ခေတ်သစ်ပုဏ္ဏား

`အစ်မရေ လေးအိမ်ကျော်က ဦးစန်းတင့်နဲ့ဖုန်းပြောချင်လို့ပါ`

`သူ့ဟန်းဖုန်းရှိတယ်လေ ဟန်းဖုန်းခေါ်လိုက်ပါ`

`သူ့ဖုန်းနံပါတ်မသိလို့ပါ`

`ကျွန်မတို့လူမရှိလို့ခေါ်မပေးနိုင်ဘူး`

ဒုတိယအကြိမ်ဖုန်းချသွားတော့ ထပ်ဆက်လို့မဖြစ်တော့ဘူး။

`ဘာတဲ့လဲ`

`ခေါ်မပေးဘူးတဲ့ ဟန်းဖုန်းကို ဆက်` တဲ့။ ဦးစန်းတင့်နဲ့တော့ ဒုက္ခရောက်ပြီ။

မနေ့ညကမိုးချုပ်မှ ပြည်ကဖုန်းသတင်းဝင်လာတော့ ဦးစန်းတင့်ကို ပြည်သွားမယ့်အကြောင်း မပြောလိုက်ရဘူး။ ဦးစန်းတင့် အိမ်နားရောက်တော့မှ ဖုန်းဆက်ခေါ်မယ် စိတ်ကူးခဲ့တာ။

သူပြောလေ့ရှိတာက မနက် ၆ နာရီခွဲ အိမ်ကထွက်သတဲ့။ကျွန်မတို့ အိမ်ရောက်ရင် ၈ နာရီကွက်တိတဲ့။ နောက်နာရီဝက်ဆိုရင် ဦးစန်းတင့် အလုပ်သွားဖို့ သူ့အိမ်ကထွက်လာတော့မယ်။ သူဘယ်လမ်းကသွားပြီး ဘယ်မှတ်တိုင်က စီးမှန်းမသိဘူး။သူပြောလေ့ရှိတဲ့အကြော်တဲဆိုတာ သတိရပြီး စောင့်နေတာ။ ချိန်းထားတာမဟုတ်တော့ မသေချာဘူး။

`လုပ်ပါဦး ဆက်ကြည့်ပါဦး အရေးကြီးလို့ပါလို့ ပြောလိုက်နော်` ဖုန်းထပ်ခေါ်ပေမဲ့ ဟိုဘက်အမျိုးသမီးက အတော်အသဲမာဟန်တူပါရဲ့။ ဟင့်အင်းပဲ။ အဲဒီလိုနဲ့စောင့်ရင်း ၇ နာရီသာခွဲရော ဦးစန်းတင့်ကို အရိပ်တောင် မမြင်ရဘူး။ အဲဒီခရီးကို ဦးစန်းတင့်မပါဘဲ သွားခဲ့ရတယ်။

ဦးစန်းတင့်က  ဖုန်းလိုချင်လို့ အမြဲပူဆာနေကြ။ ဖုန်းကိုင်ရင် ငွေကုန်တယ် ဘာလုပ်မှာလဲလို့ပြောပြီး မေ့ထားခဲ့တာ။

လွန်ခဲ့တဲ့ ၈ လလောက်က အင်တာနက်သုံးချင်လို့ ဟန်းဆက်အသစ်တစ်လုံးဝယ်လိုက်တော့ ဖုန်းတစ်လုံးက ပိုနေရော။ အဲဒီအဟောင်း သူ့ကိုပေးဖို့တောင်းပါတယ်။ အစ်မ က အင်ဂျင်နီယာတွေတော့ပေးတယ် ကျွန်တော့်ကိုတော့ မပေးဘူးဆိုပြီး တွက်ကပ်စကားပြောသေးတာ။ ဒါနဲ့ ကျွန်မက `ဒါကဖုန်းအခွံ ဆက်လို့မရဘူး` ဆိုတာကို ယုံဟန်မတူဘူး။ရတယ် ပေးသာပေးပါ ဖုန်းဆက်လို့မရတော့လည်း `လူရှိန်တာပေါ့`တဲ့။ ကျွန်မအမျိုးသားရဲ့ ခါးချိတ်တဲ့အိတ်ကလေးပါ တောင်းတာနဲ့ပေးလိုက်တော့ ခါးမှာဖုန်းချိတ်ပြီး ကော့ကော့ ကော့ကော့နဲ့ ပြန်သွားလေရဲ့။

`ကျွန်တော်က အိမ်ပြန်ရောက်တာနဲ့ အိမ်ရှေ့လမ်းလျှောက်ပြီး ဖုန်းပြောသလိုပြောတာအစ်မရဲ့။ ဘယ် သူသိတာမှတ်လို့အစ်မရာ။ ဖုန်းနဲ့ဆိုတော့ လူရှိန်တာပေါ့။ ဘေးအိမ်တွေက လိုက်ကြည့်နေတာသိလား၊ အစ်မမှာ ကတ်ပိုရင် ထည့်ပေးထားနော်` လို့ဆိုတော့ ကျွန်မမှာ သနားရမှာလိုလို ရယ်ရမှာလိုလို။

အဲဒီရယ်စရာက ဒုက္ခဖြစ်လာခဲ့ပြီ။ ပြည်ကိုသွားတဲ့လမ်းတစ်လျှောက်လုံး ကျွန်မတို့ခေတ်ရဲ့ယဉ် ကျေးမှုလိုဖြစ်နေတဲ့ဖုန်းနဲ့ ဦးစန်းတင့် အကြောင်းပဲစဉ်းစားနေမိတယ်။

ကျွန်မတို့တိုင်းပြည်မှာ တယ်လီဖုန်းကိုတစ်ယောက်နဲ့တစ်ယောက်၊ တစ်နေရာနဲ့တစ်နေရာ ဆက်သွယ် ရေးအတွက်သုံးတဲ့ ကြားခံအသုံးချပစ္စည်းဆိုတာထက် ဇိမ်ခံပစ္စည်းလို သဘောထားနေကြတယ်။

ပြည်ခရီးကပြန်လာပြီး တစ်လလောက်ကြာတဲ့ရက်တစ်ရက်မှာ  `အစ်မကို ကျွန်တော်ဖုန်းတောင်းရဲ့သားနဲ့မပေး ဘူး။ အစ်မသာပေးရင် ဒီလိုမဖြစ်ဘူးတဲ့။ ဘာဖြစ်တာလဲမေးတော့ တော်တော်နဲ့မဖြေဘူး။ တော်သေးတာပေါ့ အစ်မရယ် လူကြီးကော၊ ကလေးကော ဘာမှမဖြစ်လို့၊ မနေ့က ကျွန်တော့်သမီး အင်းစိန်ဆေးရုံမှာမီးဖွားတယ်။ ၇ လ ပဲရှိသေးတော့ ပေါ့တာလေ။ သိမ်ကြီးဈေးသွားတာ ကားပေါ်မှာတင်ဗိုက်နာပြီး တက်စီနဲ့ အင်းစိန်ဆေးရုံပြေးတာ။ ဆေးရုံရောက်မှ အကျိုးအကြောင်းပြောပြီး အိမ်ကိုခေါ်ခိုင်းသတဲ့။ အဲဒါ ဖုန်းအိမ်က မိန်းမက သူတို့မှာ ဟန်းဖုန်းရှိတယ်။ ဟန်းဖုန်းဆက်ပါချည်းပဲပြောပြီး ခေါ်မပေးဘူးတဲ့။ သူနာပြုဆရာမကြီးက အော်လိုက်တော့မှ ခေါ်ပေးတာတဲ့။ အဲဒါနဲ့ မိန်းမကဈေးထဲဝင်သမက်ပါခေါ်ပြီး ချက်ခြင်းလိုက်သွားရတာ။ အစ်မသာ ဖုန်းပေးထားရင်ဒီလိုမဖြစ်ဘူး။`

ကျွန်မ စိတ်လည်းမဆိုးနိုင်ဘူး၊ ရယ်လည်းမရယ်နိုင်ဘူး။ သူက ကတ်မပါတဲ့ဟန်းဖုန်းနဲ့ဟန်ရေးပြကောင်း ခဲ့လေတော့အမြဲတမ်းခေါ်ပေးနေကျဖုန်းအိမ်ကလည်း ခေါ်မပေးတော့ဘူးပေါ့။

တယ်လီဖုန်းဆိုတာ အခြေခံဆက်သွယ်ရေးပစ္စည်း ကြွားဝါစရာဝါစရာ၊ ဇိမ်ခံစရာမဟုတ်ဘူးဆိုတဲ့အကြောင်း ဦးစန်းတင့် သိအောင်ဘယ်လိုပြောရပါ့မလဲ။

တယ်လီဖုန်းနဲ့ပတ်သက်ရင် ရယ်စရာလို့မှတ်ယူတတ်တဲ့ရင်မောစရာတွေအများကြီးကြားခဲ့ရဖူးတယ်။ ရပ်ကွက်တွေမှာ ဖုန်းခေါ်ပေးတဲ့အိမ်တွေက မသိနားမလည်တဲ့ ဖုန်းပြောသူတွေကို ခေါင်းပုံဖြတ်ပြီး ကြီး ပွားခဲ့ကြဖူးတယ်။ နားထောင်ရုံသက်သက် အဝင်ဖုန်းအတွက် (ကိုယ့်ဖုန်းကဘီလ်မတက်ဘဲနဲ့) တစ်ဖက်ခေါ်ဆို သူက ဟန်းဖုန်းနဲ့ခေါ်ရင် တစ်မိ နစ် ၅၀၊ ကြိုးဖုန်းနဲ့ဆိုရင် ၂၅ ကျပ် တို့၊ ကိုယ်ကခေါ်တာဆိုရင်လည်း မဆန့်ရင်ကန်နှုန်းနဲ့ယူတာတို့ တွေးကြည့်ရင် မျက်မမြင်ပုဏ္ဏားတွေ  ဆင်စမ်းပြီး အဓိပ္ပါယ်အမျိုးမျိုးဖွင့်ခဲ့ကြသလို ကျွန်မတို့ပြည်သူတွေ တယ်လီဖုန်းဆိုတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဓိပ္ပါယ်ဖွင့်ခဲ့တာတွေ တစ်ပုံကြီးပေါ့။ အိမ်လာလည်တဲ့ အဘွားတစ်ယောက်က `ညည်းတို့ အမေနဲ့စကား ပြောချင်တာအေ တယ်လီဖုန်းနဲ့ပြောရင် ဈေးကကြီးပါပေ့ ဟယ်လို ၁၀ဝ၊ ဟုတ်ကဲ့ ၂၀ဝ ပေးရတော့ အသံကလေးကြားရုံနဲ့ဖုန်းဖိုးငါးရာ၊ တစ်ထောင်ကုန်မယ့် အတူတူမျက်နှာပါမြင်ရအောင် လိုင်းကားစီးလာလိုက်တယ် အသွားအပြန် ၄၀ဝပဲကုန်တယ် အေးရောတဲ့။`

တယ်လီဖုန်းတွေခေတ်ကောင်းတော့ အိမ်ရောင်းပြီး ဖုန်းဆိုင်ဖွင့်တဲ့သူတွေ ရှိခဲ့ဖူးသလို၊ လျှောက်လွှာရောင်းပြီး အိမ်ဝယ်တဲ့သူတွေ ရှိခဲ့ဖူးတယ်။

သူများနိုင်ငံတွေ လကမ္ဘာပေါ်တက်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေက လပေါ်ကိုမော့ကြည့်ပြီး `ဖိုးလမင်းကြီးရေထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါ။ တယ်လီဖုန်းတစ်လုံး လောက်ပေးပါ`တောင်းနေကြတုန်း။

သိပ်မကြာခင် ရက်ပိုင်းက ၁၅၀ဝ တန် တယ်လီဖုန်းတွေလျှောက်ကြသတဲ့၊ ပေါက်ကြသတဲ့၊ ရောင်းကြသတဲ့၊ ဝယ်ကြသတဲ့။ အဲဒီဈေးကွက်စီးပွားရေးမှာလည်း ဦးစန်းတင့်က ကိုယ်တိုင်မဲမပေါက်လေတော့ လေ့လာသူအဆင့်ပါပဲ။

`ဦးစန်းတင့် မဝယ်နဲ့နော် ကျွန်မလည်းဝယ်မပေးဘူး။ နိုင်ငံခြားကုမ္ပဏီတွေလာတော့မှာ သူတို့ဆီက ဖုန်းအခွံ ဝယ်တာနဲ့ ဖုန်းကတ်ကော၊ ဖုန်းပြောဖို့ငွေကော ထည့်ပေးမှာသိလား။ အဲဒီတော့မှ ဝယ်ပေးမယ် အလွန်ဆုံး ၃၀çဝ၀ဝ လောက်ပဲကျမှာ။ အခုဝယ်ရင် ဖုန်းကတ်က ၆၀çဝ၀ဝ ပဲထားဦး ဖုန်းအခွံနဲ့ဖုန်းပြောမယ့်ငွေထည့်ရမှာနဲ့ အနည်းဆုံးတစ်သိန်းလောက် ကုန်ဦးမှာ သိလား`

ဒီနေ့မနက်တော့ ဦးစန်းတင့်က ကျွန်မကိုမေးတယ် အစ်မဖုန်းက ဘယ်တော့လာမှာလဲ ကြာဦးမှာလားတဲ့။

`ကဲ…ကျွန်မ ဘယ်လိုဖြေရပါ့။`

အဖြူရောင်(ရွှေ)

Leave a Reply

Your email address will not be published.