစိုးရဟာ အကြမ်းဖက် နှိမ်နင်းခဲ့တာချည်းပါပဲ။ အခုလည်း လက်ပံတန်းမှာ အကြမ်းဖက်နည်းကိုပဲ သုံးခဲ့ပြန်တယ်။ ဘာကြောင့် ဒီနည်း ကိုပဲ တစ်စိုက်မတ်မတ်ကျင့်သုံးနေတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ တကယ်တော့ မြန်မာပြည်ရဲ့ ကျောင်းသားဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွေက ၁၉၆၂ ခုနှစ် မတိုင်ခင်က တည်းက ရှိခဲ့တယ်လို့ ဆိုရပါမယ်။ ၁၉၆၁ ခုနှစ် တရုတ်ဖြူ ကျူး ကျော်မှုဆန့်ကျင်ရေး အမေရိကန်သံရုံး ရှေ့ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ တကသထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိန်ဝင်းဟာ အဲဒီဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ရိုက်တာကို ခံခဲ့ရပြီးတဲ့နောက်ခါးမှာ အတွင်းဒဏ်ရာရခဲ့တာ သေတဲ့အချိန်အထိ အဲဒီအတွင်းဒဏ်ရာက မပျောက် ခဲ့ပါဘူး။ ဒါပေမဲ့ အခုလက်ပံတန်းမှာ ဖြိုခွင်းသလောက်တော့ မရက်စက်ဘူးလို့ထင်ပါတယ်။ အစိုးရအနေနဲ့ အကြမ်းဖက်နည်း တွေကိုသာ တစ်စိုက်မတ်မတ် ကျင့်သုံးလာခဲ့တဲ့သဘောက အုပ်စိုးသူတွေနဲ့ သူတို့ကို ဝိုင်းရံတဲ့ အသိုင်းအဝိုင်းမှာ ဒီမိုကရေစီ နိုင်ငံရေး နှလုံးသားတွေ မရှိလို့ပါ။

မေး။ ။ ကျောင်းသားဆန္ဒပြမှု တော်တော်များများဟာ အစပိုင်းမှာ ကျောင်းသားအရေးကိုပဲ တောင်းဆိုရာကနေ နောက်ပိုင်း ကျရင် နိုင်ငံရေးတောင်းဆိုမှုအထိ ဖြစ်သွားကြတာ ဘာကြောင့်လဲ။

ဖြေ။ ။ အဲဒါက ကျောင်းသားပြဿနာ စဖြစ်တဲ့အချိန်ကတည်းက အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံကြောင့်လို့ ထင်ပါ တယ်။ ကိုင်တွယ်ဖြေရှင်းပုံက နိုင်ငံရေးဆန်ပြီး သိမ်မွေ့ပါးနပ်မှု ရှိတဲ့ အစိုးရတွေအနေနဲ့ ကျောင်းသားအရေးဆန္ဒပြမှုတွေကို နိုင်ငံရေး ပြဿနာကြီးအဖြစ် မပြောင်းလဲခင်မှာ ကိုင်တွယ်ဖြေရှင်း လိုက်နိုင်တဲ့သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ ၁၉၅၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ဟယ်ရီတန်အရေး အခင်းဆိုရင် ဝန်ကြီးချုပ် ဘဘဦးနုက သပ်ရပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့လို့ နောက်ထပ် နိုင်ငံရေးပြဿနာတွေအဖြစ်ကို ထပ်ဆင့်ကူးပြောင်း မသွားခဲ့တာ ထင်ရှားတဲ့ သာဓကတစ်ခုပါ။ အခု လက်ပံတန်းမှာ ဖြိုခွင်းခံ ခဲ့ရတဲ့ ဗကသပင်မ သပိတ်ဆိုရင်လည်း အာဏာပိုင်တွေဘက်က နိုင်လိုမင်းထက် ပြုမှုခဲ့တဲ့ အတွက် လူထုအကြားမှာ နာကြည်းစရာအဖြစ်ကို ကူးပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

မေး။     ။ ပြည်သူလူထုရဲ့ အထွေထွေမကျေနပ်မှုကနေ နိုင်ငံရေးတောင်းဆိုမှုဆီ ရောက်ခဲ့တာရော မဖြစ်နိုင်ဘူးလား။ ဥပမာ ၁၉၈၇ မှာ ငွေစက္ကူ ဖျက်သိမ်းပစ်လိုက်တာလိုမျိုးကို ပြောတာပေါ့။

ဖြေ။      ။ အဲဒီငွေစက္ကူအရေးအခင်းကို အသေအချာ ပြန်သုံးသပ်ကြည့်ရင် ပြဿနာကို အစိုးရက စတာဖြစ်ပြီး ငွေစက္ကူ ဖျက်သိမ်းပစ်တော့လည်း တရားမျှတတဲ့အစီအမံတွေ ဘာမှလုပ်မပေးတဲ့အခါ ပေါက်ကွဲတာပဲဖြစ်တယ်။ ကျောင်းသားတွေ ဘက်က တမင်တကာနိုင်ငံရေးအရ ကြံစည်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး။

မေး။ ။ မတ် ၅ ရက်နေ့က ဆူးလေအကြမ်းဖက်မှုနဲ့ ၁၀ ရက်နေ့က လက်ပံတန်းအကြမ်းဖက်မှုတွေအပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။      ။ လုံးဝနိုင်ငံရေးမဆန်တဲ့အပြင် အဲဒီပြဿနာတွေဟာ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးအစိုးရအတွက် နိုင်ငံရေး အခြေ အနေတွေကို လုံးဝသုညအဆင့်ကို ထိုးကျသွားစေတဲ့ ကိုင်တွယ်ပုံမျိုး ဖြစ်ပါတယ်။ ဒီလိုကိုင်တွယ်ပုံမျိုးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆိုတာ မဖြစ်နိုင်ပါဘူး။

မေး။     ။ ၈၈ ကျောင်းသားလှုပ်ရှားမှုနဲ့ အခုအစိုးရသစ်တက်ပြီး ကျောင်းသားလှုပ်ရှားမှုကြားမှာ ဘာတွေကွာခြားသွားပြီလဲ။ ဥပမာ ကွန်ရက်ချိတ်ဆက်မှုတွေ၊ မီဒီယာအားတွေ အပါအဝင် ကျောင်းသားခေါင်းဆောင်တွေရဲ့ နည်းဗျူဟာ၊ မဟာဗျူဟာ တွေပေါ့။

ဖြေ။      ။ တိုက်ပွဲနည်းသဏ္ဌာန်ကို အုပ်စိုးသူတွေနဲ့ ဖိနှိပ်သူတွေက ပြဋ္ဌာန်းပါတယ်။ အုပ်စိုးသူတွေရဲ့ နိုင်ငံရေးအပေါ်မှာ လိုက်ပြီး နိုင်ငံရေးတိုက်ပွဲတွေ၊ လှုပ်ရှားမှုတွေ လုပ်ရတာဖြစ်လို့ ယခင် ၈၈ နဲ့ ယခုခေတ် ကျောင်းသားများရဲ့ လှုပ်ရှား ဆောင်ရွက်မှုများ ကွာခြားပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ရုပ်ပိုင်းပြောင်းလဲ လာမှုတွေကလည်း ယနေ့ခတ် ကျောင်းသား လှုပ်ရှားမှုတွေအတွက် နည်းပညာပိုင်း အထောက်အကူတွေ ပံ့ပိုးပေးတဲ့အတွက် စည်းရုံးရေး၊ ပြန်ကြားရေး၊ ဝါဒဖြန့်ချိ ရေးတွေမှာ ခေတ်ဟောင်းနဲ့မတူဘဲ သာလွန်နေပါတယ်။

မေး။   ။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဆန္ဒပြမှုမှာ ဆန္ဒပြကျောင်းသားတွေဘက်ကရော အားနည်းချက်၊ အားသာ ချက်တွေရှိရင် ပြောပေးပါ။

ဖြေ။   ။ အားနည်းချက်တချို့ကို လေ့လာမိပါတယ်။ ဒါပေမဲ့ တစ်ခုပဲထုတ်ပြောပါရစေ။ ပင်မစစ်ကြောင်းကနေ တကသနဲ့ မြေလတ်ဆိုပြီး ကွဲနေခဲ့တယ်လို့ သိရတယ်။ အဲဒါက အဆိုးဆုံးအားနည်းချက်ပါပဲ။ အာဏာပိုင်တွေဘက်က အဲဒီအချက်ရဲ့ အားနည်းမှုပေါ်မှာ အခွင့်ကောင်းယူပြီး သူတို့တွက်ထားတဲ့အချိန်မှာ အချိန်ကိုက်ဖြိုခွင်းလိုက်တာပါ။ သူတို့ရဲ့ အားသာချက် ကတော့ လူထုထောက်ခံမှု အပြည့်ရခဲ့တာပါ။

မေး။     ။ အခုလို အစိုးရက အကြမ်းဖက်နှိမ်နင်းတဲ့အတွက် အနာဂတ်နိုင်ငံရေးအလားအလာမှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်သွားနိုင်သလဲ။

ဖြေ။      ။ အခုလို အကြမ်းဖက်ခြင်းရဲ့ အကျိုးဆက်ကြောင့် နာကြည်းမှုတွေ၊ အမုန်းတရားတွေ၊ တစ်ဖက်နဲ့ တစ်ဖက် အယုံ အကြည်ကင်းမဲ့မှုတွေ ဆက်ပြီးဖြစ်နေနိုင်ပါတယ်။

ကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်း/ပွင့်)

မေး။     ။ ၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အထူးသဖြင့် ကျောင်းသားအရေးတွေမှာဆိုရင် အစိုးရဟာ အကြမ်းဖက် နှိမ်နင်းခဲ့တာချည်းပါပဲ။ အခု လည်း လက်ပံတန်းမှာ အကြမ်းဖက်နည်းကိုပဲ သုံးခဲ့ပြန်တယ်။ ဘာကြောင့် ဒီနည်းကိုပဲ တစ်စိုက် မတ်မတ်ကျင့်သုံးနေတယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ အခု ဒီပွဲမှာ ပြောရရင်တော့ အရင့်အရင်တွေနဲ့ မတူတာက Dialogue Process ပါတယ်။ ပြဿနာက Dialogue ကို Manage မလုပ်နိုင်တာက ကျောင်းသားဘက်က။ အစိုးရဘက်က အားနည်းချက်ကတော့ လူစုခွဲတော့မယ် ဆိုတဲ့အခါမှာ အဆင့်လိုက်၊ အဆင့်လိုက် စနစ်တကျမရှိဘဲ အင်အားသုံးစွဲတာကအစ အရင်ပုံစံမျိုးလုပ်တာ။ အထူးသဖြင့် အခု ဆိုရင် Video အထောက်အထားတွေ လည်းရှိတယ်။ ရုပ်ပျက်တာက ဘာလဲဆိုတော့ အဖမ်းခံရပြီးသား ကျောင်းသားကို ဝိုင်းရိုက်တဲ့ကိစ္စမျိုး။ ဒါက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နောက်တစ်ခါ ကားကို ထုရိုက်နေတဲ့ကိစ္စမျိုးဆိုတာ တာဝန် အရလုပ်တာမျိုး မဟုတ်တော့ဘဲ စိတ်လိုက်မာန်ပါလုပ်တာဆိုတော့ ရဲတွေကိုယ်၌က အဓိကရုဏ်းအသွင် ကျူးလွန်တာ။ အဲဒါ က အစိုးရပိုင်းက၊ အထူးသဖြင့် ရဲတပ်ဖွဲ့အပိုင်းက ကိုင်တွယ်ပုံ အားနည်းတာကို ပြတာပဲ။

မေး။     ။ ကျောင်းသားဆန္ဒပြမှု တော်တော်များများဟာ အစပိုင်းမှာ ကျောင်းသားအရေးကိုပဲ တောင်းဆိုရာကနေ နောက်ပိုင်းကျရင် နိုင်ငံရေးတောင်းဆိုမှုအထိ ဖြစ်သွားကြတာ ဘာကြောင့်လဲ။

ဖြေ။      ။ အဲဒါဘာကြောင့်လဲဆိုရင် နိုင်ငံရေးမကျေနပ်မှုက အခြေခံအဖြစ်နဲ့ ရှိနေတယ်။ နိုင်ငံရေးသမားမဟုတ်တဲ့ သာမန် ပြည်သူတွေကြားထဲမှာကအစ အစိုးရကို မကြိုက်ဘူးဆိုတဲ့စိတ်အခံက ရှိနေတယ်။ နောက်တစ်ခုက ကျောင်းသားဆိုတာ ကိုယ့် သားသမီးအရွယ်တွေမို့ ဒီကလေးတွေအပေါ်မှာ ကရုဏာစိတ်က ရှိပြီးသား။ ဒါက သာမန်ပြည်သူတွေရဲ့ စိတ်အခံ။ အစိုးရကို မုန်းတယ်၊ ကလေးတွေကို ကရုဏာသက်တယ်၊ သနားတယ်။ ပြဿနာက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မူဝါဒ လမ်းညွှန်မှု။ အဲဒါက ဘာလုပ်မယ်၊ ဘာမလုပ်ဘူး၊ ဘာကြောင့်ဆိုတာတွေကို ရှင်းရှင်းလင်းလင်းအသိပေးဖို့ လိုအပ်တယ်။

မေး။ ။ ဘယ်လိုမျိုးလဲဆိုတာကို ဥပမာပြပြီး ပြောပေးနိုင်မလား။

ဖြေ။   ။ ဥပမာအားဖြင့် ကျွန်တော်တို့ ၁၉၄၇ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဆန်လုပွဲတွေဖြစ်တယ်။ သပိတ်တွေဖြစ်တယ်။ အဲဒီကာလမှာ ဗိုလ်ချုပ်အောင်ဆန်းက သပိတ်တွေကို မထောက်ခံ ဘူး၊ သပိတ်တွေကို တားတယ်ဆိုတာကို ရှင်းရှင်းပြော တယ်။ ပြီးတဲ့အခါကျတော့ လာမယ့်ရွေးကောက်ပွဲကိုပဲ အဓိကလမ်းညွှန်တယ်။ ဖဆပလကိုပဲ မဲပေးကြဖို့။ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်။ ရရင်ရ၊ မရရင် ချမယ်။ ချမယ်ဆိုတဲ့နေရာမှာ အသာတကြည်နဲ့ တောင်းလို့မရမှ ချရမှာ။ အခုဟာ က ရွေးကောက်ပွဲရှိနေတယ်။ ရွေးကောက်ပွဲနည်းလမ်းနဲ့ သွားရမယ်။ ဒါကြောင့်မို့ ဖဆပလကိုပဲ မဲပေးကြဖို့ အဲဒီလိုမျိုး သမိုင်း မှာ သင်ယူမယ်ဆိုရင် ဗိုလ်ချုပ်ကို ကျွန်တော်တို့ရဲ့ Role Model စံပြပုဂ္ဂိုလ်ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ သဘောထား တဲ့အခါကျတော့ ဒီသဘောတရားကို သွား မြင်တယ်။

မေး။ ။ မတ် ၅ ရက်နေ့က ဆူးလေအကြမ်းဖက်မှုနဲ့ ၁၀ ရက်နေ့က လက်ပံတန်းအကြမ်းဖက်မှုတွေအပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ဘယ်လိုမြင်ပါ သလဲ။

ဖြေ။      ။ လူမပြောင်း မူပြောင်းဆိုတဲ့ဟာက မအောင်မြင်ဘူးဆိုတာကို သက်သေပြတဲ့ဖြစ်ရပ်တွေပဲ။ လူက နဂိုစစ်တပ်က အရာရှိတွေပဲ အရပ်ဝတ်ပြောင်းသွားတာဆိုတော့ သူတို့စဉ်းစားပုံတွေနဲ့၊ ကိုင်တွယ်ပုံတွေက အရင်အမူအကျင့်တွေပဲ။ အဓိကက အစိုးရအဖွဲ့ဆိုတာ နိုင်ငံရေးရာထူးတွေပဲ။ နိုင်ငံရေးအသိဉာဏ် – Political Sense ရှိတဲ့သူတွေပဲ တာဝန်ယူရမှာ။ Political Sense မရှိတဲ့အခါကျတော့ သူတို့စဉ်းစားပုံတွေက အထူးသဖြင့် စစ်တပ်က ဗိုလ်ချုပ်တွေဟာ လုံခြုံရေးရှု ထောင့်ကပဲ ကြည့်ကြတာများတယ်။ တစ်ခုခုလုပ်လိုက်ရင် ဖြစ်လာမယ့် နိုင်ငံရေးအကျိုးဆက်ကို မတွက်ဆတတ်ဘူး။ အဲဒီ အခါကျတော့ အရင်ပုံစံအတိုင်းပဲ၊ အရင်က စွမ်းအားရှင်ပေါ့။ အခုတော့ အထောက်အကူပြုအဖွဲ့ဆိုပြီး နာမည်ပြောင်းလည်း လုပ်နည်းလုပ်ဟန်ကတော့ ဒါပဲ။ အဲဒီအရပ်သားတွေကို ခေါ်လာတော့ သူတို့ထဲမှာလည်း လူဆိုးလူမိုက်ပုံစံပေါက်နေတဲ့လူတွေ ပါတယ်။ စွပ်ကျယ်နဲ့၊ ဆေးမင်ကြောင်တွေ၊ တက်တူးတွေနဲ့၊ ဆံပင်ရောင်စုံဆိုးထားတာတွေနဲ့၊ ဘောင်းဘီတိုတွေနဲ့ ဖြစ်ချင် တိုင်းဖြစ်နေတဲ့ဟာတွေကို လက်ပတ်ပတ်ပေးလိုက်ပြီးတော့ ဝင်ရိုက်ခိုင်းတာပေါ့။ ဒီတော့ အစိုးရဟာ နိုင်ငံရေးအရ အကြီး အကျယ် ရုပ်ပျက်သွားတယ်။ ရှုံးတာပေါ့။ လက်ပံတန်းကိစ္စမှာကျတော့ ရှေ့မှာ အရပ်သားနဲ့ ရှင်းခဲ့တာကို ဝိုင်းပြောခံခဲ့ရတော့ ရဲနဲ့ရှင်းတယ်။ ရဲနဲ့ရှင်းပြန်တော့ အင်အားကို အလွန်အကျွံ သုံးတယ်။ တကယ်က ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အခုလို အင်အားသုံးပြီး လူစုခွဲရတဲ့အခြေအနေမျိုး မရောက်နိုင်ဘူး။ ဆန္ဒပြမှုကို ဖြိုခွဲတဲ့အခါမှာလည်း လုပ်ထုံးလုပ်နည်းတွေရှိတယ်။ အဓိကက လူစုကွဲသွားဖို့နဲ့ ခေတ္တထိန်းသိမ်းဖို့ပဲ။ အဲဒီဦးတည်ချက်ထက် ကျော်လွန်ပြီးတော့ အငြိုးတကြီးနဲ့ ရိုက်နှက်တာမျိုးက တာဝန်အရလုပ်တာမဟုတ်တော့ဘူး။ ဒေါသအလျောက်လုပ်တာ။ တချို့ကပြောတယ်။ အဲဒီလို ဒေါသထွက်အောင် သူတို့ကိုယ်တိုင်က ဆွထားတယ်ဆိုတာမျိုး အရင်တုန်းက အတွေ့အကြုံရှိတဲ့သူတွေက ပြောတယ်။

မေး။     ။ ၈၈ ကျောင်းသားလှုပ်ရှားမှုနဲ့ အခုအစိုးရသစ်တက်ပြီး ကျောင်းသားလှုပ်ရှားမှုကြားမှာ ဘာတွေကွာခြားသွားပြီလဲ။ ဥပမာ ကွန်ရက်ချိတ်ဆက်မှုတွေ၊ မီဒီယာအားတွေ အပါအဝင် ကျောင်းသားခေါင်းဆောင်တွေရဲ့ နည်းဗျူဟာ၊ မဟာဗျူဟာ တွေပေါ့။

ဖြေ။      ။ ကျွန်တော်တို့ ၈၈ ကျောင်းသားခေါင်းဆောင် ဘဝတုန်းကလည်း ကျွန်တော်တို့ အရင်မျိုးဆက် ခေါင်းဆောင်ကြီး တွေရှိတယ်။ သူတို့နဲ့ တူတာတွေ ရှိသလို၊ သူတို့နဲ့ သဘောထားကွဲတာတွေလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဆုံးဖြတ်ချက်ချတာတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သက်တူရွယ်တူ ဦးဆောင်သူတွေကြားထဲမှာ အကြောင်းအကျိုး တွေကို ပြည့်ပြည့်စုံစုံ ဆွေးနွေးငြင်းခုံပြီးတော့မှ ဆုံးဖြတ်ချက်ချတာ။ နောက်တစ်ခုကွာတာက ကျွန်တော်တို့တုန်းက ပိန်းပိတ် အောင် မှောင်နေတဲ့အချိန်ဖြစ်ပြီး တခြားနည်းလမ်းရွေးစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပါတီထဲရှိတာကိုး။ ကျွန်တော် တို့က အဆုံးအစွန်အထိ ဆန့်ကျင်တော်လှန်ဖို့ဆိုတာကလွဲပြီး တခြားရွေးစရာမရှိဘူး။ ကျွန်တော်တို့မှာ ကျောင်းသားသမဂ္ဂ လည်း ဖွဲ့စည်းခွင့်မရှိဘူး။ အခြား နိုင်ငံရေးအဖွဲ့အစည်းတွေလည်း တရားဝင်ဖွဲ့စည်းခွင့်မရှိဘူးဆိုတော့ ကျွန်တော်တို့က မြင်ကွင်းရှင်းတာပေါ့။ အခုကျတော့ လူထုထောက်ခံမှုအများဆုံးရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်၌က လွှတ်တော်တွင်း နိုင်ငံရေးကိုလုပ်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ ကျွန်တော်တို့ ၈၈ တုန်းက အဲဒီလို အခြေ အနေမဟုတ်ဘူး။ ကျွန်တော်တို့ဘက်မှာ နိုင်ငံရေးပါတီလည်းမရှိဘူး။ ခေါင်းဆောင်ဆိုတာလည်းမရှိဘူး။ အခုကျတော့ ကျွန်တော်တို့က ပင်မရေစီးကြောင်းက ဘာလဲဆိုတာကို နားလည်ဖို့ လိုလာပါတယ်။ အဲဒီအချိန်မှာ ဒီကျောင်းသားလှုပ်ရှားမှု ဟာ ပင်မရေစီးကြောင်းကို အထောက်အကူပြုဖို့ ဖြစ်သလား၊ အပြိုင်အဆိုင်ဖြစ်သလား သို့မဟုတ် ထိခိုက်စေသလားဆိုတာကို ထည့်စဉ်းစားဖို့ လိုလာတယ်။ ဒါကြောင့် အခြေအနေချင်း ကွာသွားတယ်။

မေး။     ။ အခုလို အစိုးရက အကြမ်းဖက်နှိမ်နင်းတဲ့အတွက် အနာဂတ်နိုင်ငံရေးအလားအလာမှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်သွားနိုင်သလဲ။

ဖြေ။      ။ အကြမ်းဖက်နှိမ်နင်းတာရော၊ အခုအခြေအနေအထိရောက်အောင် ဖြစ်လာတာတွေအားလုံးက ဘာဖြစ်လာလဲ ဆိုတော့ အမုန်းတရားကို စေ့ဆော်တာ၊ လှုံ့ဆော်တာ၊ အစိုးရမုန်းတီးမှုတွေ ပိုများလာတယ်။ အဲဒီတော့ “ဘက်”ဆိုတဲ့ သူ့ဘက်၊ ကိုယ့်ဘက်ဆိုတာတွေ ပိုများလာတယ်။ သူတို့က အမြဲတမ်း မတရားသဖြင့် လုပ်နေတဲ့သူတွေ၊ အကြမ်းဖက်နေတဲ့ သူတွေ။ ငါတို့က သူတို့ကို အမြဲတမ်း တော်လှန်နေရမယ်၊ အားမွေးနေရမယ်ဆိုတဲ့ အကွဲပိုကြီးလာပြီးတော့ Moderate သဘောထား အလယ်အလတ်ရှိပြီး ညှိနှိုင်းဆောင်ရွက်မယ့်နယ်ပယ်တွေ၊ ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေမှာ လုပ်မယ့် သူတွေအတွက်ပါ ခွင်ကျဉ်းသွားတယ်။ ဒီအစိုးရကို ပြတ်ပြတ်သားသား တော်လှန်မှရမယ်ဆိုတဲ့ အယူအဆမျိုးတွေ ဖြစ်လာ တယ်။

အဲဒါကို နိုင်ငံရေးခေါင်းဆောင်အပိုင်းက မူလလမ်းကြောင်းပေါ် ပြန်ရောက်အောင် တော်တော်ပြန်ကြိုးစားရလိမ့်မယ်။ ဆိုလိုတာက ရွေးကောက်ပွဲနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းမဟုတ်ရင် တခြားနည်းလမ်းက ဦးဆောင်မှုပေးနိုင်သလား ဆိုတာကို ကျွန်တော်တို့ လက်တွေ့ကျကျ သုံးသပ်ဖို့လိုတယ်။ ဥပမာအားဖြင့် ရှစ်လေးလုံးအရေးတော်ပုံဖြစ်ခဲ့တယ်။ တစ်နိုင်ငံလုံး ဒီထက်ကြီးတဲ့အရေးတော်ပုံ မရှိတော့ဘူး။ ကျွန်တော်တို့ ပွဲမသိမ်းနိုင်ခဲ့ဘူး။

နောက်တစ်ပွဲကတော့ ၂၀ဝ၇ ရွှေဝါရောင်အကြီးအကျယ်ဖြစ်ခဲ့တယ်။ အဲဒီမှာလည်း ပွဲသိမ်းနိုင်တဲ့ ဦးဆောင်မှုမျိုး မရခဲ့ဘူး။ အခုကောလို့ ကျွန်တော်တို့က ထပ်ပြီးမေးခွန်းထုတ်ရမယ့် အခြေအနေ။ ကျွန်တော်က ဆန္ဒပြပွဲတွေကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း နေ့တိုင်းဆန္ဒပြပွဲတွေ ရှိတယ်။ အဲဒီ ဆန္ဒပြပွဲတွေက ဘယ်အကြောင်းအရာကို ဆန္ဒ ပြမှာလဲ။ သူရဲ့ အကန့်အသတ်က ဘယ်လောက်လဲဆိုတာကို နားလည်ဖို့တော့ လိုမယ်လို့ ထင်တယ်။ အခုဟာက စိတ် ခံစားမှု ဒေါသတွေ အားကောင်းလာရင် ဆင်ခြင်တုံတရားတွေ အားနည်းသွားမှာက ထုံးစံပဲ။

ဝ၂၆

Leave a Reply

Your email address will not be published.