“ဖန်တီးသူတို့အပြော၊ ခံစားသူတို့အမြင်”

အနုပညာလက်ရာများတွင် ထာဝရနှစ်ဖက်မြင်သဘော ရှိတတ်ပါသည်။ ဖန်တီးသူများဘက်မှ ယင်းလက်ရာအား မည်သည့်အတွက်၊ မည်ကဲ့သို့ မည်မျှကြာ ဖန်တီးရသည်ဟူသော ပြောစရာအတွေးအမြင်များ ရှိနေသည့်နည်းတူ ထိုလက်ရာ အား ခံစားသူများဘက်တွင်လည်း မည်ကဲ့သို့၊ မည်မျှနှင့် မည်သည့်အတွက် ခံစားရသည်ဟူသော အမြင်အတွေးများ ပြောစရာရှိနေပါသည်။ ထို့ကြောင့် ယခု “ဖန်တီးသူတို့အပြော၊ ခံစားသူတို့အမြင်}”ကဏ္ဍမှ တစ်ဆင့် ထိုအကြောင်း အရာများကို ခြုံငုံလေ့လာနိုင်ရန် ဖော်ပြအပ်ပါသည်။

အယ်ဒီတာ

ဖန်တီးသူတို့အပြော

နာမည်ကြီးအဆိုတော်များအတွက် တစ်ကိုယ်တော်အခွေများစွာနှင့် ပြည်တွင်းရှိုး၊ ပြည်ပရှိုးများစွာတို့တွင် တီးခတ်ပေးခဲ့သည့် Guitarist နိုင်ဇော် Lazy Club က တစ်ကိုယ်တော်အတီးသက်သက် ဂီတတီးလုံး အခွေများလည်း ထွက်ရှိထားသူဖြစ်သည်။ “ခုနှစ်ကြိုး ဂစ်တာပုံပြင်များ”၊ “သိပ္ပံခေတ်ရဲ့ သားကောင်များ”၊ “မြေအောက်ကကြိုး”၊ “သုခုမစက်ရုပ်”၊ “သော်ဒီဝေနှင့် နိုင်ဇော်”၊ “ဗိုလ်ချုပ်ရာပြည့်ဂုဏ်ပြု သီချင်း များ”စသည့် ဂီတတစ်ကိုယ်တော်ခွေများက သူ၏မှတ်တိုင်များ ဖြစ်သည်။ ထိုမှတ်တိုင်များအတွက်လည်း “မြန်မာ့ဂီတထူး ချွန်ဆုပေးပွဲ ၂၀၁၄”တွင် အတီးဆု(အထူးဆု)ကို ရရှိခဲ့သည်။ မကြာခင်ကာလတွင်လည်း ယခင်က နာမည်ကျော်ကြားခဲ့သော နာမည်တစ်လုံးတည်းနှင့် သီချင်းများကို တီးခတ်ထားသည့် သူ၏ ဂီတသက်သက်လက်ရာများသာ ပါဝင်မည့် “ဇွဲ၊ ဂုဏ်၊ မာန်၊ စိမ်း၊ နွေ၊ မိုး၊ ဆောင်း”အခွေထွက်ရှိတော့မည်ဟု လည်း သိရသည်။ သူ၏ ဖန်တီးမှုများကို တစ်ခုချင်း ဆွဲမထုတ်တော့ဘဲ ဂီတဘဝ တောက်လျှောက် ဖန်တီးခဲ့မှု ခံစားချက်စကားများကို မေးမြန်းခဲ့ရာတွင်….

ဖြေ။      ။ ကျွန်တော်က ငယ်ငယ်လေးထဲက တီးလုံးသက်သက်ဂီတကို ဝါသနာပါတာလေ။ ညအိပ်ရာဝင် တီးလုံးလေးတွေ အရသာခံတယ်။ ဂစ်တာ တီးတော့လည်း အဆိုကြောင့်လည်း ဂစ်တာတီးဖြစ်သလို၊ တီးလုံးလေးတွေကို တစ်ခါတလေကျတော့လည်း စိတ်နဲ့ခံစားပြီး တီးဖြစ်တာပေါ့နော်။ အခု ဂစ်တာ သမားတစ်ယောက်ဖြစ်လာတော့ ကိုယ့်နိုင်ငံမှာ ဂီတသက်သက် အခွေထုတ်ရောင်းတဲ့ ဈေးကွက်က မရှိဘူး။ အရမ်းမျက်နှာငယ်ရတယ်။ အဲဒီဈေးကွက်လေး ဖော်ဆောင်တဲ့သူဖြစ်ချင်တယ်ဗျာ။ ဒီတော့ ငယ်ငယ်ကတည်းက အခွေထုတ်နိုင်အောင် ကြိုးစားခဲ့တယ်။ ထုတ်ဝေသူမရှိပေမယ့်လည်း ကိုယ့်ဟာကိုယ် ဂစ်တာတီး လို့ရတဲ့ ပိုက်ဆံတွေ စုပြီးတော့ instrumental အခွေတွေ စမ်းတဝါးဝါးထုတ်တယ်။ အခွေတီးရင်းနဲ့ ခင်မင်ခဲ့တဲ့ Producer တွေက သူတို့ ဖြန့်ချိရေးမှာ ဖြန့်ပေးတယ်။ တီးဝိုင်းတွေကလည်း ကူညီပေးသလို ဖြူဖြူကျော်သိန်း၊ ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊ ထူးအိမ်သင်တို့ကအစ ကူညီပေးကြပါတယ်။ ဒါတွေကို ကျွန်တော့်ဘဝမှတ် တိုင်တစ်ခုအနေနဲ့ထုတ်တယ်။ ၄ ခွေထုတ်အပြီးမှာ ကျွန်တော်ထုတ်ဝေသူရသွားပြီးတော့ သူ့ရဲ့ စီးပွားဖြစ် အခွေတွေမှာ ကျွန်တော့်ကိုအပ်တယ်။ “သော်ဒီဝေနဲ့ နိုင်ဇော်”ဆိုတဲ့အခွေကို ရောင်းတမ်းစီးရီးထဲမှာ လုပ်ဖြစ်တယ်။ ပြီးတော့ “နိုင်ဇော်ရဲ့ နိုင်ဇော်”ဆိုပြီး ကျွန်တော့်ရဲ့ ထွက်ထားတဲ့အခွေတွေကို ပြန်ပေါင်းပြီး လုပ်တဲ့အခွေမှာ ကျွန်တော် ဆုတစ်ဆုရတဲ့အတွက် ကျွန်တော့်ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ပရိသတ်တွေအနေနဲ့ ကျွန်တော့်ရဲ့ “နိုင်ဇော်ရဲ့ နိုင်ဇော်”ကို နားထောင်ဖူးသည်ဖြစ်စေ၊ နားမထောင်ဖူးသည်ဖြစ်စေ စတီရီယိုသမိုင်းကြောင်းမှာ ကျွန်တော်သည် ဂီတအခွေပေါင်းများစွာ ထုတ်ပြီးတော့ ရရှိခဲ့တဲ့ အသိအမှတ်ပြုမှု တစ်ခုလို့ ခံယူထားတယ်။ ကျွန်တော် အနှစ်နှစ်အလလက အငတ်အပြတ်ခံပြီးတော့ ဖန်တီးခဲ့ရတဲ့ တီးလုံး သက်သက် instrumental တွေပေါ့နော်။ ကမ္ဘာပေါ်မှာ ဘာသာစကားမလိုဘဲနဲ့ တီးလုံးသက်သက် ဖြန့်ချိလို့ရတဲ့ ဂီတကို မြန်မာပြည်မှာ အခုလို ဖြန့်နိုင်တဲ့အတွက်လည်း တစ်သက်လုံး ဂုဏ်ယူနေမှာပါ။ နိုင်ငံအနေနဲ့ မှတ်တမ်းမှာ လည်း instrumental အခွေမြောက်မြားစွာ ထွက်တယ်ဆိုတာ ရှားပါတယ်။ ဂုဏ်ယူ၀င့်ကြွားစွာနဲ့ ဂီတလော ကမှာ ဒီလိုအခွေတွေ ဆက်တီးနေဦးမှာပါ။

မေး။     ။ ကိုနိုင်ဇော် ဆုရတဲ့ဂီတတွေအကြောင်းလည်း ပြောပြပါလား။ ကိုနိုင်ဇော်ရဲ့ ၂၀ဝ၀ ပြည့်နှစ်ထဲကနေ ဖန်တီးမှုတွေကို သူတို့က သုံးသပ်ပြီး ဆုပေးခဲ့တာနော်။

ဖြေ။      ။ ကျွန်တော်တို့ အနုပညာသမားတွေက ခေတ်ကိုကြိုပြီး တွေးရပါ တယ်။ ကျွန်တော်တို့ ဖြန့်မယ့်အခွေကို တစ်နှစ်လောက်ကြို တီးရပါတယ်။ ပရိသတ်ထက် ရှေ့ရောက်နေတာကတော့ အမှန်ပါပဲ။ ပရိသတ်ဘာကြိုက် မလဲဆို ပြီး ကြိုတွေးတဲ့ အတွေးကတော့ အနုပညာသမားတိုင်း တတ်ကြပါတယ်။ ကျွန်တော် ၂၀ဝ၀ ပြည့်နှစ် လောက်ကတည်းက ရူးသွပ်ခဲ့တာတွေက အခုမှ အသိအမှတ်ပြုခံရတယ်လို့ သဘောတူပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ ကျွန်တော်တီးတာ ဆိုလို့ ဦးလှထွဋ်ရဲ့ “တိမ်တမန်”တစ်ပုဒ်ပဲ ပါပါတယ်။ အဲဒီထဲမှာ အသစ်က တစ်ပုဒ်ထဲ ပါပြီးတော့ ကျန်တဲ့သီချင်းတွေက ၂၀ဝ၈၊ ၂၀ဝ၉ လောက်ကတည်းက တီးထားတာတွေ ပါပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက တွေးပြီး ဖန်တီးထားတာတွေက အခုထိ ခေတ်မီနေဆဲ၊ ဆန်းသစ်နေဆဲလို့ ခံယူ ပါတယ်။ ကျွန်တော်ဖန်တီးထားတာတွေကို နားလည်တဲ့သူလည်းရှိသလို၊ နားမလည်တဲ့သူလည်း ရှိဦးမှာပါ။ ဆုရပြီးတော့မှ ကျွန်တော်ပြောခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ ကျွန်တော့်အတွေးက အဲဒီထက်ပိုပြီး ဆန်းသစ်တဲ့ဘက်ကို ရောက်သွားပါပြီလို့၊ အခု မကြာခင်ထွက်မယ့် အခွေတစ်ခွေမှာ လတ်တလော စိတ်ကူးတွေနဲ့ ထွက်မယ့်သီချင်းတွေ ရှိပါသေးတယ်။ အတိတ်ကိုပဲ အရသာခံပြီး အနာဂတ်မှာ ဘာမှဆက်မလုပ်တဲ့ ဂီတသမား မဖြစ်ချင်ဘူး။ ဒီဆုကိုရတာ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ဒါနဲ့ပဲ ဘဝတစ်လျှောက်လုံး မပြီးသွားစေဘဲ ကောင်းမွန်တဲ့ အလုပ်တွေ ဆက်လုပ်ရဦးမှာပါ။

ခံစားသူတို့အမြင်

ရန်ပိုင်အောင် (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပထဝီ၊ ဒုတိယနှစ်)

သူ့ရဲ့ တီးတဲ့ပုံစံတွေကို ကြိုက်တယ်။ သူလုပ်ထားတဲ့ ဂစ်တာ Lession ခွေတွေကိုလည်း နားထောင်ဖြစ်တယ်။ သူ့အခွေမှာ တော်တော်ကြိုးစားအားထည့် ပြီး လုပ်ထားတာကို တွေ့ရတယ်။ သူက Instumental   အခွေတွေ လည်း လုပ်တယ်။ ဒါပေမဲ့ ဒီမှာက Instumental တွေကို နားထောင်တဲ့သူတွေ နည်းတယ်။ သိပ်မသိကြဘူး။ တီးခတ်မှုပိုင်းမှာ ရသတစ်ခု ပေးစွမ်းနိုင်တဲ့ Instumental အခွေတွေကို သူ့လိုမျိုး ကျန်တဲ့ဂစ်တာပလေယာတွေကို လည်း လုပ်စေချင်တယ်။ သူက စာလည်း ရေးတယ်။ သူ့စာအုပ်တွေ တော်တော်များများလည်း ဖတ်ဖူးပါ တယ်။ Stage Show အတွေ့အကြုံလေးတွေကို ရေးထားတာ။ Stage Show မှာ တွေ့ခဲ့တဲ့ အလွဲလေးတွေကို ဟာသပုံစံ မျိုးရေးထားတာလေ။ ကောင်းပါတယ်။ သူတီးထားတဲ့ သီချင်းလေးတွေထဲမှာ ကြိုက်တာကတော့ အကုန်လုံးနီးပါးပါပဲ။

မိုးမိုးလှိုင် (ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ B. Act)

ညီမက ဂစ်တာသမားတွေ တော်တော်များများထဲမှာ Lazy Club က ကိုနိုင် ဇော်ရယ်၊ Metal Zone က ကိုဇော်လတ်ရယ်၊ IC က ကိုချစ်စမ်းမောင်တို့ကို ကြိုက်တယ်။ ကျန်တဲ့ ဂစ်တာသမားတွေနဲ့ မတွေ့ဖူးပေမယ့် ကိုနိုင်ဇော်ကတော့ တော်တော်သဘောကောင်းတယ်။ အပြင်မှာတွေ့လို့ မိတ်ဆက်တဲ့အခါမှာ တော်တော်လေးကို ဖော်ဖော်ရွေရွေဆက်ဆံတယ်။ မာနကြီးတဲ့ပုံစံမျိုးတော့မရှိဘူး။ သူတီးထားတဲ့ သီချင်းတွေကတော့ ကြိုက်တာ အများကြီးပဲ။ သူတီးထားတဲ့ ဆည်းဆာအလှခွေထဲက “မေ” ဆိုတဲ့ သီချင်းကိုတော့ တော်တော်ကြိုက်တယ်။ ကိုဇော်ပိုင်ဆိုထားတာလေ။ ဦးဇော်ဝင်းရှိန်ဆိုတုန်းက Country ပုံစံလေးကို ပုံသဏ္ဌာန်ပြောင်းလိုက်ပြီး Slow ပုံစံနဲ့ဆိုထားတော့ ပုံစံအသစ်သဘောမျိုးနဲ့ နားထောင်ရတာ တော်တော်ကောင်းတယ်။ သူလုပ်ထားတဲ့ Instumental အခွေကို အစ်ကိုတစ်ယောက်က ဝယ်လာလို့ နားထောင်ဖူးတယ်။ သီချင်းအဆိုမပါဘဲ တီးလုံးချည်း ပဲဆိုတော့ နားထောင်ရတာတစ်မျိုးပေါ့။ အစပိုင်း နားမလည်ပေမယ့် နားထောင်ရင်းနဲ့ တော်တော်ကြိုက်သွား တယ်။ အဲဒီနောက်ပိုင်း Instumental အခွေတွေကို ပိုပြီးတော့ နားထောင်ဖြစ်တယ်။

ဝ၁၆၊ဝ၅၄

Leave a Reply

Your email address will not be published.