ဦး၀င်းတင်သို့လွမ်းချင်း

မြန်မာနိုင်ငံ၏ လူသူလေးစားအခံရဆုံး နိုင်ငံရေးတကြွ်ကလှုပ်ရှားသူတစ်ဦး လည်းဖြစ်၊ သတင်းစာဆရာကြီးတစ်ဦးလည်းဖြစ်သော ဦးဝင်းတင်ကိုနောက်ဆုံး ဂါရဝပြုရန် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဈာပနခန်းမတစ်လျှောက်တွင် ပြည်သူထောင် ပေါင်းများစွာတို့ စီတန်းနေခဲ့ကြသည်။ ခေါင်းလည်းမာ၊ အမိန့်အာဏာကိုလည်း ဦးမညွှတ်သော ဦးဝင်းတင်သည် မြန်မာစစ်ဘက်၏နှိပ်ကွပ်ခံ ဒီမိုကရေစီရေးလှုပ် ရှားမှုတွင် ဆယ်စုနှစ်ခုနီးပါးကြာ နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ထင်ရှား သော အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ သူ့အသက် ၈၅ နှစ်အရွယ်တွင် ကျောက်ကပ်ရောဂါဖြင့် ဧပြီ ၂၁ ရက် နံနက် ၆ နာရီခွဲက ကွယ်လွန်ခဲ့ရ သည်။
၂ဝဝ၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှပြန်လည်လွတ် မြောက်ခဲ့ပြီးနောက်တွင်လည်း ဦးဝင်းတင်မှာမြန်မာ့စစ်ဘက်ခေါင်းဆောင်များအ တွက် ဆူးတစ်ချောင်းသဖွယ် အဆုံးထိတိုင်အောင်ဆက်လက်ဖြစ်ခဲ့သည်။ ”ကျွန် တော်တို့ဟာ စစ်တပ်နဲ့ဘယ်တော့မှ စေ့စပ်မှာမဟုတ်ဘူး”ဟု ပြီးခဲ့သည့်နှစ်က ဆေးရုံမတက်ရမီ စာရေးသူကို သူပြောခဲ့သည်။ ”ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ခွင့်ပြုတဲ့ပြင်ဆင်မှုတွေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအပြောင်းအလဲတွေကို သူတို့ မလုပ်ရင် ကျွန်တော်တို့ကလမ်းပေါ်ထွက်ပြီး ဆန္ဒပြရမှာပဲ။ ပြည်သူလူထုက အပြောင်းအလဲကို လိုချင်နေကြပြီ”ဟု သူကဆိုပါသည်။
ပြီးခဲ့သည့်နှစ်အတွင်း ကျန်းမာရေးမကောင်းသဖြင့် နိုင်ငံရေးလှုပ်ရှားမှုမှ သူနောက်ဆုတ်နေခဲ့ရသည်။ ပုံနှိပ်ဖော်ပြရန်အတွက် ပြင်းထန်စူးရှသည့်လွတ်လပ် သော ထင်မြင်ဝေဖန်ချက်များနှင့် ထိရောက်ထက်မြက်သည့် စိစစ်လေ့လာအကဲ ဖြတ်ချက်များကို ဆက်လက်ရေးသားနေခဲ့သော်ငြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ၏ အပတ်စဉ်ထုတ်သတင်းစာစောင်ဖြစ်သည့် ဒီလှိုင်းအယ်ဒီတာအလုပ်ကို လည်း သူစွန့်လွှတ်ခဲ့ရသည်။ သူသည် သူ့စိတ်ထဲတွင်ရှိသည့်အတိုင်း အကြောက် အလန့်မရှိပြောဆိုခဲ့သည်။ သို့မဟုတ် အလိုလိုက်အကြိုက်ဆောင်ပြောကြားခဲ့ခြင်း အလျဉ်းမရှိ။ ယုတ်စွအဆုံး NLD ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူ့ပါတီတွင်း မှ နိုင်ငံရေးမဟာမိတ်များကိုပါ ဝေဖန်ထောက်ပြခဲ့သည်။
သူ မကွယ်လွန်မီက စာရေးခြင်းတွင်အာရုံစိုက်နိုင်ရန် နိုင်ငံရေးမြင်ကွင်းမှ အနားယူလိုကြောင်း သူတမ်းတခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် NLD ကို တည်ထောင် ခဲ့သူများအနက် လက်ကျန် ၃ ဦးတွင် ၁ ဦးလည်းဖြစ်၊ တိုင်းပြည်၏ နိုင်ငံရေးတွင် အရေးကြီးသည့်လမ်းဆုံလမ်းခွအလယ်၌လည်း ရောက်နေချိန်ဖြစ်သဖြင့် ပါတီ ၏အခြားသော ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုနိုင်ငံရေးတွင် ဆက်လက်ရှိနေစေရန် ဖိအားပေးခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်းရှိ ဥပဒေပြဋ္ဌာန်းချက်များက ဒေါ်အောင်ဆန်းစုကြည်သမ္မတ အဖြစ် အရွေးခံရရေးမှ တားမြစ်ထားသော်ငြား နောက်လာမည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် NLD အနိုင်ရမည်ဟု အကဲခတ်လေ့လာသူအများအပြားက ယုံကြည်ထားကြသည်။
NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီခေါင်း ဆောင်အခန်းကဏ္ဍနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတည်းဟူသော ပုဂ္ဂိုလ် ရေးသြဇာအပေါ်တွင် မှီခိုလွန်းသည်ဟု အချို့သောဝေဖန်သူများက ထောက်ပြ ပြောဆိုခဲ့ကြသည်။ ဦးဝင်းတင်သည် NLD ၏ လူငယ်လှုပ်ရှားမှုဘက်မှ မားမား မတ်မတ်ရပ်တည်ကာကွယ် ပေးခဲ့ပြီး ပါတီ၏နိုင်ငံရေးအနာဂတ်သည် နောက် မျိုးဆက်အပေါ်တွင် လုံးလုံးလျားလျားတည်မှီနေကြောင်း ကောင်းကောင်းနား လည်ခဲ့သည်။ ”ကျွန်တော်တို့ဟာ ငယ်ရွယ်သူခေါင်းဆောင်တွေကို တိုးပြီးနေရာ ပေးဖို့နဲ့ တာဝန်ပိုပေးသင့်တယ်”ဟု လွန်ခဲ့သည့်၂ နှစ်နီးပါးက တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် သူကပြောကြားခဲ့သည်။ ”အသက် ၈ဝ အရွယ် အဘိုးကြီးတစ် ယောက်က ဘာများလုပ်နိုင်မှာမို့လို့လဲ။ ကျွန်တော်က ဘာမှမတတ်နိုင် တော့ပါဘူးဗျာ။ ကျွန်တော်တို့ သွေးသစ်တွေလို တယ်လေ”ဟု သူကဆိုပါသည်။
ဦးဝင်းတင်ရော ဒေါ်အောင်ဆန်းစုကြည်တို့ပါ ပါတီခေါင်းဆောင်သစ်များ မွေးထုတ်ရန် လိုအပ်မှုကိုသဘောတူကြသော်လည်း ခေါင်းဆောင်နှစ်ဦးမှာ ပါတီ ပေါ်လစီဆိုင်ရာတွင် အမြဲတစေအမြင်တူကြသည်မဟုတ်။ ဥပမာဆိုလျှင် စစ်ဘက် မဟာမိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာရစေခဲ့သည့် အကွက်ချပြုလုပ်ခဲ့သော ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ သော ပါတီပေါ်လစီကိုပြောင်းပြန်လှန်ကာ ၂ဝ၁၂ ခုနှစ် ဧပြီကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ကို သူကအပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ဤကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၄၄ နေရာအနက် ၄၃ နေရာကို NLD ကအနိုင်ရခဲ့သည်။ ဤနောက်တွင်မူ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ်အနိုင်ရမည်မှာ သေချာ ကြောင်း သူကပြောကြားခဲ့သည်။ ”ပြည်သူလူထုက အပြောင်းအလဲကိုလိုလား တယ်။ ဒါကိုရဖို့တစ်ခုတည်းသောလမ်းက NLD ကိုမဲပေးဖို့ပဲဆိုတာ သူတို့သိကြ တယ်”ဟု သူကဆိုပါသည်။
ဦးဝင်းတင်အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုမှာ ပါတီအောက်ခြေထု၏ ယုံကြည်မှုနှင့် ပါတီကြီးထွားမှုအတွက် မရှိမဖြစ်အရေးကြီးသည်။ မိမိကိုဒဏ်ရာ အနာတရဖြစ်စေခဲ့သည့်စစ်ဘက်အပေါ် ကာကွယ်ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံ၏ မွတ်စလင်လူနည်းစုအပေါ် မြင့်တက်လာသောနှိပ်ကွပ်မှုအပေါ် ရေငုံနှုတ်ပိတ်နေခြင်းဖြင့်လည်း ကောင်း၊ လူအများကို အံ့အားသင့် စေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် တစ်ခါတစ်ခါတွင် ကွန်ဆာဗေး တစ်ဖြစ်လွန်းသည်ဟု အချို့သော တွေ့ဆုံမေးမြန်းမှုများတွင် ဦးဝင်းတင်က ကောက်ချက်ချတတ်သည်။
”သူက သိပ်သတ္တိကောင်းပါတယ်။ မကြာမကြာဆိုသလို သူကပွင့်ပွင့်လင်း လင်း ပြောတတ်ပြီး တစ်ခါတစ်ခါသိပ်အင်တိုက်အားတိုက် တက်တက်ကြွကြွရှိတတ်ပါတယ်။ ဒါပေမဲ့ ခက်နေတာက အမြဲလိုရှေးရိုးဝါဒီတွေဘက်က ရပ်နေတာ ပဲ။ လွှတ်တော်တို့၊ တရားဥပဒေစိုးမိုးရေးတို့ဘက်ကပေါ့လေ”ဟု ဦးဝင်းတင်က ပြောကြားသည်။ ”ဒါကလည်း လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတဲ့ သူ့ရဲ့မွေးဖွားကြီးပြင်းလာရတဲ့ဘဝကြောင့်ပါ။ ဒါပေမဲ့ တိုင်းပြည် ကောင်းဖို့အတွက်ကျတော့ တစ်ခါတစ်ခါ တက်ကြွ လှုပ်ရှားရေးလမ်းကိုလည်း လိုက်ဖို့လိုတယ်ဗျ”ဟု သူကဆိုပါသည်။
ဆေးရုံမတက်ရမီ ဦးဝင်းတင်နောက်ဆုံးလုပ်ခဲ့သော နိုင်ငံရေးလုပ်ဆောင်မှု တစ်ခုမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သည့် တက်ကြွလှုပ်ရှားသူ ဗုဒ္ဓဘာသာရဟန်းတော်အရှင်ဝီရသူကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အရှင်ဝီရသူသည် မွတ်စလင်ဆန့်ကျင်ရေးတရားများကြောင့် ကမ္ဘာ့သတင်းခေါင်းစဉ်များတွင် ထင် ပေါ်ခဲ့သူဖြစ်ပြီး နိုင်ငံ၏မွတ်စလင်လူနည်းစုအပေါ် ကျူးလွန်ခဲ့သည့်မကြာသေး မီက အကြမ်းဖက်မှုများအတွက် မိုးကြိုးလွှဲတစ်ခုသဖွယ် ရှုမြင်ခံရသူတစ်ဦးလည်း ဖြစ်ပါသည်။
သူက အရှင်ဝီရသူနှင့် အခြေခံဘုံတူညီချက်များတွေ့လိုတွေ့ငြား သွား ရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလာမည့်ရွေးကောက်ပွဲတွင် သမ္မတဖြစ်စေမည့် အခြေခံဥပဒေအပြောင်းအလဲအပေါ် အရှင်ဝီရသူဆန့်ကျင်ရန် ရည်ရွယ်မှု ရှိ၊ မရှိ သိနိုင်ရန်လည်း ဖြစ်သည်။ ”သူ့ဖိတ်ကြားချက်အရ ကျွန်တော် သူ့ကို သွားတွေ့ခဲ့တာပါ။ နောက်ပိုင်းမှာ သတင်းစာတွေကို သူပြောသလိုကျွန်တော့် မေတ္တာရပ်ခံချက်အရ ဒီတွေ့ဆုံမှုဖြစ်လာခဲ့တာမဟုတ်ပါဘူး”ဟု တွေ့ဆုံမေးမြန်း ခန်းတစ်ခုတွင် ဦးဝင်းတင်ကပြောကြားခဲ့သည်။
ဤတွေ့ဆုံမှုအပြီးတွင် ဘုန်းတော်ကြီးက သူ့ကိုအသုံးချခဲ့သည်ဟု ခံစားမိ ကြောင်း စာရေးသူကိုသူပြောပါသည်။ သူနှင့်တွေ့ဆုံစဉ်တွင် ဘုန်းတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို ဆန့်ကျင်မည်မဟုတ်ကြောင်း ပြောကြား ခဲ့သော်လည်း နောက်နေ့သတင်းစာများကို ပြောကြားသောအခါ ဤသဘောထား နှင့် ကွဲပြားဆန့်ကျင်နေပြန်သည်။ ” NLD က သံဃာတွေနဲ့တွေ့ဆုံဖို့ စိတ်မဝင် စားခဲ့ကြဘူး။ ဒါပေမဲ့ တွေ့သင့်တယ်။ ဒါမှမဟုတ်ရင် သူတို့ဘယ်လို အထင် အမြင်ရှိတယ်ဆိုတာ ကျွန်တော်တို့သိရမှာမဟုတ်ဘူး”ဟု ဦးဝင်းတင်က ပြော သည်။ နိုင်ငံရေးအရ သြဇာရှိသည့်သံဃာတော်များက ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသော်လည်း NLD ကို မထောက်ခံကြဟုသူကဆိုသည်။ ” NLD ဟာ ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတာ သူတို့နားလည်လက်ခံအောင် ကျွန်တော်တို့လုပ်ရမယ်”ဟု ဦးဝင်းတင်က ပြောကြားခဲ့သည်။
စစ်ဘက်၏နိုင်ငံရေးအခန်းကဏ္ဍနှင့်ပတ်သက်၍မူ ဦးဝင်းတင်က ဝေဖန် မြဲဝေဖန်နေခဲ့သည်။ ”စစ်တပ်ဟာ စစ်တန်းလျားကိုပြန်သွားရမှာပဲ။ ဒီလိုပြောလို့ ကျွန်တော်က စစ်တပ်ကို ဘင်္ဂလားပင်လယ်အော်ထဲတွန်းချချင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ ကန်တော်ကြီးထဲတောင် တွန်းချလိုစိတ်မရှိပါဘူးဗျာ”ဟု ရန်ကုန်မြို့ မှအထင်ကရ ရေကန်ကြီးကိုရည်ညွှန်းလျက်သူက ပြောကြားခဲ့သည်။ ”ဒါပေမဲ့ ကျွန်တော်က စစ်တပ်ကိုဘယ်တော့မှ အပြည့်အဝ မယုံဘူး။ ကျွန်တော်တို့က တကယ့်အပြောင်းအလဲကို လိုနေတာ။ အခြေခံဥပဒေနဲ့ ကစားရုံမဟုတ်ဘူး။ ကျွန်တော်တို့က ဖိအားကိုမပြတ်ပေးရမယ်။ လူထုအြွုံကမှုအသစ်တစ်ခုက လာနေပြီ ဗျ”ဟု သူကဆိုပါသည်။
ဦးဝင်းတင်သည် သတင်းစာဆရာနှင့် အယ်ဒီတာတစ်ဦးအဖြစ်ဆယ်စုနှစ် ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ယခင်အာဏာရှင်ဦးနေဝင်း၏ ကြမ်းတမ်း သော စာပေစိစစ်ရေးနှင့် အစိုးရခြောက်လှန့်မှုကာလအတွင်း စစ်ဘက်နှင့်ဆိုရှယ် လစ်အုပ်စိုးမှုကို ပြတ်ပြတ်သားသားဝေဖန်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ပိတ်ပင်ခံရချိန် အထိ နေ့စဉ်ထုတ်ဟံသာဝတီသတင်းစာ အယ်ဒီတာဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စစ်ဘက်အုပ်စိုးမှုကို လမ်းပေါ်ထွက်ဆန့်ကျင်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း NLD ကို ထူထောင်ခဲ့သည့်အဖွဲ့ဝင်တစ်ဦး လည်း ဖြစ်သည်။ ထိုအရေးတော်ပုံကို စစ်တပ်က ရက်ရက်စက်စက်ဖြိုခွင်း ချေမှုန်းခဲ့ပြီး ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် အခြားနိုင်ငံတကြွ်ကလှုပ်ရှားသူရာ ပေါင်းများစွာနှင့်အတူ ဦးဝင်းတင်အဖမ်းခံခဲ့ရသည်။ တရားမဝင် ကိုယ်ဝန်ဖျက်ချ မှုကို အကူအညီပေးခဲ့သည်ဟူသော လုပ်ကြံအကွက်ဆင်စွဲချက်များဖြင့် သူ့ကို ထောင်သွင်းအကျဉ်းချခဲ့သည်။ ရန်ကန်မြို့ရှိ အမည်ဆိုးဖြင့်ကျော်ကြားသော အင်းစိန်ထောင်တွင် ထပ်ခါထပ်ခါ ရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး သူ့သွားအများအပြားလည်း ဆုံးရှုံးခဲ့ရသည်။
သို့တစေ ဤမတော်မတရားမှုက သူ့ကိုကုလသမဂ္ဂသို့ ဆိုးရွားသောအကျဉ်း ထောင်အခြေအနေများကို ဖွင့်ချဖော်ပြသည့်အစီရင်ခံစာတစ်စောင်ပေးပို့မှုမှ မ တားဆီးနိုင်ခဲ့ပါ။ ထိုစာတွင် ညှဉ်းပန်းနှိပ်စက်မှုများ၊ မတော်မတရားပြုကျင့်မှု များ၊ ဆေးဝါးကုသမှုလုံလုံလောက်လောက်မရှိမှုများ ပါဝင်ပြီး ထိုအတွက်နောက် ထပ် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။ သူ့ကို မူလက ထောင်စောင့်စစ်ခွေး များထားရန် ပြုလုပ်ထားသော ကိုလိုနီခေတ်ထောင်တွင်းရှိ စစ်ခွေးတိုက်အတွင်း တိုက်ပိတ်ချုပ်နှောင်ထားခဲ့ပြီး ဆေးဝါးကုသမှု၊ လုံလောက်သည့်ရေနှင့် အစား အစာများ ငြင်းပယ်ထားခံခဲ့ရသည်။
၂ဝဝ၈ ခုနှစ် စက်တင်ဘာလတွင် အစိုးရလွတ်ငြိမ်းခွင့် အစိတ်အပိုင်းတစ် ရပ်ဖြင့် နောက်ဆုံးသူ ထောင်ကလွတ်ခဲ့သည်။ သူ့အပေါ် အကွက်ဆင်ချထားခဲ့ သော စွပ်စွဲချက်များအတွက် သူကအပြစ်မရှိကြောင်း ခံယူထားခဲ့သည်။ နောက် ဆုံးတွင် ထောင်မြွှခင်းချက်မရှိ သူလွှတ်မြောက်ခဲ့ပြီး မကြာမတင်တွင် စစ်အစိုးရအ ပေါ် လူသိရှင်ကြားဝေဖန်ပြစ်တင်မှုများကို သူဆက်လုပ်ခဲ့သည်။ သူကွယ်လွန်ချိန် အထိ ထိန်းသိမ်းခံရဆဲ အခြားနိုင်ငံရေးအကျဉ်းသားများနှင့် သွေးစည်းညီညွတ် ကြောင်း ပြသရန် ထောင်အင်္ကျီအပြာကို သူဆက်လက်ဝတ်ဆင်ခဲ့သည်။
မကြာသေးမီက သမ္မတလွတ်ငြိမ်းချမ်းသာခွင့်များဖြင့် ဆက်တိုက်လွတ် မြောက်မှုများရှိခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာ ဖမ်းဆီးချုပ် နှောင်ခံနေရဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းကြသည်။ များ မကြာမီကပင် တက်ကြွလှုပ်ရှားသူနှင့် သတင်းစာသမားများကို နိုင်ငံတော်လုံခြုံ ရေးနှင့် ဆက်နွှယ်သောစွဲချက်များဖြင့် ဖမ်းဆီးအကျဉ်းချခဲ့သေးရာ စစ်ဘက်၏ ယခင်နှိပ်ကွပ်ရေးနည်းလမ်းများသို့ နောက်ကြောင်းပြန်သွားမှုတစ်ခုအဖြစ် အချက်ပြနေသလို ရှိတော့သည်။
မကျန်းမာသောနေ့ရက်များတိုင် ဦးဝင်းတင်သည် တက်ကြွလှုပ်ရှားသူများ အပေါ် စစ်ဘက်၏ဖမ်းဆီးအကျဉ်းချမှုအပေါ်ပြောင် ဝေဖန်နေခဲ့သည်။ အင်းစိန် ထောင်အတွင်းရှိစဉ် သူရေးသားခဲ့ပြီး ၂ဝဝ၃ ခုနှစ်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ ပေါ်လို ဆာဂျီယို ပင်နဲရိုး ကို လျှို့ဝှက်လက်ဆင့်ကမ်းခဲ့သည့် ကဗျာတွင် သူ့ရင်တွင်းနက်ရှိုင်းသည့် ခံစား ချက်အမြင်သဘောထားကို တွေ့မြင်နိုင်ပါသည်။
ထောင်ထဲက အချိန်ဟာ
သေခါမှ လွတ်မယ်ထင်
ဒီမိုနဲ့ လူ့ခွင့်ရေး
မပေးသေးသမျှ
ကျုပ်ကတော့
မလွတ်ချင်
နေရန် အဆင်သင့်။
လူထွန်း
(မှတ်ချက်)။ ဤအမှတ်တရစာစုကို ရေးသားသူလယ်ရီဂျေဂင်သည် ယခင်က ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်း(ဘီဘီစီ)အတွက် မြန်မာ့နိုင်ငံရေးသုံးသပ်ချက်များ ရေး သားခဲ့သူဖြစ်ပြီး ယခုလောလောဆယ်တွင် ဘန်ကောက်အခြေစိုက်အလွတ်တန်း သတင်းစာဆရာတစ်ဦးဖြစ်ပါသည်။
Ref: Myanmar mourns Win Tin by Larry Jagan By Asia Times Online.

Leave a Reply

Your email address will not be published. Required fields are marked *