ရရှိထားပြီးဖြစ်သည့် ယုံကြည်မှု ပျက်ပြယ်မည်စိုး

တိုင်းရင်းသားနိုင်ငံရေးပါတီ(၁၅)ပါတီနှင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)က တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ (ဇူလိုင် ၆ ရက်၊ ၇ ရက်)နှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး ဆွေးနွေးပွဲများသဘောတူညီချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၃ ရက်၊ ၁၄ ရက်တို့တွင် နေပြည်တော်ရတနာသိင်္ဃဟိုတယ်တွင် ကျင်းပခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်၊ လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းနှင့် တိုင်းရင်းသား နိုင်ငံရေးအင်အားစုတို့၏အမြင်ကို သိရှိနိုင်ရန်အတွက် (NBF) ၏ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌပူးဇိုဇမ်ကို ပဲ့တင်သံက မေးမြန်းဖော်ပြလိုက်ပါသည်။
ပဲ့တင်သံ ။ ။ လတ်တလောပြီးဆုံးသွားတဲ့ အလုပ်ရုံဆွေး နွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါလား။
ပူးဇိုဇမ် ။ ။ ကျွန်တော်တို့တိုင်းရင်းသားတွေအနေနဲ့က National Dialogue (တစ်ပြည်လုံးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ) အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုပ်တာဖြစ်တယ်။ အဓိကကတော့ Workshop On National Dialogue လို့ပဲ ခေါင်းစဉ်ပေးထားတာပေါ့လေ။ သူတို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မူဘောင်(Frame Work) တစ်ခုတော့ဆွဲပြီးပြီပေါ့လေ။ စဆွဲကတည်းက ကျွန်တော်တို့လည်းပါပါတယ်။ ပူးပေါင်းပြီးတော့ဆွဲတာပေါ့လေ။ အခုကျွန်တော်တို့အနေနဲ့ ပါတီကလည်း တိုင်းရင်းသားညီနောင်ပါတီ(၁၅)ပါတီ စုမိပြီးသားဖြစ်သွားတဲ့အခါ ကျွန်တော်တို့(NBF) ရဲ့ မူဘောင်တစ်ခုကို ကျွန်တော်တို့က ဖော်ထုတ်ချင်တာပါ။ အဓိကတော့ နိုင်ငံရေးအဖြေရှာဖို့ပါပဲ။
ပဲ့တင်သံ ။ ။ NBF ရဲ့ မူဘောင်ချမှတ်ပြီးရင် ဘာတွေဆက်လက်ဆောင်ရွက်ဖို့ရှိပါသလဲ။
ပူးဇိုဇမ် ။ ။ ကျွန်တော်တို့ရဲ့ မူဘောင်အကြမ်းပေါ့ အဲဒါကို အချောကိုင်ပြီးမှ လက်နက်ကိုင်တဲ့တိုင်းရင်းသားအဖွဲ့ လုပ်ထားတဲ့ဟာနဲ့ တိုက်ကြည့်မယ်။ ပြီးလို့ရှိရင် မကြာခင်ကာလမှာ ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေကို မြန်မာပြည်ကို ဖိတ်ပြီးတော့ ကျွန်တော်တို့နဲ့ဆွေးနွေးမယ်။ နောက်ဆုံးကျွန်တော်တို့ ဖြစ်စေချင်တာက တိုင်းရင်းသားအားလုံးရဲ့ Final Frame Work (နောက်ဆုံးမူဘောင်)တစ်ခု ဖြစ်လာစေချင်တယ်။ အဲဒါနဲ့ အစိုးရကိုတင်ပြချင်တယ်။ သူတို့နဲ့ကတော့ သြဂုတ်လ၊ စက်တင်ဘာလ အဲဒီဝန်းကျင်မှာ နောက်ဆုံးမူဘောင်တစ်ခုထွက်လာဖို့ ကြိုးစားမှာပါ။
ပဲ့တင်သံ ။ ။ တစ်ပြည်လုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ ဘယ်အချိန်လောက်ကို မျှော်မှန်းထားပါသလဲ။
ပူးဇိုဇံ ။ ။ ကျွန်တော်တို့ကတော့ ဒီဇင်ဘာလလောက် မှန်းထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ကကြိုတင် ပြင်ဆင်မှုလုပ်တာပါ။ ဒီဇင်ဘာလလောက် အစောဆုံး ကျွန်တော်တို့က မှန်းထားပါတယ်။
ပဲ့တင်သံ ။ ။ NBF အနေနဲ့ ဖွဲ့စည်းပုံပြုပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပြည်တွင်း ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ပြီးဖြစ်တယ် ဆိုတော့လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ဘယ်အရာက အရေးအပါဆုံးဖြစ်ပါသလဲ။
ပူးဇိုဇမ် ။ ။ ကျွန်တော်တို့ ပထမဦးဆုံးတော့ Peace Process ပေါ့ဗျာ။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး မရှိမချင်းကတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ နောက်တစ်ချက်က Federalism က သေနတ်သံချုပ်ငြိမ်း ဖို့ဆိုတာကျွန်တော်တို့ Federalism ကို ကောင်းစွာတည်ဆောက်နိုင်မှ ဖြစ်မှာဖြစ်တယ်။ နောက်တတိယအနေနဲ့ ကျွန်တော်တို့က ဒီဟာတွေကို Constitution မှာတော့ ဒီဟာ ပြုပြင်ရမှာဖြစ်တယ်။ ဆိုတော့ ဒီ ၃ ခုကတော့ ကျွန်တော်တို့ဘယ်လိုမှ ခွဲခြားလို့မရတဲ့အခြေအနေမျိုးလို့ ကျွန်တော်တို့မြင်ပါတယ်။ အဲဒီအထဲမှာတော့ အရေးကြီး တကာ့အရေးကြီးဆုံးကတော့ လောလောဆယ် Peace Process အောင်မြင်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့ သေနတ်ကိုင်ပြီးတော့ တောင်းဆိုကြသလဲဆိုတော့ အဲဒါ Federal ပဲပေါ့နော်။ ဒီဟာတွေက အကုန်လုံးကွန်ရက်တွေ ဖြစ်နေတယ်။ ဆိုတော့ ကျွန်တော်တို့က အစတစ်စဆွဲလိုက်တာနဲ့နှစ်စတော့ ပါလာမှာပေါ့လေ။ အဓိက ဖြေရှင်းမယ့်ကိစ္စက အဲဒီ ၃ ချက်ဖြစ်တယ်။
ပဲ့တင်သံ ။ ။ ဒီအချက်တွေကို မဖြေရှင်းနိုင်ဘူးဆို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာမယ်ထင်ပါသလဲ။
ပူးဇိုဇမ် ။ ။ ကျွန်တော်တို့ လုပ်လာတာက ၂ နှစ်ခွဲ ၃ နှစ်တော့ ရှိလာပြီပေါ့။ ကျွန်တော်တို့ ရှိတာလေးတွေနဲ့ အတတ်နိုင်ဆုံးစုစည်းပြီးတော့မှ ဒီအခြေအနေမျိုးရောက်ဖို့ရာ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှန်းသ လောက်ခရီးမရောက်ဘူးဖြစ်နေတယ်။ ဒီအတိုင်း ဆက်ပြီးတော့ နှောင့်နှေးပြီးတော့ ကြန့်ကြာမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေအများကြီး ထွက်လာနိုင်မယ်လို့ ကျွန်တော်ယုံပါတယ်။ တစ်အချက်ကတော့ ကျွန်တော်တို့ ရထားတဲ့ယုံကြည်မှုလေးတောင်မှ ပြန်ပြီးတော့ ပျက်ပြယ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။
ဝ၂၈

Leave a Reply

Your email address will not be published.