“သင်္ဘောမြုပ်ခါနီးမှာ သတိပေးချက် ဘာမှမလုပ်ဘူး။ ပြီးတော့ မီးလည်းပြတ်သွားတယ်” “သင်္ဘောမြုပ်တာနဲ့ သင်္ဘောသားတွေလည်း အသက်ကယ်ဝတ်စုံဝတ်ပြီး ရေထဲကိုခုန်ဆင်းသွားကြတယ်”

သင်္ဘောနစ်မြုပ်မှု အသက်မသေဘဲ လွတ်မြောက်လာသူ ဦးမောင်တင်ဝင်း နှင့်တွေ့ဆုံမေးမြန်းခြင်း

၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက် ညပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ခရီးသည် ၃၀ဝ ခန့်ကို တင်ဆောင် ထွက်ခွာလာသော အောင်တံခွန် – ၃ ခရီးသည်တင် နှစ်ထပ်သင်္ဘောသည် မြေပုံမြို့နယ် နောင်တော်ကြီးကျွန်းအနီးတွင် နစ်မြုပ် သွားခဲ့သည်။ နောက်ဆုံးရရှိထားသည့် စာရင်းများအရ သင်္ဘောနစ်မြုပ်မှုကြောင့် ခရီးသည် ၆၀ ကျော် သေဆုံးသွားခဲ့ပြီး ရေအောက်သို့ ရောက်ရှိနေသော သင်္ဘောအတွင်း ခရီးသည်များ၏အလောင်းများ ကျန်ရှိနေနိုင်သေးကြောင်း ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။ ရခိုင်ပြည်နယ်သမိုင်းတွင် လူအသေအပျောက် အများဆုံး သင်္ဘောနစ်မြုပ်မှု အဖြစ် မှတ်တမ်းဝင်ခဲ့သော အောင်တံခွန်-၃ သင်္ဘောနစ်မြုပ်မှုမှ ကံကောင်းထောက်မစွာ အသက်မသေဘဲ လွတ်မြောက်လာသည့် ကျောက်ဖြူမြို့နယ် ကုန်ဘွေရွာမှ အသက် ၅၂ နှစ်အရွယ် ဦးမောင်တင်ဝင်းအား Rakhine News Agency က တွေ့ဆုံမေးမြန်းထားသည်များမှ အချို့ကိုထုတ်နုတ်တင်ပြအပ်ပါသည်။

မေး။     ။ သင်္ဘောမနစ်မြုပ်ခင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပေးပါ။

ဖြေ။      ။ ဒီသင်္ဘောက တောင်ကုတ်ကလာပြီး ကျောက်ဖြူဆိပ်ကမ်းမှာ တစ်နာရီလောက်နားတယ်။ ညနေ ၅ နာရီထိုးခါနီး လောက်မှာ စစ်တွေကို စထွက်တယ်။ ပြီးတော့ နောင်တော်မြစ်ကိုဖြတ်တဲ့အချိန်မှာ ကျောက်ဆူးကြိုးကြားကတစ်ဆင့် ရေဝင်တာကိုသိတယ်။ နောင်တော်မြစ်မှာဆိုတော့ လှိုင်းကလည်း နည်းနည်ပြင်းတယ်။ သင်္ဘောကလည်း တဖြည်းဖြည်း ဘယ်ညာလှိမ့်လာတယ်။ ပြီးတော့ သင်္ဘောလည်းနိမ့်လာသလို ဖြစ်လာတယ်။ လှိုင်းလုံးကြောင့် ရေတွေလည်း သင်္ဘောပေါ်ကို တက်လာတယ်။

မေး။     ။ အဲဒီလိုအခြေအနေမှာ သင်္ဘောပေါ်က တာဝန်ရှိသူတွေက ခရီးသည်တွေကို ဘာတွေပြောလဲ။

ဖြေ။      ။ သူတို့က ဘာမှမပြောဘဲ သင်္ဘောကိုပဲ ဆက်မောင်းနေကြတယ်။ နောင်တော်မြစ်ကို ကျော်လာတာနဲ့ ခရီးသည် တွေကို ရေတွေကူပက်ပေးကြဖို့ သင်္ဘောသားတွေက အကူအညီတောင်းတယ်။ ခရီးသည်တွေကလည်း ရေတွေကို ဝိုင်းပက် ပေးပေမယ့် ရေတွေက ဒလဟောဝင်နေတော့ ဘယ်လိုမှ ထိန်းမနိုင်တော့ဘူး။ အဲဒီအချိန်မှာ သင်္ဘောသားတွေက ခရီးသည် တွေကို မကြောက်ကြပါနဲ့လို့ ပြောတယ်။ အဲဒီလိုနဲ့ ဆက်သွားရင်း နောင်တော်မြစ်ကို ကျော်လာတယ်။

မေး။     ။ နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ။

ဖြေ။      ။ ချောင်းဝကို ဝင်ခါနီးမှာ သင်္ဘောသားတစ်ယောက်က ခရီးသည်တွေထဲမှာ လမ်းကျွမ်းကျင်တဲ့လူ ပါလားဆိုပြီး မေးတယ်။ ခရီးသည်တွေက မပါဘူးလို့ပြန်ဖြေကြတယ်။ အဲဒီအချိန်မှာ လှိုင်းမရှိတော့ဘဲ အိမ့်လှိုင်းလောက်ပဲရှိတဲ့အချိန် မြစ်ဝထဲဝင်လာခါနီးမှာ တဖြည်းဖြည်းနဲ့ သင်္ဘောဦးပိုင်းက နိမ့်ဆင်းလာတယ်။ လှိုင်းမကြီးတော့ပေမယ့် ရေကပိုပြီးဝင်လာ တယ်။ အပေါက်ရှိတဲ့ နေရာတိုင်းက ရေဝင်လာတယ်။ အဲဒီတော့ သင်္ဘောမစောင်းတဲ့ဘက်ကို လူတွေကိုရွှေ့ခိုင်းတယ်။ သင်္ဘောဦးပိုင်းက ပိုပြီးနိမ့်ဆင်းလာတယ်။ အခြေအနေပိုဆိုးလာလို့ ခရီး သည်တွေအားလုံးကို သင်္ဘောနောက်ပိုင်းကို ရွှေ့ခိုင်းတယ်။ ခရီးသည်တွေကလည်း ရွှေ့ကြတယ်။ အလေးချိန်လျော့သွားအောင် ပါလာတဲ့ပစ္စည်းတွေကိုလည်း ရေထဲကို ပစ်ချခိုင်းတယ်။ ပစ္စည်းတွေကို ပစ်ချတာ တစ်ဖက်ကိုများသွားပြီး တဖြည်းဖြည်း ဘယ်ဘက်ကို တိမ်းစောင်းလာပြီး နောက်ဆုံး မြုပ်သွားတယ်။

မေး။     ။ သင်္ဘောမြုပ်ခါနီးမှာ တာဝန်ရှိသူတွေက သင်္ဘောမြုပ်တော့မယ့်အကြောင်း သတိပေးခဲ့တာမျိုးရှိလား။

ဖြေ။      ။ သင်္ဘောမြုပ်ခါနီးမှာ သတိပေးချက် ဘာမှမလုပ်ဘူး။ ပြီးတော့ မီးလည်းပြတ်သွားတယ်။ မီးကိုပိတ်လိုက်တာလား၊ အလိုလို ပြတ်သွားတာလားတော့ မသိဘူး။ သင်္ဘောမြုပ်တာနဲ့ သင်္ဘောသားတွေလည်း အသက်ကယ်ဝတ်စုံဝတ်ပြီး ရေထဲကို ခုန်ဆင်းသွားကြတယ်။

မေး။     ။ သင်္ဘောမြုပ်တော့ အစ်ကိုက ဘယ်လိုလွတ်လာတာလဲ။

ဖြေ။      ။ သင်္ဘောမြုပ်တဲ့အချိန်မှာ ည ၈နာရီ ထိုးခါနီးနေပြီ။ အခန်းထဲမှာ အပြင်မထွက်ဘဲ တံခါးပိတ်ပြီးကျန်ခဲ့တာ လူ ၃၀ ကျော်လောက်ရှိမယ် ထင်တယ်။ အခန်းထဲမှာ ကျန်ခဲ့တာက အမျိုးသမီးတွေများတယ်။ သင်္ဘောမြုပ်တာနဲ့ တွေ့တဲ့ပစ္စည်း တွေကိုဖက်ပြီး၊ ကိုယ်ဖော့ပြီး ကူးကြတယ်။ ကျွန်တော်က သင်္ဘောမမြုပ်ခင် အခန်းထဲဝင်မိတော့ ရေဝင်လာတာနဲ့ အခန်းထဲက မှန်ကို လက်သီးနဲ့ထိုးပြီး ထွက်လာရတယ်။ ကျွန်တော်က ရေသန့်ဘူးကြီးတစ်လုံးရလိုက်လို့ အသက်ရှင်လာတာပါ။ ကမ်းခြေနဲ့ ၄ ဖာလုံလောက်တော့ ဝေးမယ်ထင်တယ်။ ဘာပစ္စည်းမှ မရလိုက်ဘူး။ အဲဒီအချိန်မှာ အသက်ရှင်ဖို့ဆိုတာ မလွယ်ပါဘူး။ သင်္ဘောပေါ်မှာ တင်းဝါးအစည်း ၁၀ဝ ကျော်လောက် ပါလာတယ်။ တစ်စည်းမှာ ဝါးလုံး ၅၀ လောက်ပါတယ်။ အဲဒီပစ္စည်း တွေ ကြောင့်ပဲ လူ ၁၀ဝ ကျော်လောက်ကို ကယ်လိုက်နိုင်တယ်လို့ ပြောရမှာပါ။ ကျွန်တော် ကမ်းခြေကို ၈ နာရီ မိနစ် ၄၀ လောက်မှာ ရောက်သွားတယ်။

မေး။ ။ ကယ်ဆယ်ရေးတွေက ဘယ်အချိန်လောက် ရောက်လာလဲ။

ဖြေ။   ။ ကျွန်းပေါ်ကလူတွေက တတ်နိုင်သလောက် လှေတွေနဲ့ ထွက်ကယ်ကြတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ၁၄ ရက်နေ့ မနက် ၆ နာရီဝန်းကျင်လောက် ရောက်လာတယ်။ မီးသတ်၊ ကြက်ခြေနီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါလာတယ်။ NAVY က မနက် ၈ နာရီလောက် ရောက်လာတယ်။ အသက်ရှင်တဲ့သူတွေကို NAVY သင်္ဘောနဲ့ တင်လာတယ်။ ကျွန်တော်လည်း အဲဒီ NAVY သင်္ဘောနဲ့ ကျောက်ဖြူကို ပြန်ရောက်လာတာပဲ။

ဝ၆၆

Leave a Reply

Your email address will not be published.