အမြော်အမြင်မဲ့အုပ်ချုပ်ရေးသမားများက
အကြမ်းဖက်ရမ်းကားမှု အစွမ်းထက်သည့်
အရပ်သားလူမိုက်လူရမ်းကားများကို
စည်းကမ်းနှင့် တာဝန်အပ်နှင်းလိုက်ရာ
ကမ္ဘာသိထိပ်တန်းလျှို့ဝှက်ချက်ကြီးဖြစ်သည့်
အစွယ်ဖွေးဖွေး ဘီလူးခေါင်းအား
ကိုယ့်ဘာသာဖော် မသူတော်လုပ်ရပ်ကြီးမှာ
ထပ်မံပေါ်ပေါက်လာပြန်လေရာ
၂၀၁၀ နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးဆိုင်းဘုတ်ကြောင့်
ဟုတ်လာလေနိုးဖြင့် ဇဝေဇဝါဖြစ်နေသူများကပင်
အကောင်လိုက် မြင်လိုက်ရပြီဖြစ်သဖြင့်
နှောင်းနောင်တရလာကြလေသည်
အံ့သြမနေကြပါတော့နှင့်။ ဇာတ်တူသားစားခိုင်းသည့်ဇာတ်ကို ဝင်ကမိသူများက
အစဉ်အလာအရ မီဒီယာမှာ အော်ချက်ဖြစ်သွားလျှင်
အမှုဟောင်းနှင့် ပြန်ခေါ်ကာ လက်စတုံးခံရနိုင်သည်ဟု
စတေးခံအရပ်သားသဘာဝကို တွေးမိသည့်အတွက်ပေလား
ပြည်သူအား ပြန်တောင်းပန်လိုဟု ဆိုလာချေသည်
စွမ်းအားရှင်လုပ်စားရုံဖြင့် အရပ်သားများဘဝ
မလုံခြုံသည်ကို သတိထားမိသူ များလာပါမှ
အိမ်ကြက်ချင်း အခွပ်ခိုင်းသည့် လုပ်ရပ်
တစ်စခန်း ရပ်ပေလိမ့်ဟု တွေးရတော့မည်
အံ့သြကုန်နိုင်ပါရိုးလား။အမတ်မင်းတစ်ပါး၏ နှလုံးရည်နှင့် ပညာစွမ်းကား
ဂဏန်းသင်္ချာလည်း မကျေ၊ ဗုဒ္ဓဝင်လည်း မတတ်
ကိုယ် မဟုတ်သူများကို ပြစ်တင်လိုစိတ်လည်း မကင်း
သည်နှယ်အရည်အချင်းများကို လူပုံအလယ် ချပြရမှာလည်း
မရှက်ရေးချ ဝစ္စနှစ်လုံးပေါက် မရှက်ရကား
မြန်မာ့ပညာရေးစနစ် အားနည်းချက်များကို
အရှင်လတ်လတ် သက်သေထူသလို ဖြစ်ရလေ၏
အံ့သြကုန်နိုင်ကြပါပေါ့။အစိုးရသတင်းစာထဲက ဆောင်းပါးတစ်ပုဒ်မှာ
ကျောင်းသားသမဂ္ဂ ဖွဲ့ခွင့် တောင်းဆိုခြင်းသည်
ကျောင်းသားအစုအဖွဲ့များအစား တစ်ဖွဲ့တည်းဖြစ်ချင်ခြင်းမို့
အာဏာရှင်ဆန်သည်ဟု ရွှေဉာဏ်တော် စူးရောက်ပြကာ
ဗဟိုထိန်းချုပ်မှုရှိသော အမျိုးသားပညာရေးကော်မရှင်ဟူသည်မှာ
စည်းလွတ်ဝါးလွတ် ဖြစ်မှာစိုးလို့ ရှိသင့်သည်ဟု
ရှေ့နောက်မညီစွာ ဇွတ်တင်လာပြန်သည်
အံ့သြရပါ၏။တို့ပြည်ရွာမှာ မသင်္ကာမှုဖြင့် လူကို ဖမ်းလျှင်
ဖေ့စ်ဘွတ်ခ်အကောင့်ပါ အဆစ်ပါရကား
လူကို လွှတ်သည့်တိုင် အကောင့်မှာ ဖမ်းခံထားရဆဲတည့်
အံ့သြကုန်နိုင်ပါတော့အံ့။မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့အနေဖြင့်
ယုံချင်စရာ မကောင်းကြောင်း သူ့ဘာသာသူ ဖော်လေသည့်
မဟာပညာကျော်များဖြင့် ဖွဲ့ထားသော အစိုးရဆိုးမျိုး၏
အိမ်ကြက်ချင်း အိုးမည်းသုတ်ခိုင်းသည့်မူဝါဒအား
မသိသားဆိုးရွားစွာ လိုက်ပါဆောင်ရွက်သူ လူရမ်းကားများဘေးမှ
ကင်းဝေးချမ်းသာနိုင်ကြပါစေသတည်း။
ပြောင်းဖူးရိုး