ကြမ်းတမ်းသည့်ဘဝခရီးလမ်းပေါ်မှ အနာဂတ်မျိုးဆက်သစ်

၂ဝ၁၃ ဇူလိုင် ၁၉ အာဇာနည်နေ့ နံနက် ၁ဝ နာရီခန့်က မမိမိအေးတစ်ယောက် ငါးကျောညိုပုံရှေ့ထိုင်ကာ ဓား ကလေးတစ်ချောင်းဖြင့် ငါးတွေကို ကျွမ်းကျွမ်းကျင်ကျင် ခုတ်ထစ်၍နေသည်။
မမိမိအေးမှာ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာရှိ ပုလဲရတနာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပညာသင် ယူနေသော အသက် (၁၂) နှစ်အရွယ် ပထမတန်းကျောင်းသူလေးတစ်ဦးဖြစ်ပြီး သူမကဲ့သို့ ပုလဲရတနာ (ဘ/က) ကျောင်းတွင် ပညာသင်ယူနေသော မိန်းကလေး ၁ဝ ဦးခန့်မှာလည်း ဓားကလေး ကိုယ်စီကိုင်ကာ ငါးခုတ်ရန် ရောက်ရှိနေကြသည်။
မိန်းကလေးတစ်ဦးက ”သမီးတို့က (ဘ/က) ကျောင်းမှာ ကျောင်းတက် နေတဲ့သူတွေပါ။ ဒီနေ့ အာဇာနည်နေ့ဖြစ်လို့ ကျောင်းပိတ်တော့ ငါးခုတ်ဖို့ လာတာ၊ ခုတ်ဖို့ ငါးမရလိုက်တော့ ငါးလည်းမခုတ်ရတော့ဘူး။ ဘုန်းကြီး ကျောင်းမှာ သဲသယ်ရဖို့အတွက် ပြန်တော့မယ်”ဟု ပြောဆိုသည်။
ငါးကျောညို ခုတ်ထစ်လိုသူများမှ ငါးဒိုင်တွင် စောင့်ဆိုင်းနေကြပြီး ငါးကျောညိုများ ရောက်ရှိလာပါက အလုအယက် ငါး များကို သူ့ထက်ငါ လုယူခုတ်ထစ်ကြရသည်။ ငါးတစ်တောင်းခုတ်ထစ်နိုင်က တစ်ထောင်ရပြီး ငါးအများခုတ်ထစ်နိုင်သော အမျိုးသမီးကြီးများမှာ တစ်နေ့ကို လေး ထောင်ခန့်အထိရကြသော်လည်း ဆယ်ကျော်သက်အရွယ်မိန်းကလေးများ မှာ တစ်နေ့ကို ငါးရာမှတစ်ထောင်ခန့်ရရှိကြသည်။
မမိမိအေးက ”သမီးက အာဇာနည်နေ့ဆိုတာတော့ ကြားဖူးတယ်၊ သီချင်းသံတွေနားထောင်ဖူးတယ်၊ ဒါပေမဲ့ အာဇာနည်နေ့ ဘယ်လိုဖြစ်ပေါ် လာတယ်ဆိုတာကိုတော့ မသိပါဘူး၊ အာဇာနည်နေ့ကျရောက်လို့ ကျောင်း ပိတ်တယ်လို့သာ သိရတယ်။ ကျောင်းပိတ်တဲ့နေ့မှာ ပိုက်ဆံရဖို့အတွက် ငါးလာခုတ်တာပါ။ ကျောင်းပိတ်တဲ့နေ့တွေမှာ ငါးအမြဲတမ်းလာခုတ်ပါ တယ်။ သမီးက ငါးခုတ်တာ သုံးနှစ်ခန့်ရှိပါပြီ ငါးတစ်တောင်းခုတ်နိုင်ရင် တစ်ထောင်ရတော့ အမေ့ကို ပေး တယ်၊ အိမ်အသုံးစရိတ်အတွက် ရ ပါတယ်”ဟု သူမက ဆိုသည်။
အမျိုးသမီးကြီးများ ငါးခုတ်၍ တစ်နေ့ဝင်ငွေ ၄ဝဝဝ ခန့်မှာ ပုံမှန်ရခြင်းမျိုးမဟုတ်၊ တစ်နှစ်ကို ၄ ကြိမ်ခန့်သာရပြီး တစ်ကြိမ်လျှင် ၁ လ သာ ဖြစ်သည်။ ကျန်လများတွင် တောင်ပေါ်တက်ကာ ဟင်းခူး၊ ထင်းခွေရောင်းချစားသောက်ကြ ရသည်။
အဆိုပါနေ့၌ အမျိုးသမီး ၁ဝ ဦးခန့်နှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များမှာ တစ်ခြားအမျိုး သမီးများနှင့်ယှဉ်ကာ မလုယူနိုင်သဖြင့် ငါးမခုတ်ထစ်ရတော့ဘဲ ပြန်ကြရသော်လည်း ကံထူးသူ မိမိအေးမှာ တော့ သူ့အစ်မတွင် ရရှိလိုက်သော ငါးများကို ဓားကလေးတစ်ချောင်းဖြင့် ကျွမ်းကျင်စွာ ခုတ်ထစ်နေလေသည်။
မမိမိအေး၏ မိခင်က ”ကျွန်မတို့ ပုဏ္ဏားကျွန်းမြို့နယ် ရွှေနတ်ပြင် ကျေးရွာကပါ။ ဂျိတ္တောကို ရောက်တာ ၄ နှစ်ရှိပြီ၊ မိသားစုက ၈ ဦးရှိ တယ်။ တစ်လကို ၃ဝဝဝ နဲ့ မြေကွက်ငှားပြီး အိမ်ဆောက်နေရတယ်။လူကြီးလေးယောက်နဲ့ တစ်နေ့ရှာတာ တစ်နေ့စား မလောက်ဘူး။ ကလေး တွေကို ကျောင်းတက်ရင်း တစ်ဖက်က အလုပ်ခိုင်းနေရတယ်။ အသက် ၁၃ နှစ်သာရှိသေး တဲ့ သားလေးဆိုရင် ကျော့ပိုက်လိုက်နေတဲ့အတွက် မနှစ်က တတိယတန်း မဖြေလိုက်ရဘူး။ ဒီနှစ်မှာ တတိယတန်း ပြန်ထားရ တယ်။ ကလေးတွေ ကျောင်းထွက်လက်မှတ်မရခဲ့တဲ့အတွက် မိမိအေးက ရွာမှ ဒုတိယတန်းတက်ခဲ့ပေမယ့် ဒီမှာ သူငယ်တန်း က စတက်ရတယ်” ဟု မိမိအေး၏ မိခင်က ရှင်းပြသည်။
ရွှေ့ပြောင်းရောက်ရှိလာသော မိသားစုဝင်တို့၏ သားသမီးအများစုမှာ စီးပွားရေး အဆင်မပြေမှုများကြောင့် ကျောင်းနေ အရွယ်တွင် ပညာသင်ကြား ခွင့်မရဘဲ မိဘများနှင့်အတူ ဝင်ငွေရှာနေကြရသဖြင့် ဆယ်ကျော်သက်အရွယ်ရောက်မှသာ (ဘ/က)ကျောင်းတွင် အခမဲ့ ပညာသင်ယူနေကြရသည်။
ထိုသို့ အခမဲ့ ပညာသင်ယူနေသော်လည်း ကျောင်းသားများမှာ ညဘက်တွင် ကျော့ပိုက်ဆွဲ၊ နေ့ဘက်တွင် ကျောင်းတက်ကြရပြီး ဆယ် ကျော်သက်အရွယ်မရောက်သေးသော ကလေးငယ်များ၊ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များမှာ နံနက်စောစော အိပ်ရာမှထ၍ လှေဆိပ်သို့ ဆင်းကာ မုန့်၊ ဆေးလိပ်ကွမ်းယာ၊ စားသောက်ဖွယ်ရာများဖြင့် လှေသမားများထံမှ ငါးများဖြင့် လဲလှယ်ကာ ရရှိလာသော ငါးများကို ရောင်းချပြီး မိဘများကို ဝိုင်းကူနေကြရသည်။
”ကျောင်းသားလေးတွေက ညနေ ၃ နာရီဆိုရင် ကျောင်းကဆင်းပြီး ပိတ်ဆွဲဖို့ သွားကြရပြီ၊ ကလေးတွေက တစ်ညလုံး မအိပ်ဘဲ ပိတ်ဆွဲရ တယ်။ တစ်ခါတလေ လှေအဝင်နောက်ကျတော့ ရေလည်းမချိုးရဘူး။ ထမင်းလဲ မစားရဘဲ ကျောင်းတက်ဖို့ အပြေးလာကြတယ်။ ကျောင်းကို ရောက်မှပဲ ကိုယ်လက်သန့်ရှင်း၊ ထမင်းကျွေးရတယ်။ မိန်းကလေးတွေ ဆိုရင် ငါးတွေကို ဗန်းကလေးနဲ့တင်ပြီး ရွာထဲမှာ လှည့်ရောင်းကြတယ်။ ရေမချိုးဘဲ ၉ နာရီလောက်မှ ကျောင်းနောက်ကျပြီး ရောက် လာတတ် ကြ တယ်။ ဆရာတွေကလည်း ကလေးတွေဆီက ထွက်တဲ့ငါးနံ့ကို ရေမွှေးနံ့ လို့ မှတ်ယူပြီး သင်ကြားရတယ်”ဟု အဆို ပါကျောင်းမှ ဆရာ ဦးအေးဝင်း က သူမြင်တွေ့နေရပုံကို ရှင်းပြသည်။
အဆိုပါ ကျောင်းသားများထဲမှ ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေး ၅ဝ ခန့်မှာ ညဘက်တွင် ကျော့ပိုက်ဆွဲကာ နေ့ဘက်တွင် ကျောင်း တက်နေကြရပြီးကျန်ကျောင်းသားများမှာ စာပွဲထိုးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ငါးရောင်းခြင်း၊ ကျောင်းပိတ်ရက်များတွင် တစ်နေကုန် ငါးခုတ်၊ ငါးလှမ်းကာ မိဘများကို ဝိုင်းကူနေကြရသည်။
”ရွှေ့ပြောင်းရောက်လာတဲ့ ကလေးတွေက တချို့မှာ ကျောင်းထွက် လက်မှတ်မပါလာတဲ့အတွက် ကျောင်းမနေရဘူး၊ တချို့က စီးပွားရေး အဆင်မပြေလို့ ကျောင်းမတက်ကြရဘူး၊ အသက်ကြီးလာမှ(ဘ/က) ကျောင်းမှာ မူလတန်းကစပြီး ကျောင်းနေရတယ်။ မိဘတွေကလည်း လုပ်အားလျော့တယ်ဆိုပြီး သား၊ သမီးတွေကို ကျောင်းမတက်စေချင်ဘူး။ ကလေးတွေကလည်း ကျောင်းပျော်နေကြပြီ။ ဒါကြောင့် အသက်အရွယ်နဲ့ မမျှ တစ်ဖက်က ကျောင်းတက်၊ တစ်ဖက်က မိဘတွေကို ဝင်ငွေရှာပေး နေကြရတယ်”ဟု ဆရာ ဦးအေးဝင်းက (ဘ/က)ကျောင်းသားလေးများ၏ ဘဝအခြေအနေကို ရှင်းပြသည်။
ဂျိတ္တောကျေးရွာသည် သံတွဲမြို့နှင့် ၁ဝ မိုင်ခန့် ကွာဝေးနေပြီး ပင်လယ် ကမ်းနားကျေးရွာဖြစ်ရာ ငါးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး အိမ်ထောင်စု ၅ဝဝဝ ခန့်ရှိပြီး ရွှေ့ပြောင်းအိမ်ထောင်စုမှာ ၃ဝဝဝ ကျော်ရှိ ကြောင်း သိရသည်။
ဂျိတ္တောကျေးရွာဖွား ဇာတိ သားများမှာ ငါးလုပ်ငန်းနှင့် အခြား လုပ်ငန်းရှင်များဖြစ်ကြပြီး ရခိုင် ပြည်နယ်ရှိ တခြားမြို့နယ် များမှ ရွှေ့ပြောင်းရောက်ရှိလာသော အိမ် ထောင်စုဝင်များမှာ နေ့စားအလုပ် သမားများသာ ဖြစ်ကြသည်။ အဆိုပါ မိသားစု ဝင်များမှာ သားသမီးတို့၏ ပညာရေးထက် ဝမ်းရေးကို ဦးစားပေးနေရသည်။
ဂျိတ္တောကျေးရွာ ပုလဲရတနာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် သူငယ်တန်းမှ ၆ တန်းအထိ အခမဲ့ပညာသင်ကြား ပေးနေ ပြီး ၂ဝ၁၃ -၂ဝ၁၄ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၃၃၄ ဦးရှိရာ ကျောင်းသား ၃ဝဝ ခန့်မှာ ကျောင်းတက်ရင်း အလုပ်လုပ် မိသားစုဝင်ငွေကို ထောက်ပံ့ပေးနေကြ ရသည်။
မြို့ပေါ်အစိုးရကျောင်းများ၊ စီးပွားရေးပြည့်စုံသော မိသားစုဝင်များ၏ သားသမီးများ ကျောင်းပိတ်ရက်နားချိန်တွင် ပုလဲရတနာ (ဘ/က)ကျောင်းမှ ရွှေ့ပြောင်း ကျောင်းသားလေးများမှ လုပ်ငန်းခွင်ဝင်နေကြရသည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILo)၏ သုတေသနစာရင်း အရ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာ မူလတန်းကျောင်းအဆင့်ကို စွန့်ခွာနေရသော ကလေးအလုပ်သမားဦးရေ နှစ်စဉ် ငါးသိန်းကျော်ရှိနေပြီး အဆိုပါ ကလေးအလုပ်သမားများမှာ မိသားစု စီးပွားရေးအဆင်မပြေမှုများကြောင့် ပညာသင်ခွင့်မရသူများ ဖြစ်နေသည်။
ရခိုင်ပြည်သည် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်လေရာ ဇာတိကို စွန့်ခွာကာ ရေကြည်ရာမြက်နုရာကို ရွှေ့ပြောင်းနေ ကြရာ ဂျိတ္တောကျေးရွာတွင် ဆယ်ကျော်သက်အရွယ်ရောက်မှ မူလတန်းအဆင့်ကို သင်ကြားနေရသည့် (ဘ/က) ကျောင်းသား ၃ဝဝ ကျော် ရှိနေသည်ဆိုလျှင် ရခိုင်တစ်ပြည်လုံး၌ မည်မျှရှိမည်ကို မတွေးဝံ့စရာပါ။
ဆယ်ကျော်သက်အရွယ် အလုပ်တစ်ဖက်နဲ့ ပညာရှာနေရသည့် လူငယ်တွေ၊ ကျောင်းနေရမည့်အရွယ်မှာ မိသားစု စီးပွား ရေးကြောင့် ပညာသင်ကြားခွင့်မရကြတဲ့ ရခိုင်ပြည်၏ အနာဂတ်မျိုးဆက်သစ်တွေ ကြမ်းတမ်းသည့် ဘဝလမ်းခရီးကို လျှောက်လှမ်းနေကြရလေပြီ။ ဤသို့ မျိုးဆက်သစ်တို့၏ ဘဝအနာဂတ်ကို အတွေးဖြင့် ပုံဖော်ကြည့်ရင်း ရခိုင်ပြည်၏ အနာဂတ်ကို တွေးကြည့်မိနေတော့သည်။
မြတ်နိုးသာ

Leave a Reply

Your email address will not be published.