ဆင်နှင့်အတူအိပ်ခြင်းကို လေ့လာချက်

စိန်ဝင်းစိန်၏ ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေးကို လောက သစ်စာပေက ပထမအကြိမ်ထုတ်ဝေ လိုက်သည်။ David I. Steinberg နှင့် Hongwei Fan တို့၏ Modern China Myanmar Relations ကို ပြန်ဆိုထား ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် ပိုင်း မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်အပြီး နိုင်ငံနှစ်ခု အကြား ဆက်ဆံရေးအထွေထွေကို စေ့ငုလေ့လာထားချက်လည်းဖြစ်သည်။ မူရင်းစာရေးသူတို့နှင့် ဘာသာပြန်ဆိုသူ တို့ကလည်း တရုတ်-မြန်မာဆက်ဆံ ရေး၏ အပေါ်လွင်ဆုံးပုံသဏ္ဌာန်ကို Dilemmas of Mutal Dependence (အပြန် အလှန် မှီခိုနေရခြင်း၏ မထွေးနိုင်မမျို နိုင်အခြေအနေများ)ဟု ခေါင်းစဉ်ငယ် ပေးထားသေးသည်။
သမိုင်းစဉ်ဆက် ပထဝီအနေ အထားအရ ဆက်စပ်နေခြင်းကြောင့် တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား များစွာသောဆက်ဆံမှုများရှိခဲ့သည်။ ဤဆက်ဆံမှုများစွာမှသည် တစ် ဖက်နှင့်တစ်ဖက်များစွာသောမှီခိုမှုများ၊ ရပ်တည်မှုများလည်း ရှိခဲ့သည်။ အခြား သော အိမ်နီးချင်းနိုင်ငံများထက် ပို၍ ဒွေးရောယှက်တင်မှုများရှိခဲ့သည်။ ပဋိပက္ခအချို့လည်းရှိခဲ့သည်မှန်သော် လည်း အခြားသောအိမ်နီးချင်းနိုင်ငံ များလောက် တိတိကျကျထုတ်ပြနိုင် သည့်ပြင်းထန်မှုများမှာ အစဉ်အဆက် ကတည်းက နည်းပါးအောင် ကြိုးစား ရပ်တည်ခဲ့သည့် သမိုင်းလည်း နှစ်ဖက် စလုံးတွင် ရှိခဲ့သည်။
ယခုစာအုပ်တွင်မူ ၁၉၄၈ မြန်မာ့ လွတ်လပ်ရေးရပြီးချိန်၊ ၁၉၄၉ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်အပြီး တွင် တရားဝင်စတင်ခဲ့သည့် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးမှ စတင် လေ့လာသုံးသပ်ထားသည်။ လွတ်လပ် သောနိုင်ငံနှစ်နိုင်ငံတို့ သီးခြားစီကျင့် သုံးသောနိုင်ငံရေး၊ စီးပွားရေးစနစ် အရပ်ရပ်တို့အကြားမှ ဖြစ်ပေါ်တိုး တက်မှု၊ ထိပါးငြိစွန်းမှုအဆင့်ဆင့်တို့ကို ကျယ်ပြန့်စွာ ဖြန့်ကြက်လေ့လာထား ခြင်းလည်းဖြစ်သည်။
စာအုပ်တွင် စစ်အေးကာလ အတွင်း တရုတ်-မြန်မာဆက်ဆံရေး၏ အကောင်းအဆိုးပြောင်းလဲတတ်သည့် လောကဓံတရားများ၊ စစ်အေးလွန် ခေတ်အတွင်း တရုတ်-မြန်မာဆက်ဆံ ရေး၏ စိန်ခေါ်မှုများ၊ နိုင်ငံတကာ အာဏာဖြန့်ကြက်မှုအတွင်း တရုတ်-မြန်မာဆက်ဆံရေး စသည့်အဓိက အပိုင်းများ ခွဲခြားလေ့လာထားပြီး နှစ် ကာလအပိုင်းအခြားအလိုက် အထူးပြု လေ့လာထားသော အခန်း ၁၁ခန်းကို လည်း ခွဲခြားတင်ပြထားသည်။
၁၉၄၈ နှင့် ၄၉ မကွာခြားလှ သော နှစ်ကာလအတွင်း လွတ်လပ် သော နိုင်ငံတော်သစ်တစ်ခုစီ တည် ထောင်လာကြသော နိုင်ငံအချင်းချင်း ဖြစ်သော်လည်း ထိုနိုင်ငံနှစ်ခုတို့ ကိုင် ခဲ့သည့်နိုင်ငံရေးမူဝါဒမှာ မူအတန် ကွဲပြားသည်။ တရုတ်က ကွန်မြူနစ် ဝါဒကို အခြေပြု၍ ဆိုရှယ်လစ် ပန်းတိုင်ဆီချီတက်သော်လည်း ထိုစဉ် က မြန်မာမှာ ဆိုရှယ်လစ်ဒီမိုကရေစီ ဝါဒကို ဆုပ်ကိုင်ထားသည်။ ဤနိုင်ငံ ရေးမူဝါဒတို့အပေါ် အခြေခံ၍ နှစ် နိုင်ငံဆက်ဆံရေးသည် မယုံမရဲစမ်း တဝါးဝါးနှင့် စတင်အခြေပြုခဲ့ရသည်။ တရုတ်တွင် အာဏာရရှိလာသည့် ကွန်မြူနစ်ပါတီနှင့် မြန်မာပြည်တွင် လက်နက်ကိုင်ပုန်ကန်မှုပြုလုပ်နေသည့် ဗမာပြည် ကွန်မြူနစ်ပါတီတို့၏ ဆက်ဆံရေးတို့ကြောင့် နိုင်ငံနှစ်ခု အကြား သံသယများနှင့် စတင်ခဲ့ သည်။
သို့သော် ဝန်ကြီးချုပ်ဦးနုနှင့် ဥက္ကဋ္ဌကြီးမော်စီတုံးတို့အကြား ပုဂ္ဂိုလ် ရေးခင်မင်မှုများကြောင့် တစ်စတစ်စ နှင့် နွေးထွေးသောဆက်ဆံရေးရရန် နှစ်ဖက်စလုံးက ကြိုးစားလာခဲ့သည်။ မြန်မာ့ပြည်တွင်းသောင်းကျန်းမှုများ အကြား၊ ကူမင်တန်ကျူးကျော်မှုများ အကြား ပြဿနာများကိုလည်း ထိန်းညှိ ဆက်ဆံခဲ့သည်။ ထို့မှအိမ်စောင့် အစိုးရ၊ တော်လှန်ရေးကောင်စီကာလ များတွင်လည်း ပိုမိုရင်းနှီးနွေးထွေးသော ဆက်ဆံမှုများ၊ ဆက်သွယ်မှုများနှင့် နှစ်နိုင်ငံစလုံးက ကြိုးစားခဲ့ကြသည်။
အစဉ်အလာအားဖြင့် ပထဝီနိုင်ငံရေး၊ လူမျိုးရေးအရ ဆက်စပ်ပတ် သက်မှု များသကဲ့သို့ တစ်နိုင်ငံ၏အခြေ အနေများသည် တစ်နိုင်ငံကို ရိုက်ခတ်စမြဲဖြစ် သည်။ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၉၆၆ တွင်မူ ကွန်မြူနစ်ပုဂ္ဂိုလ် ရေးကိုးကွယ်မှုများ၊ မဆလအစိုးရ၏ ထိန်းသိမ်းကွပ်ကဲမှု ညံ့ဖျင်းမှုများကြောင့် တရုတ်-မြန်မာ အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ရသည်။ တရုတ်သံရုံး၏ သွေးထိုး မှုများသည်လည်း တရုတ်-မြန်မာဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ကွန်မြူနစ်ဝါဒ၏ အရောင်အသွေးနောက်ခံများအရ မြန်မာ့ပြည်တွင်း လက်နက် ကိုင်ပုန်ကန်မှုများကို ကျောထောက် နောက်ခံပြုပေးခဲ့ရာမှ ချစ်ကြည်မှုရနေဆဲ တရုတ်-မြန်မာဆက်ဆံရေးမှာ အေးခဲသွားခဲ့ပြီး ထိုအချိန်မှစ၍ တရုတ်၏ အင်အား လက်တံသည် မြန်မာ့အကျိုး စီးပွားအပေါ် အစပျိုးအုပ်မိုးရန် ကြံရွယ်လာခဲ့သည်။
မြန်မာ့နိုင်ငံရေးအပြောင်းအလဲများအပြီး ၁၉၈၈ နောက်ပိုင်းတွင်မူ မြန်မာနှင့် တရုတ်တို့၏ ဆက်ဆံရေးမှာ တစ်ဦးပေါ်တစ်ဦးအပြန်အလှန် မျက်စပစ်ကြိုဆိုလာ ခဲ့ကြသည်။ တရုတ်တံခါးဖွင့် စီးပွားရေးဝါဒနှင့် မြန်မာ့တံခါးဖွင့်စီးပွားရေးအစပျိုး တို့ ချိတ်ဆက်ကြပြီးနောက်တွင်မူ နိုင်ငံရေးအယူအဆချင်း ထိပ်တိုက်မတွေ့အောင် ရှောင်ရှားလာကြပြီး အခြားသောရလိုမှုများကိုသာ ဦးစားပေးရှုမြင်လာကြသည်။ အထူးသဖြင့် တရုတ်၏ မြန်မာအပေါ် ထားရှိသောလမ်းစဉ်မှာ ပထဝီနိုင်ငံရေးနှင့် သယံဇာတ၊ စွမ်းအင်ကိစ္စရပ်များအဖြစ် ပြောင်းလဲလာခဲ့သည်။ မြန်မာ့စစ်အုပ်ချုပ် ရေးကာလတစ်လျှောက်လုံးတွင်လည်း ကမ္ဘာတစ်ဝန်းလုံး၏ ပိတ်ဆို့ဒဏ်ခတ်မှုများ ကို ဖေးကူဟန်ချက်ညှိရန် မြန်မာက တရုတ်ကို ချဉ်းကပ်သကဲ့သို့ တရုတ်ကလည်း မြန်မာကို ယင်း၏နောက်ဖေးတံခါးစောင့်သဖွယ် အသွင်ပြောင်းလာခဲ့သည်။
တရုတ်၏ ကုန်းပိတ်ဒေသတစ်ခုဖြစ်သော ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးရလိုမှုများသည် မြန်မာ-တရုတ်ဆက်ဆံရေးအတွက် ရှေးဦးလိုလားချက် များဖြစ်လာပြီး ထိုမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်၊ စွမ်းအင်နှင့်သယံ ဇာတဆာလောင်မှု၊ အိန္ဒိယနိုင်ငံနှင့် အင်အားထိန်းညှိလိုမှုတို့အတွက် စစ်အုပ်ချုပ် ရေးကာလတစ်လျှောက်လုံး ဆန္ဒရှိလာခဲ့သည်။ မြန်မာကလည်း ဒီမိုကရေစီအင် အားစုနိုင်ငံများ၏ ဝင်လမ်းအတွက် အဟန့်အတားအဖြစ် တရုတ်ကို ကြိုဆိုလာ ခဲ့သည်။ ယခင်ပဋိပက္ခများကို မေ့ထားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအား ပြုလာခဲ့သည်။ ၂ဝ၁၁ အစိုးရသစ်နောက်ပိုင်းတွင်မူ ဤအနေအထားမှ အနည်း ငယ်(မဆိုစလောက်)လျော့ကျသွားခဲ့သော်လည်း ချိတ်ဆက်မြဲလက်တံအချို့မှာ ခိုင်မြဲနေဆဲရှိသေးသည်။ မည်သို့ဆိုစေ တရုတ်-မြန်မာဆက်ဆံရေးသည် တစ်ဦး ၏လိုအင်များကို တစ်ဦးက ပုံစံတစ်မျိုးနှင့် ဖြည့်ဆည်းနိုင်ရန်သော်လည်းကောင်း၊ တစ်ဦးဦး၏ ဆိုင်ရာဆိုင်ရာပြဿနာများကို ဟန်ချက်ညှိပေးရန်သော်လည်းကောင်း မရှိမဖြစ် လိုအပ်သည့် ဆက်ဆံရေးတစ်ရပ်ကို သတိကြီးစွာထူထောင်ထား ဆဲပင် ဖြစ်သည်။
မူရင်းစာအုပ်ကို ပြုစုသူများသည် ရှည် လျားသော နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အား ထားဖွယ်ခိုင်မာသော အထောက်အထား၊ စာရင်းဇယား၊ ကိန်း ဂဏန်းများကို အခြေပြု ၍ လေ့လာသုံးသပ်ထား ခြင်းလည်း ဖြစ်သည်။ ဤလေ့လာချက်များမှနေ ၍ ရှေ့ဆက်ရမည့် တရုတ်-မြန်မာဆက်ဆံ ရေး အနာဂတ်ခရီးကို လည်း မျှော်မှန်းထား ချက်များလည်းပါဝင်သည်။ အထူး သဖြင့် အရှေ့တောင်အာရှတွင် ပထဝီ နိုင်ငံရေးအရ အရေးအပါဆုံးသော မြန်မာနိုင်ငံ၏နိုင်ငံခြားရေးဝါဒအတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို စနစ်တကျ မျှတစွာ သုံးသပ်တင်ပြထားနိုင်ခဲ့သည်။
မြန်မာ့နိုင်ငံရေးနှင့်နိုင်ငံရေး ဖြစ်စဉ်ကို လေ့လာလိုသူများ၏ စာအုပ် စင်တွင် ရှိထိုက်၊ လေ့လာထိုက်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်မှာ သေချာပါသည်။
”တရုတ်အဖို့ ဆုံးဖြတ်ရခက် နေသော အခြေအနေတစ်ရပ်မှာ အရပ် သား စစ်တပ်နှင့် လူမျိုးစုခေါင်းဆောင် ပိုင်းအကြား ဘယ်လိုညှိနှိုင်းမလဲ ဆို သည့်အချက် ဖြစ်နိုင်၏။ သို့မှသာ တရုတ်၏မဟာဗျူဟာမြောက် အကျိုး စီးပွားသည်လုံခြုံတော့အံ့။”(စာ-၄ဝ၈)
ဝဏ္ဏလင်း

Leave a Reply

Your email address will not be published.