ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သမိုင်းအတွေ့အကြုံ

နိုင်ပန်းသာ၏ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံကို အရှေ့ကြယ်စာပေက ထုတ်ဝေလိုက် သည်။ ဒုတိယအကြိမ်ထုတ်ဝေခြင်း ဖြစ်ပြီး ပထမအကြိမ် ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလကပင် ထုတ်ဝေခဲ့သည်။ တိုင်းရင်းသား မွန်လူမျိုးတို့၏ ခေါင်း ဆောင်တစ်ဦးဖြစ်ပြီး မွန်ပြည်သစ် ပါတီလက်နက်ကိုင်အဖွဲ့၏ ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ နိုင်ပန်းသာကိုယ်တိုင် ပြုစုထား သော မွန်တိုင်းရင်းသားတို့၏ မြန်မာ့ သမိုင်းအဆက်ဆက်အရေးတော်ပုံများ၊ တော်လှန်ရေးများကို သမိုင်းမော်ကွန်း ရေးထိုးထားခြင်းလည်း ဖြစ်သည်။
စာအုပ်တွင် မွန်လူမျိုးတို့၏ သမိုင်းဖြစ်စဉ်များ၊ ဒေသန္တရစစ်ပွဲများ၊ ခေတ်အဆက်ဆက်တော်လှန်ရေးဖြစ် စဉ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုတစ် လျှောက် နိုင်ငံရေးဆောင်ရွက်မှုများ၊ လက်နက်စွဲကိုင်တော်လှန်မှုများ၊ ငြိမ်း ချမ်းရေး ခရီးလျှောက်လှမ်းလာပုံများ စသည့်မွန်လူမျိုးအရေးလှုပ်ရှားမှုအဝဝ ကို အခန်းပေါင်း ၂ဝ ခွဲ၍ လေ့လာ တင်ပြထားသည်။ မွန်လူမျိုးတို့၏ အတိတ်၊ ပစ္စုပ္ပန်နှစ်ရပ်လုံးကို ခိုင်မာ တိကျသော သမိုင်းအထောက်အထား များ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ရ သော ဖြစ်စဉ်မှတ်တမ်းများ၊ အတွေ့ အကြုံများဖြင့် စုစည်းထားသည်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသ တစ်လျှောက်တွင် သီးခြားပဒေသရာဇ် နိုင်ငံတော်တစ်ခုအဖြစ် သမိုင်းစဉ်ဆက် လွတ်လပ်တောင့်တင်းစွာ တည်ရှိခဲ့ သော ဟံသာဝတီနိုင်ငံတော်ကို အလောင်းမင်းတရား ဘွဲ့ခံဦးအောင် ဇေယျ တိုက်ခိုက်သိမ်းပိုက်ပြီး နောက် တွင် မွန်လူမျိုးတို့၏ ဇာတိမာန်ကို တောင်ထိပါးလာခဲ့ပြီး အစဉ်အဆက် ဗမာ ပဒေသရာဇ်နိုင်ငံတော်၏ လက် အောက်ခံဘဝသို့ ကျရောက်ခဲ့ရသည်။ ပဒေသရာဇ် နိုင်ငံချင်းအားပြိုင်ရာမှ မွန်လူမျိုးတို့၏ သီးခြားဓလေ့စရိုက်များ၊ ယဉ်ကျေးမှု၊ စာပေများ တိမ်မြုပ်ခဲ့ရ သည်။ အင်္ဂလိပ်နယ်ချဲ့လက်အောက် သို့လည်း ဗမာလူမျိုးများထက် အရင် ကျရောက်ခဲ့ရသည်။ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ရချိန်တွင်မူ တိုင်း ရင်းသားလူမျိုးအားလုံးစုပေါင်း၍ သူ့ ကျွန်ဘဝမှ လွတ်မြောက်ရန်စုစည်း ကြိုးပမ်းခဲ့ကြသည်။ ဗမာလူမျိုးများ ကဲ့သို့ပင် မွန်လူမျိုးများသည်လည်း လွတ်လပ်ရေးကြိုးပမ်းမှုတွင် တစ်စိတ် တဝမ်းတည်း ညီညာစွာပါဝင်ခဲ့ကြ သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ချန် ထား၍မရသော မွန်အမျိုးသားခေါင်း ဆောင်များလည်း ထင်ရှားစွာပေါ် ပေါက်လာခဲ့သည်။ လွတ်လပ်ရေးကြိုး ပမ်းမှု သမိုင်းနှင့်ယှဉ်တွဲ၍ မွန်လူမျိုးတို့ ၏ အမျိုးသားရေးစိတ်ဓာတ်နှင့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများတိုးတက် ထွန်းကားလာစေရန် အစွမ်းကုန်ကြိုး စားအားထုတ်ခဲ့ကြသည်။
လက်တွဲညီစွာ ကြိုးပမ်းခဲ့ကြ သော လွတ်လပ်ရေးခရီးပန်းတိုင် ရောက်လုနီးတွင် မွန်လူမျိုးတို့၏တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုင်ရာများနှင့် ပတ်သက်၍ အငြင်း ပွားဖွယ်ရာများ အစပျိုးလာခဲ့သည်။ ဆိုရလျှင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော နိုင်ငံတော် တစ်ခုအတွက် အုတ်မြစ်ချသည့် ပင်လုံ ညီလာခံတွင် ကရင်၊ မွန်နှင့်ရခိုင် တိုင်း ရင်းသားကိုယ်စားလှယ်တို့ ပါဝင် တက်ရောက်ခွင့်မရခဲ့ခြင်းပင် ဖြစ် သည်။ ဖဆပလအဖွဲ့၏ ကြားဖြတ် အစိုးရအဖွဲ့တွင်လည်း မွန်လူမျိုးအမတ်နှင့် ဝန်ကြီးနေရာများ ပယ်ချခံရသည့် အတွက် မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလမှ နုတ်ထွက်သည်။ ဤမှ စတင်၍ မွန်လူမျိုးတို့သည် ဗမာလူမျိုးကြီးဝါဒကျင့်သုံးနေသည်ဟု ဖဆပလအပေါ် အယုံအကြည်မဲ့လာကြသည်။ ဤမှစ၍ လူမျိုးရေးသွေးကွဲမှုများ၊ ပြည်တွင်းစစ်ဆီ သို့ ဦးတည်စေခဲ့သည်။ လွတ်လပ်ရေးရရှိသည့်အချိန်တွင်လည်း အခြားတောင်တန်း ဒေသများကို ပြည်နယ်များ သီခြားခွဲ၍ သတ်မှတ်ပေးခဲ့သော်လည်း ကရင်နှင့် မွန်တိုင်းရင်းသားတို့အတွက် တိကျစွာသတ်မှတ်ပေးထားသော ပြည်နယ်များ အဖြစ် ထည့်သွင်းမစဉ်းစားဘဲ ဖယ်ကြဉ်ထားခဲ့သည်။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ညတွင် မွန်အမျိုးသားကာကွယ်ရေးတပ်ကို စတင်ဖွဲ့စည်း ပြီး လက်နက်ကိုင်တော်လှန်ရေးဆီသို့ ဦးတည်စေခဲ့သည်။
ဖဆပလအစိုးရ၏ အကွဲအပြဲများ၊ နိုင်ငံရေးအရှုပ်အထွေးများ၊ လူမျိုးကြီး ဝါဒဖော်ဆောင်လိုမှုများကြောင့် မွန်လူမျိုးတို့၏လက်နက်ကိုင်တော်လှန်ရေးနှင့် အခွင့်အရေးတောင်းဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။ လူတစ်ယောက် တုတ် ကောက်တစ်ချောင်းမှသည်အစပြု၍ မွန်လူမျိုးတို့၏အခွင့်အရေး၊ ရပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည်။ နယ်မြေချင်းဆက် စပ်လျက်ရှိသော ကရင်လူမျိုးလက်နက်ကိုင်အဖွဲ့များနှင့်လည်း ပူးပေါင်းလှုပ်ရှားခဲ့ သည်။ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသော အစိုးရအဆက်ဆက်နှင့်လည်း ပြေလည် မှုမရဘဲ လက်နက်ကိုင်တော်လှန်ရေးခရီးရှည်ကြာခဲ့သည်။ ပြည်ထောင်စုစစ် စစ်မူကို ဖော်ထုတ်ခြင်းဖြင့် ပြည်ထောင်စုကြီးပြိုကွဲသွားတော့ မယောင်ဝါဒဖြန့်ချိ မှုများသည်လည်း မွန်တိုင်းရင်းသားတို့၏ အခွင့်အရေးတောင်းဆိုမှုကို လက်နက် ကိုင်လှုပ်ရှားမှုများအထိ တွန်းပို့ခံလိုက်ရပြီး လွတ်လပ်ပြီးစနိုင်ငံတစ်ခုကို ပြည် တွင်းသောင်းကျန်းမှုများအဖြစ် ရောက်ရှိစေခဲ့သည်။
မဆလအစိုးရက အခြားသောနိုင်ငံရေးပါတီများ၊ လှုပ်ရှားမှုအားလုံးကို တရားမဝင်ကြောင်း သတ်မှတ်ကြေညာပြီးသည့်နောက်တွင်မူ မွန်အမျိုးသားလှုပ် ရှားမှုသည် လက်နက်ကိုင်တော်လှန်ရေး ပီပီပြင်ပြင် ဖြစ်စေခဲ့သည်။ မွန်လက်နက် ကိုင်တပ်၊ မွန်ပြည်သူ့တပ်ဦး၊ မွန်ပြည်သစ်ပါတီ စသည်ဖြင့် အဆက်ဆက်တော်လှန် ရေးကို နည်းလမ်းပေါင်းစုံ၊ ရပ်တည်မှု မျိုးစုံ၊ အခက်အခဲပေါင်းစုံကို အန်တု ရင်း ကြိုးစားရပ်တည်ခဲ့ကြသည်။ တော်လှန်ရေးတပ်ဖွဲ့များနှင့် အာဏာရ အစိုးရလက်နက်ကိုင်တပ်တို့ အားစမ်း မှုများ၊ အားသာမှုများ အပြန်အလှန် ရှိခဲ့ကြသည်။
ပြုစုသူနိုင်ပန်းသာသည် ၁၉၄၈ မွန်လက်နက်ကိုင်တပ်မှ အစပြုကာ မွန် တော်လှန်ရေးလှုပ်ရှားမှုတွင် စ၊ လယ်၊ ဆုံး ထိပ်တန်းနေရာမှ ပါဝင်ခဲ့သူဖြစ် သည်။ မွန်ပြည်သူ့တပ်ဦး၊ မွန်ပြည် သစ်ပါတီတို့တွင်လည်း ထိပ်တန်း အရာရှိအဖြစ် တာဝန်ထမ်းရင်း မွန် လူမျိုးတို့ရှေ့မှ ရပ်တည်ခဲ့သူဖြစ်သည်။ မွန်ပြည်သစ်ပါတီနှင့် နဝတအစိုးရတို့ ငြိမ်းချမ်းရေးယူသည်အထိလည်း ကြား ဝင်စေ့စပ်ပေးခဲ့သူဖြစ်သည့်အတွက် သမိုင်းတန်ဖိုးရှိ မှတ်တမ်းမှတ်ရာများ အားလုံးကို ခိုင်မာစွာပြုစုတင်ပြထား နိုင်ခဲ့သည်။ ဖြစ်စဉ်တစ်လျှောက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူဖြစ်၍ လည်းလှုပ်ရှားမှုတစ်လျှောက်လုံးအတွက် တိကျခိုင်မာသော အထောက်အထား များ ဓာတ်ပုံမှတ်တမ်းများကို တင်ပြ နိုင်ခဲ့သည်။
မွန်နိုင်ငံရေးလှုပ်ရှားမှုသမိုင်း အတွေ့အကြုံဆိုသည့်အတိုင်း မွန်လူမျိုး တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ခရီးကြမ်းကို လေ့လာလိုသူတို့၊ နိုင်ငံရေးသမိုင်းစဉ် လေ့လာလိုသူတို့ ဖတ်ရှုကိုးကားဖွယ် ပြုစုမှု ကောင်းတစ်ခုဖြစ်သည်မှာ သေချာလှပါသည်။ မဟာလူမျိုးကြီး ဝါဒစွဲကိုင်လိုသူတို့ ဆင်ခြင်ပြင်ဆင် ဖွယ် အတွေ့အကြုံများလည်း ရနိုင်မည် ဖြစ်သည်။
”၁၉၃၁ ခုနှစ်တွင် မွန်အမျိုးသား ဆာဂျေအေမောင်ကြီးသည်ခေတ္တဘုရင်ခံ အဖြစ် ဆောင်ရွက်နေစဉ် မွန်လူမျိုးတို့ နှင့်ပတ်သက်၍ (ဆာကြူလာစာအမှတ် ၁၇ဝ ဒီ ၃ဝ)အရ မွန်လူမျိုးအားတလိုင်း ဟုမခေါ်ရ။ ဤအမှုဖြင့် တရားစွဲဆိုခြင်း ခံရပါက ဒဏ်ငွေ ၅ဝ ကျပ်အထိ၊ ထောင် ဒဏ် ၁၅ ရက်အထိ၊ ထောင်ဒဏ်ငွေဒဏ် ၂ ရပ်ပေါင်း ကျခံရမည်ဟု အမိန့် ထုတ်ပြန်ခဲ့သည်” (စာ-၄၂)
ဝဏ္ဏလင်း

Leave a Reply

Your email address will not be published.