“ဖန်တီးသူတို့အပြော၊ ခံစားသူတို့အမြင်”

အနုပညာလက်ရာများတွင် ထာဝရနှစ်ဖက်မြင်သဘော ရှိတတ်ပါသည်။ ဖန်တီးသူများဘက်မှ ယင်းလက်ရာအား မည်သည့် အတွက်၊ မည်ကဲ့သို့ မည်မျှကြာ ဖန်တီးရသည်ဟူသော ပြောစရာ အတွေးအမြင်များ ရှိနေသည့်နည်းတူ ထိုလက်ရာအား ခံစားသူများဘက်တွင်လည်း မည်ကဲ့သို့၊ မည်မျှနှင့် မည်သည့်အတွက် ခံစားရသည်ဟူသော အမြင်အတွေးများ ပြောစရာ ရှိနေပါသည်။ ထို့ကြောင့် ယခု ‘ဖန်တီးသူတို့အပြော၊ ခံစားသူတို့အမြင်’ ကဏ္ဍမှ တစ်ဆင့် ထိုအကြောင်းအရာများကို ခြုံငုံ လေ့လာနိုင်ရန်ဖော်ပြအပ်ပါသည်။

အယ်ဒီတာ

ဖန်တီးသူတို့အပြော

ယခုတစ်ပတ် ဖန်တီးသူတို့အပြော ကဏ္ဍအတွက် သိန်းလင်းစိုးနှင့် Lit Z တို့ ရေးသားသီဆိုထားသည့် “မွန်းစတား” သီချင်းလေး ရွေးဖြစ်သည်။ Lit Z က သိပ်မကြာသေးခင်ကာလက ပြုလုပ်ခဲ့သည့် “မြန်မာ့ဂီတထူးချွန်ဆုပေးပွဲ ၂၀၁၄” တွင် ရက်ပ်သီဆိုမှု အကောင်းဆုံးဆု ရရှိထားသူလည်းဖြစ်သည်။ သိန်းလင်းစိုးက သူ့တစ်ကိုယ်တော်ခွေတွင် ပါဝင်ခဲ့သည့် “မွန်းစတား”သီချင်းနှင့် ပတ်သက်ပြီး ယခုလိုပြောပြခဲ့သည်။

မေး။     ။ သိန်းလင်းစိုးရဲ့ တစ်ကိုယ်တော်ခွေထဲမှာ အခုလက်ရှိအနေနဲ့ “ဟေး မွန်းစတား”ဆိုတဲ့ သီချင်းလေးက လူငယ်ပရိသတ် ပိုသိနေတဲ့သီချင်းဖြစ်နေတယ်။ ဒီသီချင်းလေးအကြောင်း ပြောပြပါလား။

ဖြေ။      ။ ဒီ ” မွန်းစတား”သီချင်းက ကျွန်တော့်ခွေထဲမှာ နောက်ဆုံးမှလုပ် တဲ့ သီချင်းပေါ့။ ကျွန်တော်တို့က Lit Z ကို ဇွဲလို့ ခေါ်ကြတယ်။ ကျွန်တော်နဲ့ ဇွဲနဲ့က အခွေလုပ်နေတုန်းက အဆက်အသွယ်မရဘူး။ အခွေပြီးသွားမှ အဆက်အသွယ် ရတယ်။ အဲဒီတော့မှ သီချင်းလုပ်ဖြစ်တယ်။ အကြောင်းအရာလေးတွေ ပြောပြပြီး ဒီသီချင်းလုပ်ကြမယ်ဆိုပြီး Studio မှာ တစ်ထိုင်တည်းနဲ့ နှစ်ယောက်သား ရေးကြပြီး အတူတူဆိုလိုက်ကြတာပါ။

မေး။     ။ ဒီသီချင်းထဲက စာသားတွေက လန်းလည်းလန်း၊ ဆန်းလည်း ဆန်းတယ်နော်။

ဖြေ။      ။ Lit Z ဆိုရင် Underground   မှာ သူက ရက်ပ်တွေနဲ့ ပတ်သက်ပြီး အရမ်းပေါက်နေတဲ့ လူငယ်လေးပေါ့။ သိကြတဲ့အတိုင်းပဲ Underground   မှာက ကိုယ့်အချင်းချင်း တိုက်ခိုက်ပြီးတော့ ရေးတဲ့သီချင်းတွေ ဆိုတာများတယ်။ ကျွန်တော်က အဲဒီလိုသီချင်းမျိုးတွေ မဆိုချင်ဘူး။ လူတွေက သူတို့တွေ စိတ်ညစ်နေတာတွေ၊ ပင်ပန်းနေတာတွေရှိတဲ့အတွက် သူတို့ပျော်ဖို့ လိုအပ်တယ်။ ရယ်ဖို့ လိုအပ်တယ်ပေါ့နော်။ အဲဒီအတွက် ရယ်စရာကောင်းတဲ့ သီချင်းတစ်ပုဒ် ဖန်တီးမယ်ဆိုပြီး အဓိကကတော့ ရယ်စရာကောင်းတဲ့စာသားတွေနဲ့ ရယ်စရာကောင်းတဲ့ အကြောင်းအရာပေါ့။

မေး။     ။ နောက်ဆုံးပိတ် ထည့်ခဲ့တဲ့ သီချင်းလေးက ပိုပေါက်သွားတော့ ဘယ်လိုခံစားရလဲ။

ဖြေ။      ။ ခံစားမှုက နှစ်မျိုးဖြစ်နေပါတယ်။ တစ်မျိုးကတော့ ဘာပဲပြောပြော တေးရေးတိုင်း၊ အဆိုတော်တိုင်းဖြစ်တဲ့ Feeling ကတော့ ကိုယ်ရေးတဲ့၊ ဆိုတဲ့ သီချင်းတစ်ပုဒ် လူကြားထဲရောက်သွားတယ်။ အောင်မြင်သွားတယ်ဆိုရင် အတိုင်းအဆမရှိဘူး ပျော်တယ်ပေါ့နော်။ နောက်တစ်ခုက ဘာဖြစ်နေလဲဆိုတော့ ဝမ်းနည်းစရာကောင်းတာက ဒီသီချင်းကို ကျွန်တော်ဆိုမှန်း မသိကြဘူး။ နယ်တွေကိုလည်း ဒီသီချင်းရောက်တယ်ပြောကြတယ်။ တော်တော်များများလည်း ဒီသီချင်း ဖွင့်ပြီး ကြိုက်ကြတယ် ပြောတယ်။ သို့ပေမယ့် ဒီသီချင်းကို ကျွန်တော်ဆိုမှန်း တော်တော်များများက မသိကြဘူး။

မေး။     ။ ဒီသီချင်းထဲက ကိုယ်တိုင်ရေးခဲ့တဲ့ အကြိုက်ဆုံးသံစဉ် စာသားလေး ကရော…..။

ဖြေ။      ။ သီချင်းနောက်ဆုံးနားလေးမှာတော့ “ပန်းနဲ့ပေါက်တာပဲ။ ဒါပေမဲ့ ငါ့အတွက်က ပန်းဂေါ်ဖီ”ပေါ့။ အများအမြင်မှာ တော့ ပန်းပေါ့။ ဒါပေမဲ့ ကိုယ့်အနီးကပ်လာလေ ကြီးလာလေပဲ။ နောက်ဆုံးကျတော့ ပန်းဂေါ်ဖီ ဖြစ်သွားတယ်ဆိုတော့ အထိ နာတာပေါ့နော်။

ခံစားသူတို့အမြင်

အိအိန္ဒြေ

ဒီသီချင်းနဲ့ပတ်သက်ပြီးတော့က ဒီသီချင်းက တီးထားတဲ့ပုံစံက မြူးတယ်။ နောက်ပြီးတော့ အသစ်လည်းဖြစ်တယ်။ အကြောင်းအရာ ပုံစံကလည်း အခုဖြစ်နေကျ အခြေအနေအပြင်လောကနဲ့ တိုက်ဆိုင်တယ်ပေါ့နော်။ များသောအားဖြင့် ဒီ Rapping တွေဆိုကြတဲ့သူတွေ Hip Hop လောကသားတွေကတော့ များသောအားဖြင့် လက်ရှိအပြင်ကဖြစ်နေတဲ့ သူတို့မြင်တဲ့ အမြင်လေးတွေကို သူတို့ အနုပညာနဲ့ သူတို့ဆီမှာရှိတဲ့ ဂီတအသိဉာဏ်နဲ့ ပေါင်းစပ်ပြီးသွားတော့ မြင်တွေ့နေရတဲ့ လောကအကြောင်း၊ ဘဝအကြောင်း ဖြစ်နေတဲ့ Life Style တွေကို Music တစ်ခုအနေနဲ့ လူတွေကို တင်ပြကြတာပါ။ ဒီနေ့ ဒီအခြေအနေတွေက တော့ ဘယ်လိုဖြစ်နေပါတယ်ဆိုတာကို သူတို့က ဖော်ထုတ်တင်ပြကြတာပါ။ ပြီးတော့ ကိုသိန်းလင်းစိုးကိုကျတော့လည်း အစောကြီးကတည်းက ကြိုက်တယ်ပေါ့။ ပြီးတော့ သူထွက်ထားတဲ့ အခွေထဲက သီချင်း တော်တော်များများကိုလည်း ကြိုက်တယ်။ ဒီသီချင်းကတော့ အခုခေတ်ဘဲကြီးတွေကို မိန်းကလေးချောချောလေးတွေကို ဖြားယောင်းသွေးဆောင်မှုတွေ မရှိနဲ့ပေါ့။ အဲဒီလိုမျိုးတွေရှိနေတဲ့အတွက် ဒီဘဲကြီးတွေကို မွန်းစတားတစ်ယောက်အနေနဲ့ တင်စားပြီး ရေးထားတာပါ။ ပြောရမယ်ဆိုရင် အခုခေတ်ဘီးကြဲကြီးတွေ အကုန်လုံးလည်း ဒီသီချင်းကို နားထောင်ပြီးရင် တော်တော်လည်း ဒေါသထွက်ကြမှာပါ။ ပညာပေးပြီး ရေးသားထားတဲ့ အကြောင်းအရာကောင်း သီချင်းလေးတစ်ပုဒ်ပါ။ ဒီလိုလက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကိုထောက်ပြပြီး အသိပေးထားတဲ့သီချင်းတွေ ဒီထက်ပေါ်ထွက်လာပါစေလို့ နောက်ကိုသိန်းလင်းစိုးလည်း ဒီထက်ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

တင့်ဝေ (မြန်မာစာ၊ ဘွဲ့ရ)

ဒီမွန်းစတားသီချင်းက ရေးထားတဲ့အကြောင်းအရာက ခေတ်နဲ့ ဆီလျော်မှု ရှိတယ်။ အရမ်းကြီး ထူးခြားမှုမရှိပေမယ့် စာသားတွေက စေတနာပါတယ်။ မိန်းကလေးတွေအနေနဲ့ မဖြစ်သင့်တာ မဖြစ်အောင် ထောက်ပြထားတာကို တွေ့ရပါတယ်။ မိန်းကလေးတွေအနေနဲ့လည်း ဒီသီချင်းကို နားထောင်ပြီး ဆင်ခြင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်နဲ့ သက်တူရွယ်တူထက် စာရင် ကိုယ့်ထက် အသက်ကြီးတဲ့ ဘဲကြီးတွေက ဘယ်လိုလိုက်ကြည့်ပေးနိုင်မှာလဲ၊ ဘယ်လို နားလည်ပေးနိုင်မှာလဲ။ ဒါပေမဲ့ ဒီလိုပြောတာကလည်း အသက်ကြီးတဲ့လူတွေတိုင်း မကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး။ တချို့တွေက မကောင်းဘူးလို့ပဲ ပြောတာပါ။ အဲဒီသီချင်းထဲက စာသားတွေထဲမှာ ချစ်တယ်ကွာပြောတဲ့ ဘဲကြီးရဲ့ ရုပ်က မွန်းစတားနဲ့တူတယ်ဆိုပြီး သရော် ထားတာ။ နောက် ငါကိုယ်တိုင်က ဘဲကြီးရဲ့ ဗလကြီးလောက်မကြီးလို့ မကြိုက်တာလားဆိုတာရယ်၊ တစ်ပြေးညီဖြစ်နေတဲ့ လက်ဖျံနဲ့ လက်မောင်းကို ကြည့်ကြည့်ပြီး ဒေါသတွေ ထွက်လာတယ် ဆိုတဲ့စကား၊ နောက် ငါ့အနေနဲ့ အချစ်ကလွဲပြီး ဘာမှ မရင်းနိုင်ပေမယ့် မင်းအရှေ့ကနေပြီး အရာရာဖြေရှင်းနိုင်တဲ့ ဘဲကြီးက ရုပ်ရှင်မင်းသား ရာဇာနေဝင်းရဲ့ Style နဲ့တူတယ် ဆိုပြီး သရော်ထားတာ အရမ်းမိပါတယ်။ ကိုသိန်းလင်းစိုးရဲ့ ရေးသားတဲ့ Style တွေနဲ့ ဆိုပုံဆိုပေါက်တွေကိုလည်း သဘော ကျပါတယ်။ သီချင်းထဲက စာသားတွေကိုလည်း ကြိုက်တယ်။ ပိုကောင်းတဲ့သီချင်းတွေ ထပ်မံဖန်တီးနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

ဝ၁၆၊ ဝ၅၄

Leave a Reply

Your email address will not be published.