လျှောက်ရင်းနဲ့ လဲနိုင်တယ် လဲတဲ့နေရာက ပြန်ထပါ၊ ဆက်လျှောက်ပါ

” Oxfam က တန်းတူညီမျှမှုရှိရေးကို ဦးစားပေးတယ်။ အထူးသဖြင့် အမျိုးသမီးများအရေးကို လှုပ်ရှားတဲ့အဖွဲ့ဖြစ်တယ်။ အဲဒီအဖွဲ့က သျှီကို ကမ်းလှမ်းတယ်ပေါ့။ Music နဲ့ အမျိုးသမီးတွေအတွက် လှုံ့ဆော်မှုတစ်ခု လုပ်ချင်ပါတယ်ဆိုပြီးပေါ့။ အဲဒါကြောင့် ပါဝင်ဖြစ်တာပါ”ဟု အဆိုတော် သျှီက မတ်လ ၈ ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည့် အမျိုးသမီးများ ဦးဆောင်ရေးအခွင့်အလမ်းများ ဖန်တီးပေးဆိုသည့် ခေါင်းစဉ်ဖြင့် လှုံ့ဆော်မှုဂီတဖျော်ဖြေပွဲတွင် ပူးပေါင်းပါဝင်ရန် သီဆိုခဲ့ ကြောင်းကို ပြောပြခဲ့သည်။ Oxfam က အမျိုးသမီးများအတွက် ပြုလုပ်ခဲ့သည့် သီချင်းရေးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် သီချင်းများထဲမှ တစ်ပုဒ်ကို သျှီက Audio CD ထဲတွင် ပါဝင်သီဆိုပေးခဲ့သလို Show ပွဲတွင်လည်း ဖျော်ဖြေပေး ခဲ့ခြင်းဖြစ်သည်။

မေး။   ။ ဒီတေးရေးတွေက အောင်မြင်ကျော်ကြားသူတွေ မဟုတ်ဘဲနဲ့ ပြိုင်ပွဲဝင်ရင်း ဆုရခဲ့တဲ့အသစ်တွေဆိုတော့ သူတို့ သီချင်းတွေကို ဆိုကြည့်တဲ့အခါ စာသားတွေ၊ သံစဉ်တွေအပေါ် ဘယ်လို Mood ဝင်ခဲ့လဲ။

ဖြေ။   ။ Professional မဟုတ်တဲ့သူတွေကို ပြိုင်ဖို့ ရွေးတာပေါ့နော်။ အမျိုးသမီးတွေအတွက် ဆိုပေမယ့် အမျိုးသား တွေပါ ဝင်ပြိုင်တယ်။ လာပြိုင်တဲ့သူတွေကလည်း တော်တော်ကောင်းကြတယ်။ ရွေးရခက်ခဲ့တယ်။ အဲဒီထဲကမှ ၃ ပုဒ် ရွေးခဲ့ တယ်။ ပြီးတော့ တေးရေးစိမ့်ရဲ့ သီချင်းလေးတစ်ပုဒ် ပေါင်းထည့်ပြီး အားဖြည့်လိုက်တယ်။ ဆိုတဲ့နေရာမှာလည်း ကိုယ်တိုင်က အမျိုးသမီးဖြစ်နေတော့ ကိုယ်တွေမှာလည်း ခက်ခဲခဲ့တာတွေကို ပြန်တွေးမိတော့ ပိုပြီး လှိုက်လှိုက်လှဲလှဲဆိုလို့၊ ခံစားလို့ရတယ်။ ဒါပေမဲ့ အဓိကပြောချင်တာကတော့ အမျိုးသမီးတွေရဲ့စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသလိုပါပဲ။ အမျိုးသားတွေဘက် ကလည်း ပူးပေါင်းပါဝင်ဖို့ကိုကမ်းလှမ်းတယ်။ အမျိုးသားတွေကို တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ အဲဒီအချက်ကိုလည်း ဒီအခွေမှာ ပေါ်လွင်ပါတယ်။

မေး။   ။ ကိုယ်တိုင်ကလည်း မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အမျိုးသမီးအခွင့်အရေးဆိုတာကို ပုံဖော်ကြည့်ပါလား။

ဖြေ။ ။ ပြောရရင်တော့ ဒီဟာက ဟိုးရှေးရှေးထဲကစခဲ့တဲ့အရှိန်ပါပဲ။ အရှိန်တက်တယ်ဆိုတာက ဘရိတ်အုပ်လို့ မရသလိုပါဘဲ။ တော်တော်ခက်တယ်လေ။ ဖြည်းဖြည်းချင်းတော့ အရှိန်လျှော့ရမှာပဲ။ နေနေတာကလည်း ကမ္ဘာပေါ်မှာ ယောကျာ်းတွေရော၊ မိန်းမတွေရော နေတာလေ။ နောက်တစ်ခုက လူတွေက ပိုပြီးတိုးတက်လာတဲ့ခေတ် အဆင့်မြင့်လာတဲ့ခေတ်မှာ နှလုံးသား တွေရော၊ ဦးနှောက်တွေရောက ပိုပြီးမြင့်မားလာတယ်လေ။ နှလုံးရည်ကိုလည်း ပြရမယ်။ နေရာတွေအားလုံးကို တစ်ယောက် တည်းယူထားဖို့ မသင့်ဘူး။ တကယ့်ကို တိုးတက်ပါတယ်ဆိုတဲ့နိုင်ငံတွေမှာတောင် ခက်ခဲနေရင် အာရှမှာ ပိုပြီးခက်ခဲပါတယ်။ ဒီလို ခက်ခဲပါတယ်ဆိုပြီး ရပ်နေလို့လည်း ဒီအခက်အခဲက ပြေလည်မှာ မဟုတ်ဘူး။ ဒီတော့ အမျိုးသမီးတွေမှာလည်း စွမ်းရည် တွေရှိသလို အခွင့်အရေးပေးမယ်ဆိုရင် မတူတဲ့ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပိုပြီးတော့တောင်မှ ထွန်းတောက်လာနိုင် မယ်လို့ သျှီက ယုံကြည်တယ်။ အဲဒါမျိုးပဲ ဖြစ်သင့် ပါတယ်။

မေး။ ။ အမျိုးသမီးတွေကိုသာ ခေါင်းဆောင်မှုပိုင်းတွေမှာ နေရာအများကြီး ပေးခဲ့မယ်ဆိုရင် အမျိုးသမီးတွေရဲ့ စွမ်းရည်က ဘယ်လိုအလုပ်တွေ လုပ်ပြနိုင်တယ်ဆိုတာကို သုံးသပ်ပေးပါလား။

ဖြေ။   ။ ကံသေ ကံမတော့ ပြောလို့မရဘူး။ ချက်ခြင်းပေးလို့ တစ်ခုခုဖြစ်သွားမယ်လို့လည်း ပြောလို့မရဘူး။ ဖြစ်လာတဲ့ အကြောင်းအရာတွေကလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုက ဘာဖြစ်လဲဆိုတော့ အမျိုးသမီးတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေရှိပါတယ်။ ယောကျာ်း တွေမှာလည်း အစွမ်းရှိသလို မိန်းမတွေမှာလည်း ရှိပါတယ်။ အဲဒီထူးခြားတဲ့ စွမ်းရည်က ဘာလဲဆိုတော့ မိခင်စိတ်ပါ။ မိခင်စိတ်မှာ သူမတူအောင် ပေးဆပ်နိုင်တဲ့ စွမ်းရည်တွေရှိတယ်။ တန်းတူညီမျှ မျှဝေတဲ့စိတ်လည်း ရှိတယ်။ ကြံ့ခိုင်မှုမှာ သားသမီးဘယ်လောက်များများ အမေက ယိုင်လဲသွားတယ်ဆိုတာမရှိဘူး။ အခြေခံ မေတ္တာဓာတ်ကြီးမားတဲ့စိတ် သူ့မှာရှိနေတဲ့ အတွက် ပြဿနာတော်တော်များများကို ပျော့ပျော့ပျောင်းပျောင်းနဲ့ ပြေလည်သွား စေမယ်လို့၊ ကျော်လွှားသွားနိုင်မယ်လို့ သျှီကတော့ မြင်တယ်။

သျှီက “ရှေ့မှာ အကာတွေ၊ အတားအဆီးတွေအများကြီးလည်း ရှိနေဦးမှာပဲ။ သျှီတို့ကတော့ လျှောက်စရာရှိတာ ဆက်လျှောက် ရမှာပဲ။ လျှောက်ရင်းနဲ့ လဲနိုင်တယ်။ လဲတာက ရပ်နေဖို့မဟုတ်ဘူး။ ရပ်နေရင် ပြီးမှာမဟုတ်ဘူး။ လဲတဲ့နေရာကနေ ပြန်ထနိုင် တာက အဖြေပဲ။ အဲဒါကလည်း စွမ်းရည်ပဲ။ လဲမှာပဲ။ ပြန်ထပါ။ ဆက်သွားပါ။ ဆက်လျှောက်ပါ။ ကိုယ်တိုင်လည်း လျှောက်နေ ပါတယ်။ ကြိုးစားနေပါတယ်။ ပရိသတ်တွေအားလုံးကိုလည်း ဒီစိတ်မွေးပြီး ဆက်သွားပါလို့ ပြောချင်ပါတယ်”ဟု မြန်မာ အမျိုးသမီးများအတွက် စကားလက်ဆောင်ပြောကြားခဲ့သည်။

ဝ၁၆

Leave a Reply

Your email address will not be published.