စက္ခုအလင်း မမြင်ရသော်လည်း ပညာအလင်းရောင် ပြန့်ပွားပေးခဲ့

ရန်ကုန်၊ မတ် ၄
စက္ခုနှစ်ကွင်း အလင်းမရသော်လည်း မြင့်မြတ်သောစိတ်ထားကို မွေးမြူကာ ဘဝတူမသန်စွမ်းများအား နှစ်စဉ်ကျောင်းပိတ်ရက်တွင် ပညာ ဆက်လက်သင်ယူနိုင်ရန်အတွက် ကိုယ်ရောစိတ်ပါပေးဆပ်ရင်း မျက် ကြည်လွှာအလှူရှင်စောင့်စားနေသော တနင်္သာရီတိုင်း၊ ဂုံညင်းကျေးရွာမှ မလှလှခိုင်၏ဘဝကြိုးပမ်းမှုကို မသန်စွမ်းသူကဏ္ဍမှ တင်ပြလိုက်ပါသည်။
ကျေးလက်ဒေသတွင် ပညာရေးဗဟုသုတမဖွံ့ဖြိုးသော အရပ်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၉ နှစ်အရွယ်တွင် အပြင်းဖျား၍ ဆေးမှားသောက်မိ ရာကစပြီး စက္ခုမျက်ကွင်း အလင်းကွယ်ခဲ့ရဟုဆိုသည်။ မွေးချင်းထဲတွင် ၅ ယောက်မြောက်သမီးဖြစ်ပြီး စက္ခုအလင်းကွယ်မှုကြောင့် ရန်ကုန် မြို့မျက်စိဆေးရုံတွင် ဆေးကုသလျက် ကြည့်မြင်တိုင်မျက်မမြင်ကျောင်း တွင် ပညာသင်ကြားခဲ့ရသည်။ ကျောင်းနေစဉ်အခက်အခဲများရှိပြီး အမိ အဖ၊ မောင်နှမများနှင့်ဝေးရာတွင် ပညာသင်ကြားနေရသော်လည်း မိမိ ကိုယ်ကို အားပေးနှစ်သိမ့်ရင်း နေခဲ့ရသည်နေ့များစွာလည်းရှိသည်။ မျက် ကြည်လွှာအလှူရှင်ကို စောင့်လာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ မျက် မမြင်ကျောင်းကို တက်နေစဉ်ကာလတွင်လည်း တစ်ပါးသူ၏အကူအညီ ဖြင့် စာဖတ်ခွင့်၊ ကျောင်းသို့လာရန်အတွက် အကူအညီများစွာယူရ ကြောင်း၊ မျက်စိမြင်စဉ်က တတ်မြောက်ခဲ့သည့် ကျောင်းစာများနှင့် မျက်စိကွယ်ပြီးနောက် သင်ကြားရသော ကျောင်းစာများ ကွဲလွဲမှုကြောင့် သင်ခါစတွင် အလွန်ပင်ခက်ခဲခဲ့ကြောင်း၊ အစပိုင်းတွင် အလေ့အကျင့်မရှိ သဖြင့် စာများကို စမ်းသပ်ရာတွင်လည်း တစ်ပါးသူအား အောက်ကျို့ခံ ကာ သင်ယူရခြင်းဒုက္ခများစွာရှိကြောင်း၊ နေထိုင်သည့်အဆောင်နှင့် ကျောင်းသို့ ၁၅ မိနစ်ကြာ လမ်းလျှောက်ရသဖြင့် ခြေလှမ်း(သို့မဟုတ်) တုတ်ထောက်အရေအတွက်ဖြင့် မှတ်သားကာ တက်ရောက်သင်ယူခဲ့ ကြောင်း အခက်အခဲများကို ရှင်းပြခဲ့သည်။
”ကျောင်းပိတ်တဲ့အခါမျိုး မိဘဆီပြန်ရရင် အရမ်းကိုကြည်နူးမိ တယ်။ မောင်နှမ တွေနှင့် ထိတွေ့ခွင့် အရမ်းကို လိုချင်ခဲ့ တယ်။ သင်ယူလာ ခဲ့သမျှကိုလည်း ဘဝတူမျက်မမြင် တွေကို ပြန်လည် သင်ကြားပေးဖြစ် တယ်။ အခုအချိန် ထိ မျက်ကြည်လွှာ မရခဲ့ပေမဲ့ မိဘဆီ ပြန်ရောက်တဲ့အခါ အရမ်းကို ပျော်ရွှင် မိတယ်။ မိဘနဲ့ မောင်နှမတွေရဲ့ မေတ္တာကို တစ်နှစ်မှာမှ တစ်ခါသာရယူရသလို ခံစားရတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မျက်လုံပြန်မြင်ခဲ့ရင် မိဘတွေကို ပြန်လည်လုပ်ကိုင်ကျွေးမွေး လိုတယ်။ ဘဝတူတွေကိုလည်း စိတ်ဓာတ်မကျဖို့၊ ငွေကြေးမတတ်နိုင်တဲ့ မျက်မမြင်အသိတွေကို စာသင်ကြားပေးတယ်။ သူတို့ဘက်ကလည်း တတ်စွမ်းသလို သင်ယူကြတယ်။ ကိုယ်လည်းစိတ်ရှည်လက်ရှည် သင်ကြားပေးတယ်။ အခုဆိုရင် ရွာက မျက်မမြင်တွေ သမီးပြန်အလာကို စောင့်နေကြပြီ။ ဒီနှစ်က ၉ တန်းဖြေမှာ ဖြစ်တယ်။ ဒီနှစ်တော့ မပြန်ဖြစ်တော့ဘူး။ ၁ဝ တန်းအတွက် စာတွေ ခက်လာပြီဆိုတော့ စာကြို ကျက်ရတော့မယ်။ ၁ဝ တန်းဖြေပြီးမှပဲ ရွာခဏပြန်မယ်။ ၁ဝ တန်းအောင် ပြီးရင် တက္ကသိုလ်တက်ပြီး Ph.d ဘွဲ့ရအောင် ကြိုးစားမယ်။ နောင်တစ်ချိန် မျက်လုံးပြန်မြင်ရင် မိဘကိုလည်း လုပ်ကျွေးမယ်။ ဘဝတူမသန်စွမ်း တွေကို စာပြန်သင်ပေးမယ်။ အဲဒီအတွက် မျက်ကြည်လွှာအလှူရှင်ကို ကနေ့အထိစောင့်မျှော်နေတယ်”ဟု သူ၏ မျှော်လင့်ချက်အလင်းရောင်ကို တမ်းတမ်းတတပြောသည်။
ဝ၁၄