“ဖန်တီးသူတို့အပြော၊ ခံစားသူတို့အမြင်”

အနုပညာလက်ရာများတွင် ထာဝရနှစ်ဖက်မြင်သဘော ရှိတတ်ပါသည်။ ဖန်တီးသူများဘက်မှ ယင်းလက်ရာအား မည်သည့် အတွက်၊ မည်ကဲ့သို့ မည်မျှကြာ ဖန်တီးရသည်ဟူသော ပြောစရာ အတွေးအမြင်များ ရှိနေသည့်နည်းတူ ထိုလက်ရာအား ခံစားသူများဘက်တွင်လည်း မည်ကဲ့သို့၊ မည်မျှနှင့် မည်သည့်အတွက် ခံစားရသည်ဟူသော အမြင်အတွေးများ ပြောစရာ ရှိနေပါသည်။ ထို့ကြောင့် ယခု ‘ဖန်တီးသူတို့အပြော၊ ခံစားသူတို့အမြင်’ ကဏ္ဍမှတစ်ဆင့် ထိုအကြောင်းအရာများကို ခြုံငုံလေ့လာနိုင်ရန် ဖော်ပြအပ်ပါသည်။

အယ်ဒီတာ

ဖန်တီးသူတို့အပြော

“ဇာတ်ကားတော်တော်များများမှာပါတဲ့ ဗီလိန်ဆိုတာမျိုးက ဇာတ်သိမ်းမှာ အရက်တွေသောက် ပိုပြီးဆိုးသွမ်းသွားကြတယ်။ ဒီကားမှာတော့ အဲဒီလိုမဟုတ်ဘဲနဲ့ သူ့ဘဝ ရပ်တည်မှုပါပြောင်းပြီး ကောင်းတဲ့ပုံစံနဲ့ ရပ်တည်သွားတာကို ပြတဲ့အတွက် ဒီလို ဇာတ်ရုပ်မှာ ဝင်ပါဖြစ်တာပါ”ဟု သရုပ်ဆောင်နေမင်းက ယခုလအတွင်း ရုံတင်ပြသနေသည့် “မင်္ဂလာလှည်း” ရုပ်ရှင်ဇာတ် ကားကြီးတွင် ပါဝင်ဖြစ်သည့် အကြောင်းကို ပြောပြခဲ့သည်။ ဆရာမ မခင်ခင်ထူး၏ “မင်္ဂလာလှည်း”ဝတ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြေတီဦး၊ နေမင်း၊ မိုးဟေကိုတို့နှင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

မေး။     ။ “မင်္ဂလာလှည်း”ရုပ်ရှင်က ဟာသဆန်ဆန်ရုပ်ရှင်ကားလို့ ဆိုပေမယ့် နေမင်းသရုပ်ဆောင်ရတာက ဗီလိန် ဆန်တယ်နော်။ ဒီဇာတ်ရုပ်မှာ ပါဝင်ဖြစ်ပုံကို ပြောပြပေးပါ။

ဖြေ။      ။ ဆရာမ မခင်ခင်ထူးရဲ့ ဝတ္ထုကို ဖတ်ကတည်းက အဲဒီဇာတ်ကို အရမ်းသဘောကျခဲ့တာပါ။ ဒီဇာတ်ထဲမှာ ပါချင် တယ်။ ဝိုင်းပြီး ပံ့ပိုးချင်တယ်။ ကျွန်တော်ရဲ့စိတ်ကိုက မင်းသားလုပ်ရခြင်း၊ မလုပ်ရခြင်းဆိုတာထက် ဒီဇာတ်ရိုက်တဲ့ ကုမ္ပဏီကို လေးစားတာရယ်။ ဒီဇာတ်မှာ ငါဘာဝိုင်းလုပ်ပေးရမလဲဆိုတဲ့ စိတ်ပေါ့နော်။ ဒါရိုက်တာကလည်း ကိုဇော် (အရုဏ်ဦး) ဆိုတော့ ကိုယ့်ဆရာလို ဖြစ်နေတယ်။ မင်းသားကလည်း ကိုပြေတီဆိုတော့ ကိုယ့်အစ်ကိုလိုဖြစ်နေတော့ ဝင်ပါဖြစ်တယ်။ ပထမ ကိုဇော်က ဂက်စ်ထည့်တဲ့နေရာကပါတယ်။ နောက်တော့ ကိုပြေတီက ဒီနေရာလေးက ပိုကောင်းတယ် ဆိုတာနဲ့ ဒီနေရာမှာ ဝင်ပါဖြစ်သွားတာ။ ဝင်ပါလိုက်တဲ့နေရာလေးက ကောင်းပါတယ်။ ကျွန်တော်တော့ ကြိုက်တယ်။ ပရိသတ်ကြည့်ရတာလေးလည်း တစ်မျိုးလေးဖြစ်သွားတယ်။ အဲဒီနေရာမှာ တခြားဇာတ်ကောင်ဆိုရင်လည်း ပရိသတ်ကြည့်ရ တာ ဗီလိန်လုံးလုံး ဖြစ်သွားမယ်။ ကျွန်တော် ဖြစ်နေတဲ့အတွက် နောက်ပိုင်းဘယ်လိုဖြစ်မလဲဆိုတဲ့အတွေးနဲ့ တောက် လျှောက်ပါသွားမယ်ပေါ့နော်။ ကြည့်လိုက်ရတော့လည်း သူ့နေရာလေးနဲ့သူ သနားစရာလေး ဖြစ်သွားတယ်။

မေး။     ။ ဒီလိုဇာတ်ရုပ်က ပထမဆုံးသရုပ်ဆောင်ဖြစ်တဲ့ ဇာတ်ရုပ်လို့ ပြောလို့ရလား။

ဖြေ။      ။ ဒါပထမဆုံးလို့ ပြောလို့ ရပါတယ်။ အဲဒီဇာတ်ကောင်ရိုက်ဖို့တောင် တော်တော်စဉ်းစားရပါတယ်။ နောက်ဆုံးတော့ ကိုဇော်ကလည်း ကျွန်တော့်ကို တောသားမှန်းသိထားတယ်။ ပြီးတော့ သောင်းကျန်းတဲ့ ဆိုးတဲ့ကိစ္စကလည်း သိပ်ပြဿနာမရှိ ဘူးလေ။ ကျန်ရစ်ဖြစ်တဲ့ကိစ္စတွေကလည်း ကျွန်တော့်အတွက် သိပ်မဆန်းတော့ဘူး။ ဒီတော့ ကျွန်တော့်ဘဝနဲ့ တစ်သားတည်း ကျပြီး တစ်ထပ်တည်းကျနေတာပေါ့။

မေး။     ။ အဲဒီဇာတ်ရုပ်အတွက် ထူးထူးခြားခြား ပြင်ဆင်ခဲ့ရတာမျိုးရော ရှိလား။

ဖြေ။      ။ မရှိပါဘူး။ အဲဒီတုန်းက ကိုဇော်ခိုင်းတာလုပ်လိုက်တယ်။ ပြီးတော့ ကျွန်တော်က စစ်ကိုင်းဘက်ပါမသွားဘူး။ “အုတ်ကြားမြက်ပေါက်”ရိုက်နေလို့။ အဲဒီကားက ၄-၅ ရက်လောက်ပဲ ကြာတာ။ ကျွန်တော့်ကို အရင်ဖြတ်ရိုက်ပေးပြီးတော့ သူတို့ စစ်ကိုင်းသွားကြတာ။ ရိုက်တုန်းကတောင်မှ အဲဒီလောက် ကျွန်တော့်နေရာ ကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ အခု ရုံတင်ပြီးသွားမှပဲ အထူးပွဲသွားကြည့်တော့မှ ကောင်းမှန်းသိတာ။

ခံစားသူတို့ အမြင်

ဝေလင်းထွန်း (GTC – First Year)

“မင်္ဂလာလှည်း” ရုပ်ရှင်ဇာတ်ကားကို ရုံတင်တဲ့နေ့ကပဲ သွားကြည့်ဖြစ်တာ။ ကျောင်းက သူငယ်ချင်းတွေနဲ့။ ၁၁ ယောက် လောက်ပါတယ်။ ရုပ်ရှင်က တော်တော်ရယ်ရတယ်ဗျ။ ဇာတ်ကွက်၊ ဇာတ်လမ်းကတော့ သိပ်မရှိဘူး။ ပြေတီဦးက မိုးဟေကို တို့ရွာကိုသွားပြီး မိန်းမတောင်းတာပေါ့ဗျာ။ အဲဒါလမ်းမှာ ဒုက္ခရောက်ရပုံတွေကို ဟာသလုပ်ပြီး ရိုက်ထားတာ။ ကိုနေမင်းရဲ့ သရုပ်ဆောင်ချက်ကို ပြောရရင် သူ့ပုံစံက အရင်ကတည်း က မိုက်တိမိုက်ကန်းပုံဆိုတော့ အခု သရုပ်ဆောင်တဲ့အခါ သူ့ရဲ့ ဇာတ်ရုပ်က ပီပြင်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုနေမင်းရိုက်တဲ့ ဇာတ်ကားတော်တော်များများက မိုက်ရူးရဲပုံစံ တွေ များတယ်။ အခု ဇာတ်လမ်းထဲမှာလည်း သူက မင်းသမီး မိုးဟေကို ကို တစ်ဖက်သတ်ချစ်နေတဲ့သူ နေရာကနေ သရုပ်ဆောင်ထားပြီးတော့ သူတို့ရွာသူ မိုးဟေကို ကို မြို့သားပြေတီဦးက လာတောင်းမယ်ဆိုတော့ သူက ရိုက်မယ်ဆိုပြီး ပြေတီဦးတို့လာမယ့်လမ်း ရွာထိပ်ကနေစောင့်နေတာ။ အဲဒီပုံစံမျိုးပေါ့ဗျာ။ သရုပ်ဆောင်တာ မဆိုးပါဘူး။ ဒီရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်တာ ပိုကောင်းတယ်။ ကိုနေမင်း ဇာတ်ကားတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ ကျွန်တော်က ဗီဒီယိုကြည့်ရင် ဇာတ်ကားအခြေအနေပေါ်မူတည်ပြီး ကြည့်ဖြစ်ပါတယ်။ လူစွဲမထားဘူး။ ဇာတ်ကားကောင်းရင် ကြည့်ပါတယ်။ ကိုနေမင်း ကိုလည်း အားပေးဖြစ်ပါတယ်။ “မင်္ဂလာလှည်း” ရုပ်ရှင်ဇာတ်ကားကတော့ တော်တော်ရယ်ရတယ်ဗျ။ မဆိုးဘူး။ အာရုံ မကြည်တာတို့၊ စိတ်ညစ်စရာတွေရှိတဲ့သူတွေ ပိုပြီးကြည့်သင့်တယ်။ စိတ်အပန်းပြေတာပေါ့ဗျာ။

နှင်းနှင်း (Second Year-Law)

“မင်္ဂလာလှည်း” ရုပ်ရှင်ဇာတ်ကားကို ဘယ်နေ့မှာ ကြည့်ဖြစ်ခဲ့လဲ မမှတ်မိဘူး။ “မင်္ဂလာလှည်း” က တော်တော်ရယ်ရတယ်။ ညီမတို့ဆိုရင် ပါးစပ်တောင် မပိတ်ရဘူး။ ဒီကားထဲမှာ ကိုနေမင်းက ရွာခံတောသားနေရာက သရုပ်ဆောင်ထားတာ။ မိုးဟေကို က သူနဲ့ တစ်ရွာတည်းသားချင်းပေါ့။ မိုးဟေကို ကို သူက တစ်ဖက်သတ်ချစ်ပြီး သူများပြောသမျှ အကုန်ယုံပြီး မိုးဟေကို ကို လာတောင်းတဲ့ ပြေတီဦးလက်ထဲမထည့်နိုင်လို့ မိန်းမလာတောင်းတဲ့ မြို့သားပြေတီဦးနဲ့ လူကြီးတွေကို ရိုက်လွှတ်ဖို့ ရွာထိပ် ကနေ တုတ်နဲ့စောင့်နေတာ။ နောက်ဆုံးတော့လည်း မိုးဟေကိုက ပြေတီဦးနောက် ကောက်ကောက်ပါအောင် လိုက်သွားရော။ အဲဒီအခန်းမှာ တော်တော်လေးခံစားရတယ်။ ကိုနေမင်း သရုပ်ဆောင်ထားတာ အရမ်းကောင်းတယ်။ မိုးဟေကိုက မြို့သား နောက်လိုက်သွားတဲ့အခါ အလွမ်းတွေနဲ့ခွင့်လွှတ်ပြီး ကျန်ရစ်ခဲ့တဲ့ ကိုနေမင်းရဲ့ သရုပ်ဆောင်ချက်တွေက ရင်ထဲကို ထိထိခိုက်ခိုက်နဲ့ တော်တော်လေးခံစားရတယ်။ ကိုနေမင်းက သရုပ်ဆောင် အရမ်းကောင်းတယ်။ အရမ်းပီပြင်တယ်။ ညီမတို့ ဆိုရင် ကိုနေမင်းကို အမြဲအားပေးတယ်။ ကိုနေမင်းက ဇာတ်ရုပ်ကို အပိုအလိုမရှိ သရုပ်ဆောင်နိုင်တာ တွေ့ရတယ်။ တခြား မင်းသားတွေလို ပဲမများဘူး။ အဲဒါ ကို သဘောကျတာ။ တခြားမင်းသားတွေဆိုရင် အင်္ကျီအမျိုးမျိုးဝတ်ပြီး စတိုင်လ်ထုတ် ကြတယ်။ ကိုနေမင်းက ဂျင်းဘောင်းဘီတစ်ထည်၊ Style Pen တစ်ထည်နဲ့ပဲ ပြီးတယ်။ ညီမကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုနေမင်းကို အမြဲအားပေးနေပါတယ်။ အကယ်ဒမီဆုလည်း ရစေချင်ပါတယ်။

ဝ၁၆၊ ဝ၅၄

Leave a Reply

Your email address will not be published.