လူမျိုးခွဲခြားရေးဝါဒ

လူမျိုးကြီးဝါဒ သို့မဟုတ် လူမျိုးခွဲခြားရေးဝါဒ(ricism)ဆိုသည်မှာ မိမိလူမျိုးက တစ်ခြားတစ်ပါးသောလူမျိုးထက် ကြီးကျယ်မြင့်မြတ်သည်၊ ပိုမိုသာလွန်သည်ဆိုသော အယူဝါဒဖြစ်ပါသည်။ တစ်နည်းဆိုရသော် လူသားတစ်ဦးအနေဖြင့် ရွေးချယ်ပိုင်ခွင့်မရှိသော သူ၏မွေးဖွားလာရသည့် ဇီဝဗေဒဆိုင်ရာလက္ခဏာရပ်များပေါ် အခြေခံပြီးဆုံးဖြတ်ရှုမြင်သော  ဝါဒဖြစ်ပါသည်။

သည်လူမျိုးခွဲခြားရေးဝါဒအရ မိမိနှင့်မတူသောတစ်ခြားလူမျိုးများကို ခွဲခြားဆက်ဆံသင့်သည်ဟူသည့် သဘောထားဖြစ်ပါသည်။

လူမျိုးခွဲခြားရေးဝါဒသည် လူ့သမိုင်းစဉ်တစ်လျှောက်လုံးမှာပင် တည်ရှိခဲ့ပါသည်။ သည်ဟာက လူသားတစ်ယောက်၏ မွေးရာပါသဘောတရားအရဖြစ်တည်လာသော အသားအရောင်၊ ဘာသာစကားဓလေ့ထုံးတမ်း၊ မွေးဖွားရာနေရာ စသည်တို့ပေါ်မူတည်ပြီး မိမိနှင့်မတူညီမှုပေါ်မှာ အခြေခံကာ အမုန်းတရားပွားများခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကောင်းသည်။

ထိုအမုန်းတရားပေါ် အခြေတည်ကာစစ်ပွဲများ၊ ကျွန်ပြုခြင်းများ၊ နိုင်ငံဖွဲ့စည်းတည်ထောင်ခြင်းများနှင့် ကိုဓစည်းမျဉ်းဥပဒေ များ ဖြစ်လာရသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ဝ နှင့် ၁၀ဝ၀ ကြားကာလအတွင်းဝယ် အနောက်တိုင်းသားမဟုတ်သူများအပေါ် အနောက်တိုင်းသား များ၏ လူမျိုးခွဲခြားရေးဝါဒက သမိုင်းတွင် အထင်ကရဖြစ်ခဲ့ပါသည်။ အနောက်တိုင်း၏ အဆိုးရွားဆုံး လူမျိုးခွဲခြားရေးပြယုဂ် တစ်ခုက အာဖရိကတိုက်သားများကို ကျွန်ပြုခြင်းပင်ဖြစ်ပါသည်။

သည်လိုကျွန်ပြုခြင်းကို တရားသည်ဟုလည်းမြင်ကြသည်။ အကြောင်းမှာ ဥရောပတိုက်သားလူဖြူများက ကြီးကျယ်မြင့်မြတ် ပြီး   အာဖရိကတိုက်သားလူမည်းများက လူပီသခြင်းမရှိဟူ၍ ယူဆကြသောကြောင့်ပါ။

စင်စစ် အာဖရိကတိုက်သားများသည် နိမ့်ကျသောလူသားများဖြစ်သည်ဟူ၍ နဂိုတုန်းကတည်းကရှုမြင်ခဲ့တာတော့ မဟုတ်ပါ။ ၁၅ ရာစုနှင့် ၁၆ ရာစုခေတ်များက ပေါ်တူဂီရေကြောင်းခရီးသည်များသည် အာဖရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုစဉ်က အာဖရိကအင်ပါယာများသည်လည်း ဥရောပတိုက် တိုင်းပြည်များနှင့်အပြိုင် စည်ပင်ဖွံ့ဖြိုးလျက်ရှိခဲ့ပါသည်။ အာဖရိကတိုက်သားများကို မိမိတို့၏ ပြိုင်ဖက်အဖြစ်ပင် ဥရောပသားများက ရှုမြင်ခဲ့ကြသည်။

သို့ရာတွင် နောက်ပိုင်း၌ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအရာမှာ အာဖရိကက ဥရောပကိုလိုက်မမီနိုင်ဖြစ်လာသည်။ သည်တွင် ဥရောပတိုက်သားများက အာဖရိကတိုက်ကို စိုးမိုးခြယ်လှယ်လာကာ လူတွေကိုလည်း ကျွန်အဖြစ် အတင်းအဓမ္မစေခိုင်းလာ တော့သည်။ ထို့နောက်မှာတော့ အာဖရိကတိုက်သားများကို မိမိတို့နှင့်အဆင့်မတူ၊ နိမ့်ကျသော အရိုင်းအစိုင်းများ အဖြစ်ရှုမြင် လာခဲ့လေသည်။

ဒါက တမင်ဖန်တီးယူသော နှိမ့်ချခွဲခြားမှုတစ်ခု ဖြစ်ပါသည်။ အကြောင်းမူ ထိုစဉ်ကာလက အနောက်တိုင်းယဉ်ကျေးမှုတွင် လူတစ်ဦးချင်းအခွင့်အရေးနှင့် လူလူချင်းတန်းတူညီမျှရှိသည်ဆိုသောစံများကို မြေစမ်းခရမ်းပျိုးနေပြီဖြစ်သောကြောင့်ပါ။

သည်တော့ ကျွန်ကုန်ကူးသူများက လူမျိုးကြီးဝါဒ၊ လူမျိုးခွဲခြားရေးဝါဒကို အသက်ဝင်အောင် ကြိုးစားပြီး ဇာတ်သွင်းကြ ရတော့သည်။ သည်အထဲဇာတ်တူသားစားချင်သော အာဖရိကတိုက်သားများက သူတို့ထက်အားနည်းသော တစ်ခြား အာဖရိကတိုက်သားများကို အနိုင်ကျင့်ဖမ်းဆီးကာ ဥရောပကျွန်ရောင်းဝယ်သူများထံရောင်းစားကြသည်။

ထိုအခါ လူဖြူများက သည်လူမည်းတွေသည် အချင်းချင်းကိုပင် မညှာမတာသစ္စာဖောက်ကြသည်၊ အသားမည်းများအားလုံး သည်ပုတ်ထဲ ကသည်ပဲ၊ အရိုင်းအစိုင်းတွေချည်းပဲဆိုပြီး သိမ်းကျုံးကာ ရှုမြင်လိုက်တော့သည်။

လူမျိုးရေးခွဲခြားရှုမြင်ရာတွင် လူမည်းနှင့်တစ်ခြားသော မိမိနှင့်မတူသည့် လူမျိုးများပေါ်တွင် ရှုမြင်ချက်က သည်လူတွေသည် လူမဟုတ်၊ လူမပီသ။ သူတို့ကို ကျွန်အဖြစ်သာ သတ်မှတ်ထားရှိရမည်၊ ထိုသို့ရှုမြင်ကြသည်။

ဂျူးများပေါ်တွင် ရှုမြင်ချက်ကမူ တစ်မျိုး။ ဂျူးတွေကို လူမပီသဟု ရှုမြင်တာမျိုးရှိသလို သူတို့တစ်တွေသည် အလွန်တော် သည်၊ ကောက်ကျစ် ယုတ်မာသည်၊ အင်မတန်အသက်ပြင်းသည်ဆိုပြီးတော့လည်း ရှုမြင်ကြသည်။ ပညာရှင်များအဆိုအရ ဂျူးကိုဆန့်ကျင်သော ဆီးမိုက်အနွယ် ဆန့်ကျင်ရေးသည် ကမ္ဘာ့ရှေးအကျဆုံး လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေး မုန်းတရား ဖြစ်ပါသည်။

တစ်နည်းဆိုရသော် ဂျူးများအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုက မကောင်းဆိုးရွားသဘောဆန်ပြီး ကျန်လူမည်းနှင့် တခြားသူများအပေါ် ခွဲခြားဆက်ဆံမှုက သည်လူတွေသည်နိမ့်ကျသည်ဆိုသောအမြင်ဖြစ်ပါသည်။ ဂျူးများအပေါ် ဆန့်ကျင်မုန်းတီးမှုတွင် ခရစ်တော်ကို ကားစင်တင်ကွပ်မျက်ခဲ့သောအချက်လည်း ပါဝင်ပါသည်။

၁၉ ရာစု ဒုတိယတစ်ဝက်ကာလတွင် ခရစ်ယာန်ဘာသာ အရှိန် သြဇာကျလာခြင်း၊ ဒါဝင်ဝါဒပေါ်ထွန်းလာခြင်း၊ အနောက်တိုင်းနိုင်ငံများ သို့ ရွှေ့ပြောင်းလာသူတွေ များပြားလာခြင်းတို့ကြောင့် အနောက်တိုင်းသား လူဖြူများက သူတို့၏ ယဉ်ကျေးမှုသြဇာအပေါ် အန္တရာယ်ပြုလာသည်ဟု ခံစားလာကြရသည်။

သည်တွင် ဥရောပနှင့်အမေရိကန်သိပ္ပံပညာရှင်များသည် ဂျူးမဟုတ် သူ လူဖြူများက တစ်ခြားလူမျိုးတွေထက် မြင့်မြတ် ကြောင်းကို သိပ္ပံပညာအရ လုပ်ကြံလီဆယ်၍ သက်သေပြ ခဲ့ကြလေသည်။

နာဇီတို့က ဂျူးများအပေါ် လူမျိုးရေးခွဲခြားနှိမ့်ချမှုသည်လည်း အထက်ပါမှားယွင်းသော သိပ္ပံပညာသဘောတရားအပေါ် အခြေခံခဲ့ပြန်သည်။

သို့တစေ ၂၀ ရာစုနှစ်တစ်လျှောက်ဝယ် လက်တစ်ဆုပ်စာမျှသော သိပ္ပံပညာရှင်များနှင့် လူမှုရေးသိပ္ပံပညာရှင်များက လူမျိုးတစ်မျိုးအပေါ် နောက်လူမျိုးတစ်မျိုးက စိုးမိုးအကဲဖြတ်ခြင်းကို စောဒကတက်ခဲ့ကြလေသည်။ သူတို့က အထူးသဖြင့် လူမည်းများကို အကာအကွယ်ပေးခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တစ်သက်လုံးခွဲခြားနှိမ့်ချဆက်ဆံခံလာခဲ့ရသော လူမည်းများကလည်း သူတို့တစ်တွေသည် နိမ့်ကျသူတွေ မဟုတ်ကြောင်း တိုက်ပွဲဝင်လာကြသည်။ သူတို့တစ်တွေက အမေရိကန်လူမည်းများဖြစ်ပါသည်။ သူတို့ကလည်း မိမိတို့လူမည်း များက လူဖြူတွေထက် သာလွန်မြင့်မြတ်သည်ဟု ဆိုကြပြန်သည်။

တကယ်တော့ သည်အငြင်းအခုံတွေ အားလုံးသည် မှားယွင်းပါသည်။လူသားမျိုးနွယ်အပေါ် အထင်အမြင် လွဲမှားနေခြင်းသာ ဖြစ်ပါသည်။ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးကို အဆင့်အတန်းသတ်မှတ်ပိုင်ခွင့်မျိုးကို ယနေ့ခေတ်သိပ္ပံပညာရှင်များက အသိအမှတ်မပြုတော့ပါ။

အသားအရောင်၊ ဆံပင်၊ မျက်နှာကျတို့ လူတစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားခြင်းသည် သိပ္ပံနည်းကျရှုထောင့်မှ ကြည့်လျှင် ဘာမှအရေးမပါတော့ချေ။

လူသားမျိုးနွယ်အားလုံး၏ဗီဇသည် အသားအရောင်ဖြူသော၊ မည်းသော၊ ဝါသော၊ ညိုသောမဟူ အတူတူပင်ဖြစ်တော့သည်။

လူသည်လူသာဖြစ်သည်ဟူ၍ ပညာရှင်များက ခံယူလာကြပါသည်။

ထင်အောင်ကျော်

ရည်ညွန်း။ Racical Separatism by Anti-Defamation League

Leave a Reply

Your email address will not be published.