“တစ်ချိန်တုန်းက တိုင်းရင်းသားဘာသာစကားကို မသင်ရဘူးဆိုပြီး လုံးလုံးကိုပိတ်ထားတယ်” ‘ဘာသာစုံသင်မယ်ဆိုတာမျိုး ဖြစ်လာတယ်။ ကျွန်တော်ကတော့ နှစ်ခုစလုံးမှားတယ်လို့ထင်တယ်’

ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီနှင့် တွေ့ဆုံမေးမြန်းခြင်း

ဆရာကြီး ဒေါက်တာညီညီသည် ၁၉၅၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘာသာဂုဏ်ထူးဘွဲ့ကို ပထမအဆင့်မှ အောင်မြင်ခဲ့ သည်။ ၁၉၅၆ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ ဘူမိဗေဒပါရဂူဘွဲ့ (Ph.D)ရရှိခဲ့သည်။ အင်ပီရီရယ် သိပ္ပံပညာနှင့် နည်းပညာကောလိပ်မှ DJC ဘွဲ့ကိုလည်း ရရှိခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ဘူမိဗေဒကထိကအဖြစ်လည်းကောင်း၊ ထို့နောက် ဘူမိဗေဒပါမောက္ခအဖြစ်လည်းကောင်း၊ တက္ကသိုလ်များ အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနတွင် တွဲဖက်အတွင်းဝန်၊ အတွင်းဝန်၊ ဒုတိယပညာရေးဝန်ကြီး ဖြစ်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် ဆရာကြီး ဒေါက်တာဦးညီညီ ရန်ကုန်သို့ ခေတ္တပြန်လည်ရောက်ရှိစဉ် ဝေဖန်ချက်အချို့ ရှိနေသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဆရာကြီး၏ သုံးသပ်ချက် အချို့ကို သွားရောက်မေးမြန်းခဲ့ပါသည်။

မေး။     ။ လူတော်တော်များများ စိုးရိမ်မှုတွေရှိနေတာက သုံးဘာသာ သင်ကြားရမယ်ဆိုတဲ့ စနစ်လေ။ အဲဒီမှာ နှစ်မျိုး စိုးရိမ်တာပေါ့။ (၁) မောင်တောလိုနေရာမှာ ဘင်္ဂါလီစာသင်ကျောင်းတွေ ပေါ်လာမှာရယ်၊ (၂) ဒေသပြောင်းကျောင်းသား ပေါ့။ ဥပမာ ရှမ်းပြည်နယ်မှာ ပထမတန်းအထိတက်ပြီး ဒုတိယတန်းရောက်တော့ အကြောင်းအမျိုးမျိုးနဲ့ မွန်ပြည်နယ်ဘက်ကို ပြောင်းရတာမျိုးပေါ့။ ဒီလိုဖြစ်စဉ်က ရှားတောင့်ရှားပါးပေမယ့် ဖြစ်နိုင်တယ်ပေါ့။ ဆရာကြီးရဲ့ အမြင်လေးကို သိချင်ပါတယ်။

ဖြေ။      ။ အခြေခံမူအရ ကျွန်တော်ကတော့ ဒီဘက်အစွန်းကနေ ဟိုဘက်အစွန်းခုန်တာကို မှားတယ်လို့ ယူဆတယ်။ လက်တွေ့အတွေ့အကြုံအရ အစွန်းရောက်လို့ရှိရင် အမြဲပြဿနာရှိတယ်။ မြန်မာပြည်ရဲ့အစွန်းက ဘာလဲဆိုလို့ရှိရင် တစ်ချိန် တုန်းက တိုင်းရင်းသားဘာသာစကားကို မသင်ရဘူးဆိုပြီး လုံးလုံးကိုပိတ်ထားတယ်။ အခုကျတော့ သုံးဘာသာ၊ လေးဘာ သာတွေ စဉ်းစားလာတယ်။ ဘာသာစုံသင်မယ်ဆိုတာမျိုး ဖြစ်လာတယ်။ ကျွန်တော်ကတော့ နှစ်ခုစလုံး မှားတယ်လို့ထင် တယ်။ လုံးလုံးမသင်ရဘူးဆိုတာလည်း မှားတယ်။ ရှိသမျှအကုန်လုံး သူ့ဘာသာနဲ့ သင်ရမယ်ဆိုတာလည်း မှားတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ အစိုးရရဲ့စာရင်းအရ လူမျိုး ၁၃၅ မျိုးရှိတယ်။ လက်တွေ့မှာ ပိုချင်ပိုနိုင်တယ်။ ဒီ ၁၃၅ မျိုးက သူတို့ဘာလူမျိုးဖြစ်ဖြစ် သူတို့ဆန္ဒနဲ့ဖြစ်တာမဟုတ်ဘူး။ သူတို့အဖေ၊ အမေက မွေးလို့ဖြစ်လာတာ။ အဲဒီလိုဖြစ်လို့ သူက သူ့ကိုယ်သူ သိမ်ငယ်ခြင်းမဖြစ်ရဘူး။ ရှမ်းဖြစ်ရင် ရှမ်းဘောင်းဘီဝတ်ပြီး ဈေးသွားရဲရမယ်။ ဟ-မဟုတ်ဘူး။ လုံချည်လဲမှ ဆိုတာမျိုး မဖြစ်ရဘူး။ မွန်စကားနဲ့ ပြောတတ်ရင် လူရှေ့မှာ မွန်လိုသီချင်းဆိုနိုင်ရမယ်။ ဒါကြောင့် ကျောင်းတွေမှာ ဘာလိုလဲဆိုလို့ရှိရင် အဲဒီလူမျိုးဖြစ်ရတာကို ဂုဏ်ယူတဲ့စိတ်မျိုးမွေးဖို့ စာတတ်ရမယ်။ ဥပမာ မွန်လူမျိုးက မွန်စာတော့ တတ်ဖို့ လိုတယ်။ မွန်စကားတတ်ရမယ်။ မွန်ယဉ်ကျေးမှုလည်း နားလည်ရမယ်။ ရာဇာဓိရာဇ်ဆိုရင် မွန်ထဲမှာ အကြီးဆုံးဘုရင်ပဲ။ ရှင်စောပုဆိုရင်လည်း မွန်ဘုရင်မကြီးပဲ။ အဲဒါကိုတို့ဘုရင် မကြီးဆိုပြီး ပြောပြတတ်ရမယ်။ ဒီတော့ ယဉ်ကျေးမှုတွေ၊ သမိုင်း တွေ အကုန်လုံးက သင်ပေးရမယ်။ ပထဝီတို့၊ သိပ္ပံတို့ ရှိသမျှ ဘာသာအကုန်လုံးကို မွန်လိုသင်ရမယ်ဆိုတော့ မှားတယ်ထင် တယ်။ ဘာကြောင့်မှားလဲဆိုတော့ တစ်ချက်က ကလေးက ၁၀ တန်းအောင်ပြီးရင် မွန်လိုသင်ထားတာနဲ့ သူဘာလုပ်မလဲ၊ တက္ကသိုလ်မှာ ဆက်သင်ရအောင်လည်း လူဘယ်နှစ်ယောက်ရှိမလဲ၊ ဌာနတစ်ခု ဖွင့်လို့ရမလား။ ဒါကြောင့် ဘာသာစုံကို တိုင်းရင်းသားဘာသာနဲ့ သင်မယ်ဆိုတာက မှားတယ် လို့ထင်တယ်။ နောက်တစ်ခုက အလုပ်ဘယ်ကရမလဲ။ ဥပမာ မွန်ပြည်နယ်က ကလေးက ၁၀ တန်းအောင်ပြီး မြစ်ဝကျွန်းပေါ်မှာ စာလာသင်မယ်ဆိုရင် သူဘယ်လိုလုပ်မလဲ။ လက်တွေ့မှာ ဒီဘာသာက အောင်ထားပေမယ့် သုံးလို့ သိပ်မရဘူး။ ဒီဟာက ကြုံလို့ပြောတာပေါ့။ တီးတိန်ချင်းနဲ့ ဟားခါးချင်း အချင်းချင်း တွေ့ရင် ဘာစကားနဲ့ ပြောတယ်ထင်လဲ။ မြန်မာဘာသာစကားနဲ့ ပြောကြတယ်။ သူတို့ချင်းလိုပြောရင် နားမလည်ဘူး။ စကား မတူဘူး။ ဆိုလိုတာက Common Language ဆိုတာရှိရတယ်။ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက Common Language က ဗမာစာ။ ဒါက ပြည်ထောင်စုတစ်ခုလုံးအတွက်ဘာသာ။ နောက်တစ်ခုက ရုံးသုံးဘာသာ။ လုပ်ချင်တယ် ဆိုရင် ဗမာစာ၊ အင်္ဂလိပ်စာ၊ တိုင်းရင်းသားဘာသာ။ သို့သော် တိုင်းရင်းသားယဉ်ကျေးမှု သင်တာပဲဖြစ်ရမယ်။ သင်္ချာကိုတော့ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ် သင်ရမယ်။ အစွန်းတွေကို ရှောင်ဖို့လိုတယ်။

မေး။     ။ NNER ရဲ့ မူကတော့ မူလတန်းအဆင့်မှာ ၁၀ဝ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်မှာ ၆၀ ရာခိုင်နှုန်းနဲ့ အထက်တန်း အဆင့်ကို ၄၀ ရာခိုင်နှုန်း သင်မယ်လို့၊ သတ်မှတ်ထားတယ်လို့ သိရတယ်ဆရာ။ အဲဒီအပေါ်မှာရော ဆရာ ဘယ်လိုယူဆ ပါသလဲ။

ဖြေ။      ။ ကျွန်တော့်သဘောပြောရရင် မူလတန်းမှာ သိပ်မသင်ချင်ဘူး။ အလွန်ဆုံး နှစ်နှစ်လောက်ပဲ ကြမ်းခင်းပေးတဲ့ သဘောနဲ့ သင်သင့်တယ်။ ဘာလို့လဲဆိုတော့ သူက မွန်လိုလာမယ်၊ ရှမ်းလိုသင်လာမယ်။ သူက မန္တလေးမှာ ဘယ်လို အလုပ်လုပ်မလဲ။ တကယ်လို့ ကျောင်းပြောင်းရတာ၊ ရွှေ့ရတာဖြစ်ရင် မန္တလေးသားနဲ့ပြိုင်ပြီး သူဘယ်လိုစာမေးပွဲဖြေမလဲ။ အမှတ်တွေ ကျကုန်မှာပေါ့။ ရှမ်းပြည်ဦးတင်အေး ကြားဖူးတယ်မဟုတ်လား။ သူက အင်းသား။ ဗမာစာ ပညာရှင်။ ဗမာစာကို ထိတ်ထိတ်ကြဲတတ်တာ။ သူသာ ရှမ်းလိုပဲသင်လာရင် ဘယ်ကလာ ထိတ်ထိတ်ကြဲဖြစ်မလဲ။ ဒါကြောင့် ကျွန်တော့်သဘော ကတော့ ၁၀ဝ ရာခိုင်နှုန်းတွေ၊ ၆၀ ရာခိုင်နှုန်းတွေ မေ့လိုက်။ ပထမဦးဆုံး ကလေးတွေနားလည်အောင် ခြေပြ၊ လက်ပြပြီး သူတို့ဘာသာနဲ့ရှင်းပြ။ တစ်ပြိုင်နက်တည်းမှာ ဗမာလိုပါပြောပြ။ ဥပမာ ရေပေါ့။ တိုင်းရင်းသားအခေါ်နဲ့လည်း ရှင်းပြ၊ ဗမာလို ရေလို့ခေါ်တယ်ပေါ့။ ဒါဆိုရင် သူနားလည်သွားမှာပဲ။ အခုကြားနေတာက ဘယ်လူမျိုးများလဲ မဲခွဲမယ်ဆိုပြီး ကြားနေတယ်။ ဥပမာ တောင်ကြီးဆိုပါတော့။ တောင်ကြီးမှာ ရှမ်းကလူနည်းစု၊ အခြားလူမျိုးတွေ ရောနေတာ။ အင်းသားလည်း ရှိတယ်။ အင်းသားက ရှမ်းလိုမတတ်ဘူး။ မြန်မာစကားကို အင်းသံနဲ့ပြောတာ။ ဒါပေမဲ့ ရှမ်းပြည်ရဲ့မြို့တော်မှာ ရှမ်းစာမသင်ဘူးဆိုရင် ကြည့်လို့သိပ်မကောင်း ဘူး။ သို့သော်လည်း အကုန်လုံးရှမ်းလိုသင်ရင် ကျန်တဲ့လူတွေ ဒုက္ခရောက်မယ်။ စိတ်ကူးချည်းယဉ် မနေနဲ့။ လက်တွေ့ဘာလုပ်လို့ရမလဲ။ အမေရိကန်နိုင်ငံမှာ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ ၁၉၁ တိုင်းပြည်လုံးက လူတွေ ရှိတယ်။ လူတိုင်းလူတိုင်း သူတို့ဘာသာနဲ့သာသင်ရရင် အမေရိကန်နိုင်ငံကြီးက အကွဲကွဲ အပြားပြား ဖြစ်သွားမှာပေါ့။ ဒါကြောင့် Unified Language အဖြစ် အင်္ဂလိပ်လိုပဲ သင်တာပေါ့။ နည်းနည်းကြီးလာတော့မှ Community တွေကနေ သူတို့ လူမျိုးတွေရဲ့ ဘာသာယဉ်ကျေးမှုတွေကို သင်ပေးတာပဲ။

မေး။     ။ နောက်တစ်ချက်အနေနဲ့ကတော့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အထဲမှာ ကျောင်းသားကိုယ်စားလှယ်ပါနေတဲ့အတွက် ဖြစ်သင့်လားလို့ မေးခွန်းထုတ်သူတွေ ရှိနေပါတယ်။ ဆရာ့သုံးသပ်ချက်ကရော။

ဖြေ။      ။ ကျောင်းသားကတော့ သင်ရိုးညွှန်းတမ်း ရေးလို့မရဘူး။ ဒါပေမဲ့ သူတို့ကိုယ်စားပြုတဲ့လူ ထည့်ချင်ရင်ထည့်ပေါ့။ ကျွန်တော်ကတော့ ပြဿနာမရှိဘူး။ ဟိုအရင် ကျောင်းသားသမဂ္ဂတွေတုန်းကတော့ ကျောင်းသားကိုယ်စားလှယ်၊ ဆရာ ကိုယ်စားလှယ် ပါလေ့မရှိဘူး။ သို့သော် အုပ်ချုပ်ရေးထဲမှာပါတယ်။ တက္ကသိုလ်၊ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာ ကျောင်းသား ကိုယ်စားလှယ် နှစ်ယောက်ပါတယ်။ ပထမဦးဆုံး ကျောင်းသားကိုယ်စားလှယ်က ဗိုလ်ချုပ်အောင်ဆန်း။ စည်းမျဉ်းထဲမှာ၊ ကျောင်းအုပ်ချုပ်ရေးမှာပါတဲ့ ကျောင်းသားကိုယ်စားလှယ်က ကျောင်းတက်နေဆဲ မဖြစ်ရဘူး။ ကျောင်းသားတွေက ရွေးချယ် တဲ့လူလည်း ဖြစ်ရမယ်။ အနည်းဆုံးတော့ ဘွဲ့ရပြီးသူဖြစ်ရမယ်။

မေး။     ။ ဆရာ့အနေနဲ့ အခြားဘယ်အချက်တွေအပေါ် သုံးသပ်ချင်သေးလဲ ဆရာ။

ဖြေ။      ။ ဥပဒေရယ်လို့တော့ အတိအကျမပြောချင်ဘူး။ ကျွန်တော်မကြိုက်တာတစ်ခုက သင်ကြားရေးကို လွှတ်တော်ကို လွှဲတာ။ သင်ကြားရေးဆိုတာ ဆရာတွေလက်ထဲမှာပဲရှိရမယ်။ ပညာရှင်တွေ လက်ထဲမှာပဲ ရှိရပါမယ်။ ဥပမာအားဖြင့် သူတို့ ရေးထားတာက အင်္ဂလိပ်စာကို မူလတန်းမှာ သင်ရမယ်လို့ ရေးထားတယ်။ ဒီလိုဆိုရင် ကုလားစာ သင်ရမယ်ဆိုရင်လည်း လွှတ်တော်တင်ဦးမှာလား။ ဒီဥစ္စာမျိုးတွေက ကျောင်းဆရာတွေကို လွှဲရမယ်။ ထစ်ကနဲရှိ လွှတ်တော်တင်၊ ထစ်ကနဲရှိ လွှတ်တော်တင်တာ မလုပ်ရဘူး။ လွှတ်တော်သိက္ခာကျတယ်။ လွတ်လပ်ရေးရအပြီးကနေ ၁၉၈၀ အထိက နှစ်ပေါင်း ၃၀ ကျော် ပေါ့။ အဲဒီအထိ အင်္ဂလိပ်စာကို ၅ တန်းရောက်မှသင်တယ်။ ၁၉၈၀ ကနေ ယနေ့အထိက သူငယ်တန်းကနေ စသင်တယ်။ နှစ်ခု လုံး အင်္ဂလိပ်စာမတတ်ဘူး။ ဒါကြောင့် မူလတန်းကသင်တာနဲ့ သိပ်မဆိုင်ဘူး။ ကျွန်တော့်အမြင်ပြောရရင် သင်နည်းမှားနေလို့။ အခြားတိုင်းပြည်တွေက ဘယ်လိုသင်လဲဆိုတာကို လေ့လာဖို့လိုတယ်။ အဲဒါမျိုးတွေကို လွှတ်တော်ကနေ မဆုံးဖြတ်သင့်ဘူးလို့ ထင်တယ်။ လွှတ်တော်က ဒါကိုဘယ်သိပါ့မလဲ။ သိတာက ကျောင်းဆရာတွေက သိတာ။ ကျောင်းဆရာတွေက ပြောဖို့လို တယ်။ ဒီလိုနည်းမျိုးနဲ့ သင်လို့မရဘူးဆိုတာကို ပညာရှင်တွေက ဆုံးဖြတ်ရမယ်။ မဆုံးဖြတ်ခင်မှာလည်း လေ့လာစမ်းစစ်တာ တွေ လုပ်ရမယ်။ ၅ နာရီသင်တာထက် ၁၅ နာရီသင်တာ ပိုတတ်လား။ ဒါမှမဟုတ် သင်တာကိုက မှားနေလား။ ဒါတွေကို အရင်စမ်းကြည့်ပြီးတော့မှ ချရမယ်။ ဒါတွေက ပညာရှင်တွေလက်ထဲမှာပဲ ရှိရမယ်။ လွှတ်တော်လက်ထဲမှာ မရှိရဘူး။ ဒါကြောင့် မူလတန်းကစပြီး အင်္ဂလိပ်စာသင်ဖို့ဆိုတာကို လွှတ်တော်ကိုသွားအပ်တော့ နောက်တစ်ခုခုသင်ချင်ရင် လွှတ်တော်က ပြန်ပြောင်းမှရမယ်။ လွှတ်တော်က ချမှတ်တဲ့ ဥပဒေကို လွှတ်တော်ကပဲ ပြင်ခွင့်ရှိတယ်။ အခြားက ပြင်ခွင့်မရှိ ဘူး။ သမ္မတ တောင် ပြင်ခွင့်မရှိဘူး။ ဒါတွေကိုလည်း သတိထားရမယ်။ မကျေနပ်ရင် ထပြောလို့ရတယ်။ သင်ကြားရေးကိစ္စတွေကိုတော့ ဥပဒေမလုပ်သင့်ဘူး။ သင်ကြားရေးဆိုတာက တစ်ချိန်လုံးပြောင်းနေတာကိုး။

ဝ၈၈

Leave a Reply

Your email address will not be published.