ကမ္ဘာတစ်လွှားက မြန်မာများအသံ

သမုဒ္ဒရာဝမ်းတစ်ထွာ ဆိုစကားဖြင့် ဝမ်းတစ်ထွာအတွက် လူသားများ ရုန်းကန်လှုပ်ရှားနေကြသည်။ ဝမ်းတစ်ထွာကလည်း ဇီဇာကြောင်တတ်သောကြောင့် အစားအစာကိစ္စတွင် မြန်မာများသည် ရောမရောက်ပေမဲ့ ရောမသားလို မကျင့်နိုင်ကြသူတွေက များသည်။
ပြည်ပလေ့လာရေးခရီးဖြစ်စေ၊ ရက်တိုသင်တန်းတက်ရန်ဖြစ်စေ၊ အလည်အပတ်သဘောမျိုးပင်ဖြစ်စေ၊ ခဏတစ်ဖြုတ်ရောက်လျှင်ပင် မည်သည့်ဟင်းနှင့်စားရသည်ပင်ဖြစ်စေ ထမင်းကိုသာ တမ်းတတတ်ကြသည်။ ခဏတစ်ဖြုတ်သမားများ ဝယ်စားရသည့် အခြေအနေမျိုးတွင် ရှိနေသော်လည်း ပြည်ပမှာပင် အခြေချကြပြီဆိုလျှင် ဒါမှမဟုတ် ပြည်ပမှာရက် ရှည်လများနေရပြီဆိုလျှင် တစ်ခါတစ်ခါမှသာ ဝယ်စားကြပြီး ချက်စားကြတာများသည်။ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နှင့်လူကလည်း ရသလောက်အချိန်မှာချက်၊ အိမ်ထောင်ရှင်ယောက်ကျားများလည်းချက်၊ အိမ် ရှင်မသက်သက်လုပ်နေသူကလည်းချက်၊ ဟင်းချက်ဝါသနာကြီးသူလည်းချက်၊ ဝါသနာမပါလည်း ကိုယ်ချက်မှ ကိုယ်စားရမှာမို့ချက်။ ဗမာပြည်မှာ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်နေခဲ့ပေမဲ့ ခင်ပွန်းနှင့် သားသမီးများ လျှာရင်းမျက်စေရန်ချက်။ ဗမာပြည်မှာ ချက်ရသည်မျိုးမဟုတ်ဘဲ လျှပ်စစ်သို့မဟုတ် ဓာတ်ငွေ့နှင့်ချက်ရသည်မှာ မီးလည်းမရိုက်၊ လူလည်းမဟိုက်၊ ချက်ရတာလည်းမြန်၊ နောက်သားငါးနှင့်ဟင်းသီးဟင်းရွက်များဆိုတာကလည်း ရေထပ်ဆေးစရာမလိုဘဲ အရန်သင့်ဖြစ်၍ချက်ပျော်သည်ဟု ပြောရပါမည်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှ ဒေါက်တာကေကေချိုလတ်က လန်ဒန်ရောက်ကတည်းက ကိုယ်တိုင်ချက်စားပါသည်ဟု ဆိုသည်။ ထမင်းစားပွဲတွေ၊ ပွဲလမ်းသဘင်တွေရှိတဲ့နေ့ကလွဲလို့ ကိုယ့်ဘာကိုယ်ပဲချက်စားပါတယ်။ ရှင်းရှင်းလေးပါပဲဗမာစား သောက်ဆိုင်ဆိုတာ လမ်းဘေးမှာလည်း ရှာမရ၊ ဗမာစားသောက်ဆိုင်ကောင်းကောင်းလည်းမရှိ၊ နောက်ကိုယ့်ဘာ သာကိုယ်ချက်စားတာ ပိုက်ဆံမကုန်ဘူးလေ ဟု ပြောသည်။
မီးဖိုပေါ်အိုးတင်မချက်ဘဲ Oven (မီးကင်-မီးထုတ်နိုင်သောဖို) ကိုလည်း သူကသုံးတတ်သည်။ အာလူးတို့ ခါကြက်ဥလို့လည်းခေါ်တဲ့ မုန်လာဥနီတုံးထားပြီးသားတွေကို ဆီလေးနည်းနည်းဖျန်းပြီး Oven ထဲထည့်ကင်လိုက်တာပါပဲ။ အသင့်ချက် စားဖို့ခုတ်ထစ်လှီးထားတဲ့ အသားတုံးကို ကင်လည်းစားပါတယ်။ တစ်ပတ်ကို ၃-၄ ရက်လောက် ချက်ပြီး ရေခဲသေတ္တာထဲထည့်ထား၊ အလုပ်သွားတော့လည်း ထမင်းဘူးထည့်သွားတာပေါ့။ တစ်ပတ် ၅ ရက်လောက် ဒါမှမဟုတ်တစ်ရက်တစ်ခါလောက် အကျက်မြန်တဲ့ ဟင်းရွက်ကြော်ဖြစ်ဖြစ်၊ ဆလတ်လို့ပြောတဲ့အရွက်သုတ် ဖြစ်ဖြစ်စားပါတယ်။ အာဟာရသိပ်တော့မမျှပေမဲ့ ငှက်ပျောသီးတစ်လုံး၊ လိမ္မော်သီးတစ်လုံးလောက်တော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် အပြင်ထွက်စားပါတယ် ဟု ဒေါက်တာကေကေချိုလတ် ကပြောသည်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Scaramento မြို့မှ အိမ်ရှင်မ Florence Aung ကလည်း အားလပ်ရက်တွင် မိသားစုနှင့် တစ်ခါတစ်ခါအပြင် ထွက်စားသည်ဟုဆိုသည်။
ကျွန်မသမီးက နိုင်ငံခြားမှာ ကြီးပေမဲ့ဗမာစာကြိုက်ပါတယ်။ ချဉ်ချဉ်စပ်စပ်ငန်ငန်ပေါ့။ ကျွန်မယောက်ကျားရော၊ သမီးရော ထမင်းဘူးသယ်ကြပါတယ်။ ကျွန်မချက်တဲ့ဟင်းက တစ်ခါတစ်ခါ မဆလာနံ့ပြင်းနေရင်တော့ ထမင်းဘူးမယူတော့ဘဲ အပြင်မှာ ဝယ်စားကြပါတယ်။ ဗမာတွေဟာ ကိုယ့်အစာပဲ ကိုယ်ကြိုက်ကြတာမဟုတ်လား၊ အရသာလည်းရှိပြီး ကျန်းမာရေးနဲ့ ညီတယ် ဟု ဆိုသည်။ ဆန်ဖရန်စ္စကိုတစ်ဝိုက်က မြန်မာများသွားတတ်သော တောင်ပုလုကျောင်းသည် တကူးတကသွားမှ ရောက်နိုင်သောကြောင့် ဆရာတော်များကိုယ်တိုင် ကိုယ့်ဆွမ်းကိုယ်ချက်ကြရသည်။ လန်ဒန်၊ ကယ်လီဖိုးနီးယားတို့သည် အာရှတိုက်အစားအစာများ၊ ဗမာအစားအစာများ အလွယ်တကူဝယ် နိုင်သောကြောင့် အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရောက်နေသောလင်းမာလာဆိုလျှင် ပြင်သစ်နယ်စပ်မှာ ဈေးသွားဝယ်ရပါသည်။ မြို့ထဲမှာ တရုတ်စာ၊ ထိုင်းစာ၊ ဥရောပစာ ဘာပဲစားစား တစ်ပွဲ ဆွစ်ဖရန့်ငွေ အစိတ်-သုံးဆယ်ဆိုတော့ သိပ်ဈေးကြီးပြီး ဝယ်မစားနိုင်ဘူးလေ။ အာရှဆိုင်ကလည်း မရှိတော့ နှစ်ပတ်တစ်ခါလောက် ပြင်သစ်နယ်စပ်မှာ ဈေးသွားဝယ်ရတယ်။ ဗီယက် နမ်ကုန်စုံဆိုင်မှာ ငါးမြင်းတောင်ရပါတယ်။ ဈေးဝယ်ထွက်ရင်တော့နေ့ တစ်ဝက်ကုန်ရော။ ဗမာစာဟာ ချက်ရတာလည်းနံ၊ ချက်ပြီးတော့လည်းနံ၊ စားနေရင်းလည်းနံပေမယ့် စားရတာက အရသာရှိတာမို့ ဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက် ဗမာဟာဗမာစာပဲ ခံတွင်းတွေ့ပြီး ဝမ်းတစ်ထွာအရေး အလေးပေးနေကြပါတယ်ဟုသူက ဆိုသည်။
ဝ၃၇

Leave a Reply

Your email address will not be published.