အာဏာဖီဆန် တော်လှန်သတင်းစာများ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း သတင်းစာတွေ ဘယ်အခန်းက ပါခဲ့ကြသလဲ

၁။ တစ်ခါတစ်ရံတွင် သမိုင်းကို ပြန်၍ပြောဖို့ ကျွန်တော်တို့မှာ အရေး တကြီး လိုအပ်နေတတ်သည်။ အထူးသဖြင့် လူ့အဖွဲ့အစည်း အတွင်း အမြင်အတွေး ရှုပ်ထွေးနေချိန်၊ ရပ်တည်ချက် မပြတ်သား၊ ဦးတည်ချက် ဝိုးတဝါး ဖြစ်နေသည့် အခါမျိုးတွင် ဖြစ်ပါ သည်။
ဤသည်ကို သမိုင်းမှ သင်ခန်းစာယူသည်ဟုလည်း ခေါ်ကြသည်။ သမိုင်းသည် တစ်ကျော့ပြန် လည်တတ်သည် ဆိုသော သဘောတရားအပေါ်တွင် အခြေခံသည့်ဆင်ခြင်မှုလည်းဖြစ်ပါသည်။ သေချာသည်မှာ ကျွန်တော်တို့ အတိတ်မှ သင်ခန်းစာ များယူသင့်သည်။ ပစ္စုပ္ပန်နှင့်အနာဂတ်ကို ရပ်တည်ချက်မှန်မှန်၊ အတွေးအမြင်သန်သန်ဖြင့် ဖြတ်သန်းအလုပ်လုပ်နိုင်ရန် သမိုင်းသင်ခန်းစာသည် အကောင်းဆုံးသောဆေးခါးကြီးဖြစ်နိုင်သည်။
၂။ စာနယ်ဇင်းအမှောင်ခေတ်ကို မြန်မာတို့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်စိုးမှု ၂၆ နှစ်လုံးခံစားခဲ့ရသည်။ ထိုမှ စစ်အာဏာရှင်ခေတ် နှစ်ပေါင်း ၂ဝ ကျော်အတွင်း စာနယ်ဇင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့ရပြန်သည်။ သို့သော် မဆလ ၂၆ နှစ်အတွင်း မရရှိခဲ့သည့် အခွင့်အရေးအချို့ကိုတော့ ပြီးခဲ့သည့် ၁၅ နှစ်ခန့်ကစ၍ အကန့်အသတ်ဖြင့် ရခဲ့သည်။
ယင်းမှာ ပုဂ္ဂလိကစာနယ်ဇင်းများထုတ်ဝေခွင့် အနည်းငယ်ပေးခြင်းဖြစ်သည်။ တစ်ဘက်တွင်လည်း စာပေစိစစ်ရေးဆိုသည့် ဆင်ဆာစနစ် လက်မည်းကြီးက စာနယ်ဇင်းစာမျက်နှာများပေါ်တွင် အုပ်မိုးထားသည့်အတွက် လွတ်လပ်မှုမှာ ဆိတ်သုဉ်း သည်။
အာဏာရှင်ခေတ်တွင် ကြံရည်ဖန်ရည်ရှိသည့် စာနယ်ဇင်းများက အစိုးရယန္တရား၏ ဖောက်လွဲဖောက်ပြန်ဖြစ်မှုနှင့် လူ့အဖွဲ့ အစည်းအတွင်းမှ မတရားမှုများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖော်ထုတ်ရေးသားခဲ့သည်တော့ရှိသည်။ သို့သော် အရေအတွက် အားဖြင့် နည်းလွန်းသည်။
အားလုံးသိကြသည့်အတိုင်း နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာများရှိ နေသော်လည်း ၂ဝ၁၁ ရွေးကောက်ပွဲအပြီး ပြောင်းလဲ လာသော အစိုးရအဖွဲ့သည် လူထုအပေါ် ထိန်းချုပ်မှုအချို့ကို လျှော့ပေးခဲ့ပါသည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း စာနယ်ဇင်းများ လည်း တဖြည်းဖြည်းချင်း လွတ်လပ်သောပုံစံဖြင့် ရေးသားခွင့်များရလာသည်။
စစ်အာဏာရှင်အုပ်စိုးမှုရှိနေသေးသည့် လွန်ခဲ့သောနှစ်အနည်းငယ်ကပင် မြန်မာပြည်တွင် ထုတ်ဝေနေသည့် စာနယ်ဇင်း အရေအတွက်မှာ မနည်းလှချေ။ အတိုင်းအတာတစ်ခုထိ လင်းပွင့်ပြီဖြစ်သော လက်ရှိအချိန်တွင် အစိုးရအနေဖြင့် နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပထမဦးဆုံး ပုဂ္ဂလိကသတင်းစာများကို မကြာသေးမီလများအတွင်းက ထုတ်ဝေခွင့်ပြုခဲ့သည်။
လွတ်လပ်ခွင့်တစ်စုံတစ်ရာ ရရှိလာချိန်၌ စာနယ်ဇင်းများအနေဖြင့် စာဖတ်သူ(ပြည်သူ)များအပေါ်တွင် တာဝန်ကျေသည် လား။ တိုင်းပြည်၏ ရှုပ်ထွေးလှသည့် မျက်မှောက်နိုင်ငံရေး ကျားကွက်ရွေ့မှုများတွင် လွတ်လပ်စွာ ရေးသားလာနိုင်နေပြီ ဖြစ်သည့် စာနယ်ဇင်းတို့၏ ရပ်တည်ချက်ကို မေးခွန်းထုတ်ရမည့်အချိန်သို့ ရောက်ပါပြီ။
မကြာသေးမီလများအတွင်း ဖြစ်ပေါ်ခဲ့သည့် ဘာသာရေး၊ လူမျိုးရေး အခြေခံသည့်ပဋိပက္ခများ၊ အဓိကရုဏ်းဖြစ်စဉ်များတွင် မြန်မာစာနယ်ဇင်းများ၏ ရပ်တည်ချက်၊ ၄င်းတို့ဖော်ပြသည့် သတင်းနှင့် ထင်မြင်ချက်များနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
အထက်ပါ ဘာသာရေးကိစ္စများတွင်လည်းကောင်း၊ နိုင်ငံ၏မျက် မှောက်ရေးရာများကို ဖော်ပြရာတွင်လည်းကောင်း၊ စာနယ်ဇင်းအတော်များများသည် လူပြိန်းကြိုက် လိုက်၍ ရေးနေကြသည်ဟု ပြောလျှင် ငြင်းခုံလာမည့်သူတွေ အများကြီး ရှိနိုင်သည်။ သို့သော် အမှန်တရားကို မျက်ကွယ်ပြု၍ မရပါ။
လက်ရှိနိုင်ငံရေး ရေခံမြေခံပေါ်တွင် အမှီပြု၍ ရှင်သန်ဖူးပွင့်လာရသည့် စာနယ်ဇင်းများထဲတွင် ရည်ရွယ်ချက်၊ ဦးတည်ချက် အမျိုးမျိုးရှိနေကြပါသည်။ အချို့က ငွေကြေးအကျိုးအမြတ်နှင့် ပုဂ္ဂိုလ်ရေး သြဇာသိက္ခာ တည်ဆောက်ရန် ရည်မှန်းထား ကြသူများ ပါလာသည်။
အချို့က ငါးပွက်ရာ ငါးစာချမည်ဆိုသည့် စီးပွားရေးသက်သက် ငွေကြေးအမြတ်ကို ကြည့်သူများဖြစ်သည်။ အချို့က အာဏာပိုင်တို့၏ လက်ကိုင်တုတ်များဖြစ်သည်။ သူတို့က စာနယ်ဇင်းစင်မြင့်မှနေ၍ ပြည်သူ့အတွေးအမြင်ကို သလ္လာဖုံး အောင်လုပ်ရန် စိုင်းပြင်းနေကြခြင်းဖြစ်သည်။
၃။ သတင်းစာတစ်စောင်နှင့်ပတ်သက်၍ ရပ်တည်ချက်နှင့် မူဝါဒကိစ္စမှာ အမြဲတမ်း ဝိဝါဒကွဲစရာ ကိစ္စရပ်ဖြစ်သည်။ သတင်းစာ ဟူသည် မည်သည့်ဘက်က ရပ်တည်မည်နည်း။ အချို့က ပြည်သူ့(စာဖတ်သူ)ဘက်ကဟု ပြောသည်။ အချို့က အာဏာရ အစိုးရ(သို့မဟုတ်) နိုင်ငံရေးပါတီတစ်ခု (သို့မဟုတ်) အယူအဆရေးရာများအပေါ်တွင် မူတည်၍ ရပ်တည်ချက် ကွဲလွဲ ခြင်းများ ရှိခဲ့သည်။
သတင်းစာ တည်ရှိရာ နိုင်ငံအသီးသီး၏ သမိုင်းနောက်ခံ၊ နိုင်ငံရေး၊ လူမှုရေး ရေခံမြေခံပေါ်တွင် အခြေပြု၍ သတင်းစာများ၏ ရပ်တည်ချက်၊ ဦးတည်ချက်သည် အမျိုးမျိုးရှိနိုင်သည်။ သေချာသည်မှာ သတင်းစာ၏ သဘောသည် အမှန်တရားကို ပြောဖို့ ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ အမှောင်ခြမ်းအတွင်းမှာ ရှိနေသည့်လူထု၏ ပဲ့တင်ထပ်ဖို့ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်းမှ ဖောက်လွဲဖောက်ပြန်ဖြစ်မှုများကို တိုက်ဖျက်ဖို့ ဖြစ်သည်။
သတင်းစာနှင့်သတင်းစာသမားတို့သည် သူတို့ဖြတ်သန်းနေရသော ခေတ်အခြေအနေအရ အချိန်ကာလတစ်ခုတွင် အမှန်ကို ပြောင်ပြောင်တင်းတင်း ဖွင့်မပြောနိုင်သည်ဘဲ ထားဦး။ အမှားတရားကို ပဲ့တင်မထပ်မိဖို့တော့လိုသည်။ မုသာဝါဒီများကို အားပေးရာ ရောက်မသွားရန်လိုသည်။ ဖောက်ပြန်သော ခေတ်ရေစီးနှင့်အတူ ရေစုန်ရေဆန်မျောမနေရန်လိုသည်။
မြန်မာစာနယ်ဇင်းသမိုင်းကို ပြန်ကြည့်လျှင် နိုင်ငံရေးမိုးမှောင်ကျမှုနှင့်အတူ သတင်းစာများသည် အာဏာရှင်အုပ်စိုးမှု နှစ်ပေါင်း ၄ဝ ကျော် ကာလအတွင်း ပိပိပြားပြား၊ ငြိမ်ငြိမ်ဝပ်ဝပ်ဖြစ်အောင် ဖိထားခြင်းခံခဲ့ရသည်။ လွတ်လပ်ရေးရပြီးစ ဒီမိုကရေစီခေတ်ဦးကာလ လွတ်လပ်စွာ ရေးသားခွင့်ရခဲ့သည့် စာနယ်ဇင်းများ၏ ရွှေထီးဆောင်းကာလမှာလည်း သိပ်မကြာလိုက်။
၁၉၆၂ တပ်မတော်က နိုင်ငံအာဏာကိုသိမ်းပြီးနောက် တိုင်းပြည်၏ နား၊ မျက်စိသဖွယ်ဖြစ်သော စာနယ်ဇင်းများကို အကွက် ကျကျ တစ်ဆင့်ချင်း ဖိနှိပ်လာခဲ့သည်။ ၁၉၈ဝ ခုလွန်ကာလများသို့ ရောက်လာသောအခါ သတင်းစာဟူသည် အာဏာပိုင် တို့၏ မုသားစာလွှာ၊ စက္ကူကန့်လန့်ကာ၊ ဗောင်းတော်ညိတ် စိတ်တော်သိ အလိုတော်ရိ သတင်းစာအဆင့်ထက်မပိုတော့။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသဖြင့် အထွေထွေအကျပ်အတည်းကို ခါးစည်းခံနေရသော လူထု၏ ဒုက္ခတွေကို သတင်းစာမျက်နှာများတွင် ပဲ့တင်မထပ်နိုင်ဘဲ ရှိခဲ့ရသည်။ တာဝန်သိ သတင်းစာဆရာတို့အဖို့ စိတ်ညစ်ညူးဖွယ်ရာ ကောင်းလှသည့် ခေတ်ကြီးတစ်ခေတ်ဟု မှတ် တမ်းတင်ရမည့် ကာလအပိုင်းအခြားဖြစ်သည်။
သို့သော် ၁၉၈၈ တွင် ဒီမိုကရေစီအြွုံကမှုကြီး ပေါ်ပေါက်လာသောအခါ ၂၆ နှစ်တာ အဖိနှိပ်ခံခဲ့ရသောသတင်းစာသမားနှင့် သတင်းစာများသည် ပြန်လည်ခေါင်းထောင်လာကြသည်။ တိုက်ပွဲအတွင်း ပေါ်ထွက်လာရသည်မို့ ထိုအချိန်က သတင်းစာ များသည်လည်းကောင်း၊ သတင်းစာဆရာများသည်လည်းကောင်း တိုက်ပွဲဝင်သတင်းစာ၊ တိုက်ပွဲဝင်သတင်းစာ ဆရာများဟု ခေါ်နိုင်သည်။
၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးအတွင်း သတင်းစာများ၏ အခန်းကဏ္ဍမှာ မည်သို့ရှိခဲ့သည်လဲ။ ရက်ပေါင်းအားဖြင့် တစ်လသာသာခန့်သာ သက်တမ်းရှည်သည့်အရေးတော်ပုံကာလအတွင်း သတင်းစာများ လွတ်လပ်စွာရေးသားခွင့်ရသည့် အချိန်ကာလမှာ ရက်ပေါင်း ၂ဝ ခန့်သာ ရှိခဲ့သည်။ သို့သော် တစ်လမပြည့်သည့် ရက်အပိုင်းအခြားအတွင်းမှာပင် သတင်းစာ တို့သည် သူတို့၏အလုပ်တာဝန်ကို ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ အတွင်းမှ တိုက်ပွဲဝင်သတင်းစာများ၏ အခန်းကဏ္ဍကို ပြန်၍ချဉ်းကပ်စဉ်းစားသင့်ကြသည်။နှစ်ပေါင်း ၄ဝ ကျော်ကြာ အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက်တွင် လွတ်လပ်စွာရေးသားခွင့်ရခဲ့ကြသည့် ရက်ပေါင်း ၂ဝ သည် သတင်းစာများအဖို့ ဘာမျှရှည်ကြာသောကာလ မဟုတ်။ သို့သော် ပြည်သူတို့၏ စကားပြန် အလုပ် ကို ထိုအချိန်က တာဝန်သိသတင်းစာများက ကောင်းစွာ လုပ်ကိုင်နိုင်ခဲ့သည်။
၄။ ၈ သြဂုတ် ၁၉၈၈ နေ့တွင် တစ်ပြိုင်တည်း စတင်လိုက်သော ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများသည် အာဏာပိုင်တို့၏ နှိပ်ကွပ်မှုများအကြားမှပင် အရှိန်သေမသွားဘဲ တစ်နေ့တခြား မြင့်တက်လာသည်။ အရေးတော်ပုံ အရှိန်မြင့်လာသည်နှင့်အမျှ လူထု၏အသံကို ထင်ဟပ်ဖော်ပြနိုင်မည့် သတင်းစာများလည်း လိုအပ်လာသည်။
ထိုအချိန်တွင် အစိုးရပိုင်းက နိုင်ငံပိုင်သတင်းစာများကို ထိန်းချုပ်ထားဆဲဖြစ်သည်။ အစိုးရအနေဖြင့် လူထု၏ ဒီမိုကရေစီ အုံကြွတောင်းဆိုသည့် သတင်းများကို တိုင်းပြည်သို့ အမှောင်ချသည်။ ဆန္ဒပြပွဲများကို နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြရာတွင် ဆူပူလှုပ်ရှားသူ အကြမ်းဖက်လိုသူ လူတစ်စု ဟု သုံးနှုန်းသည်။ လူထုဆန္ဒပြလှုပ်ရှားမှုများကို သေးသိမ်လာအောင် ပုံဖျက်၍ ပြည်သူများထံ တင်ပြသည်။ ဝါဒဖြန့်သည်။
သို့သော် ၈-၈-၈၈ နေ့မှ စတင်လိုက်သည့် လူထုအုံကြွမှုကြီးက ရက်ကြာသည်နှင့်အမျှ ကြီးမားကျယ်ပြန့်လာသောအခါ အစိုးရအသိုင်းအဝိုင်းတွင် ကတိမ်းကပါး ဖြစ်ကုန်သည်။ ၁၉၈၈ ဇူလိုင် ၂၃ ရက်က နုတ်ထွက်သွားသည့် ဥက္ကဋ္ဌကြီးဦးနေဝင်း ၏ နေရာကိုဆက်ခံသည့် ဦးစိန်လွင်လည်း သြဂုတ် ၂၁ ရက်တွင် နုတ်ထွက်ရသည်။
ဦးစိန်လွင်နေရာတွင် ဒေါက်တာမောင်မောင်က တာဝန်ယူသည်။ ပြီးတော့ ရန်ကုန်မြို့အတွင်း တစ်လနီးပါးကြာအောင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့်ကို သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် ရုတ်သိမ်းလိုက်သည်။ ထိုရက်များမတိုင်မီ ကတည်းက နိုင်ငံပိုင်သတင်းစာများတွင် အရေးအသားများ ပျော့ပျော့ပျောင်းပျောင်းဖြစ်လာသည်ကို သတိပြုမိသည်။ အထူးသဖြင့် သတင်းဖြစ်စဉ်အတိုင်း မှန်မှန်ကန်ကန် ရေးသားဖော်ပြလာခြင်းဖြစ်သည်။
သတင်းစာတိုက်ပြင်ပရှိ လမ်းမများပေါ်တွင် နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေသည့် လူထုဆန္ဒပြပွဲများက သတင်းစာဆရာများကို ရင်ခုန်တက်ကြွလာစေဟန်တူပါသည်။ ၂၆ နှစ်လုံးလုံး အဖိနှိပ်ခံသတင်းစာသမားဘဝမှ နှောင်ကြိုးများကို ဖြတ်တောက်ကာ လူထုဆန္ဒပြပွဲများတွင် ပါဝင်လာသည်။ ဒီမိုကရေစီနှင့်လူမှုလွတ်လပ်ခွင့်များကို တောင်းဆိုရန် နိုင်ငံပိုင်သတင်းစာတိုက် ဝန်ထမ်းများသည် ပြည်သူတို့နှင့်လက်တွဲလိုက်ကြသည်။
သြဂုတ် ၂၄ ရက် သတင်းစာတိုက်ပေါင်းစုံမှ ဝန်ထမ်းထုက ဆန္ဒပြကြသည်။ ထို့ကြောင့် ၂၅၊ ၂၆၊ ၂၇ ရက်များတွင် နိုင်ငံပိုင် သတင်းစာများဖြစ်သည့် ကြေးမုံ၊ လုပ်သားပြည်သူ့နေ့စဉ်(မြန်မာ)၊ လုပ်သားပြည်သူ့ နေ့စဉ်(အင်္ဂလိပ်)၊ ဗိုလ်တထောင်၊ မြန်မာ့အလင်းနှင့် ဂါးဒီးယန်းသတင်းစာ တို့သည် သုံးရက်တိတိ သတင်းစာမထွက်ချေ။
သြဂုတ် ၂၅ ရက်တွင် သတင်းစာတိုက်ပေါင်းစုံ ပူးတွဲယာယီကော်မတီကို ဖွဲ့ကာ ည ၈ နာရီတွင် တောင်းဆိုချက်များကို အာဏာပိုင်များထံ ပို့လိုက်သည်။ တောင်းဆိုချက်များတွင် သတင်းစာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အောက်ပါအတိုင်း တောင်းဆိုထားသည်ကို တွေ့ရသည်။
၁။ ပြည်သူလူထု လှုပ်ရှားမှုသတင်းများကို ဘက်မလိုက်ဘဲ တိကျမှန်ကန်စွာ တိုက်အလိုက် ကိုယ်ပိုင်ရေးသားဖော်ပြခွင့်ရှိရန်။
၂။ ပြည်သူလူထု လှုပ်ရှားမှုကို ဆန့်ကျင်သော ခေါင်းကြီး၊ ဆောင်းပါး၊ သတင်း၊ ကာတွန်းများကို တိုက်အလိုက် အယ်ဒီတာ အဖွဲ့နှင့် အလုပ်သမားထုက သဘောမတူပါက ထည့်သွင်းဖော်ပြခြင်းမပြုဘဲနေရန် (သို့မဟုတ်) တည်းဖြတ်ပြီးမှ ထည့်ရန်။
၃။ နိုင်ငံတော်နှင့် ပြည်သူကို ဆန့်ကျင်သော ခေါင်းကြီး၊ သတင်းလိမ် သတင်းမှား၊ ဆောင်းပါးလိမ် ဆောင်ပါးမှားများ ရေးသားထည့်သွင်းခိုင်းသည့် တာဝန်ရှိသူ ကြီးငယ်မဟူတို့အား ရှုတ်ချကြောင်းနှင့် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူ ပေးရန်။
အဆိုပါသတင်းလွတ်လပ်ခွင့် တောင်းဆိုချက်သည် အာဏာပိုင်များ၏ သတင်းစာအပေါ် ဖိနှိပ်စိုးမိုးထားမှုကို ၂၆ နှစ်အတွင်း ပထမဆုံးအနေဖြင့် သတင်းစာဆရာတို့က အန်တုလိုက်ခြင်းဖြစ်သည်။ အစိုးရက ၄င်းတို့၏ အာဘော်များကို နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် တိုင်းပြည်သို့ ဝါဒဖြန့်နေမှုအား အဆုံးသတ်ရန် ပြတ်သားစွာ တောင်းဆိုခြင်းဟုလည်း ဆိုနိုင်သည်။
သုံးရက်ကြာ ရပ်နားထားသော သတင်းစာများသည် သြဂုတ် ၂၈ ရက်တွင် ပြန်ထွက်လာသည်။ ပြီးခဲ့သည့် လေးရက်ခန့်က နောက်ဆုံးထုတ်ဝေခဲ့သည့် သတင်းစာများနှင့် အသွင်သဏ္ဌာန်ရော၊ အနှစ်သာရပါ သိသိသာသာ ကွာခြားသွားပြီဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒပြလှုပ်ရှားမှု သတင်းများကို ဓာတ်ပုံများဖြင့် မှန်ကန်တိကျစွာ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြသည်။ ၂၆နှစ်လုံး ဝါဒဖြန့်စာရွက်လောက်သာ သဘောထားသည့် ပြည်သူများကလည်း လွတ်လပ်စွာ ရေးသားဖော်ပြသည့်နိုင်ငံပိုင် သတင်းစာများကိုမြင်ရသောအခါ အံ့သြခြင်း၊ဝမ်းသာခြင်းနှင့်အတူကြိုဆိုကြသည်။
ထိုအချိန်တွင် အစိုးရအနေဖြင့် နိုင်ငံပိုင်သတင်းစာတိုက်မှ ဝန်ထမ်းများအပေါ် သတင်းဖော်ပြမှုနှင့်ပတ်သက်၍ ချုပ်ကိုင်ထား နိုင်ခြင်းမရှိတော့သည်မှာ ထင်ရှားသည်။ သတင်းစာ၏ မူလလုပ်ငန်းများကို သတင်းစာသမားတို့ ပြန်လည်လုပ်ခွင့် ကိုင်ခွင့် ရပြီဟု ဆိုနိုင်သည်။ ယင်းမှာ လွတ်လပ်စွာ ရေးသားခြင်းနှင့် ပြည်သူ့လှုပ်ရှားမှု၏ ဘက်တော်သားအဖြစ် ခံယူခြင်းဖြစ်သည်။
အရေးတော်ပုံကာလအတွင်း ဖြစ်ပွားသည့် ဖြစ်ရပ်တို့က များပြား၍ မြန်ဆန်လွန်းသောအခါ လူထုအနေဖြင့် သတင်း အချက် အလက် အဆက်မပြတ် ရရှိရေးမှာ လိုအပ်ချက်တစ်ခုဖြစ်သည်။ နိုင်ငံပိုင်သတင်းစာများအနေဖြင့် ပြည်သူ့လှုပ်ရှားမှုကြီးဘက် မှ ရပ်တည်၍ မှန်ကန်သောသတင်းများကို ရေးသားလာသောအခါ နိုင်ငံနှင့်အဝန်းတွင် ပြုလုပ်နေကြသည့် လူထုဆန္ဒပြပွဲ သတင်းများကို တိုင်းပြည်က ကျယ်ပြန့်စွာ သိလာရပါသည်။ ဒီမိုကရေစီ တိုက်ပွဲအပေါ်တွင် နားလည်မှု၊ ညီညွတ်မှုနှင့်ပူးပေါင်း ပါဝင်မှုကို ပိုမို ဖြစ်ပေါ်လာစေပါသည်။
သတင်းစာတို့ လွတ်လပ်စွာ ရေးသားနိုင်ချိန်မှာပင် အစိုးရသတင်းစာတိုက်ဝန်ထမ်းများသည် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဝန်ထမ်းထု နစ်နာနေရသည့် အခွင့်အရေးများကို ဆက်လက်တိုက်ပွဲဝင် တောင်းဆိုလျှက်ရှိသည်။ သြဂုတ် ၃၁ ရက်တွင် သတင်းစာတိုက်ပေါင်းစုံ ပူးတွဲညှိနှိုင်းရေး ယာယီကော်မတီအစည်းဝေးကို ကျင်းပသည်။ မြန်မာ့သတင်းစဉ်၊ မြဝတီ ပုံနှိပ်တိုက် တို့နှင့်သတင်းစာတိုက် ပူးတွဲညှိနှိုင်းရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းလိုက်သည်။
သတင်းစာတိုက်များအစည်းအဝေးတွင် ပြည်သူပိုင်စာနယ်ဇင်းများအနေဖြင့် ပြည်သူတို့၏ တရားမျှတသောဒီမိုကရေစီ လှုပ်ရှားမှုများကို ဆက်လက်ထောက်ခံသွားရန်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်၊ အလုပ်သမားရပိုင်ခွင့်များကို တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။
သတင်းစာများအနေဖြင့် ဒီမိုကရေစီရေးကို ထောက်ခံသည်ဟု ၄င်းတို့ ရပ်တည်ချက်ကို ကြေညာသော်လည်း သတင်းများကို ဖော်ပြရာတွင် သတင်းစာကျင့်ဝတ်အတိုင်းသာဖြစ်သည်။ ဖြစ်ရပ်များကို တိတိကျကျ ရေးသားသည်။ တစ်ဘက်တွင်လည်း အစိုးရပိုင်းမှ ထုတ်ပြန်သည့် ကြေညာချက်များ၊ မိန့်ခွန်းများကိုလည်း စိစစ်၍ဖော်ပြသည်။
စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးနောက်ပိုင်းနှင့် နိုင်ငံပိုင်သတင်းစာတို့က လွတ်လပ်စွာ သတင်းရေးသားလာသည်နှင့်အတူ ရန်ကုန်မြို့တွင်း၌ ပုဂ္ဂလိက သတင်းစာနှင့်စာစောင်များ ခပ်စိပ်စိပ် ထွက်ပေါ်လာသည်။ ပထမဆုံးအနေဖြင့် သတင်းစာ စောင်(သတင်းလွှာ)များထွက်ရှိသည်။ စက်တင်ဘာလဆန်းတွင်မှ ပုဂ္ဂလိကသတင်းစာများ အပြိုင်းအရိုင်း ထွက်ပေါ် လာပါသည်။
ပထမပိုင်းရက်များတွင် တွေ့ရသည့်စာစောင်များမှာ ဂျာနယ်သဘောမျိုးဖြစ်နေပြီး ဆန္ဒပြသတင်းများနှင့် နိုင်ငံရေး ခေါင်းဆောင်အချို့၏ လူထုတရားပွဲမိန့်ခွန်းများကို ပြန်လည်ဖော်ပြထားသော စာစောင်များဖြစ်သည်။ အချို့ကလည်း လူထုကြားတွင် ပေါ်ပေါက်နေသည့် အရပ်သတင်း၊ ပါးစပ်သတင်းများကို ပြန်လည်ရေးသားဖော်ပြကြခြင်း ဖြစ်သည်။
စာစောင်ကို လုပ်ကိုင်သူများမှာလည်း ကျွမ်းကျင်စာနယ်ဇင်းသမားများ မဟုတ်ကြချေ။ အရေးတော်ပုံအတွင်း ပါဝင်လာကြ သည့်ပြည်သူများထဲမှ အချို့က လတ်တလောလိုအပ်ချက်အရ သတင်းစာစောင်များကို ဖန်တီးကြခြင်းဖြစ်သည်။ သတင်းငတ် နေသည့် ပြည်သူများကလည်း အရေးတော်ပုံကာလအတွင်း ထွက်ရှိသမျှစာစောင်များကို လှိုက်လှဲစွာ အားပေးခဲ့ကြသည်။
ပုဂ္ဂလိကသတင်းစာများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည့် စက်တင်ဘာလဆန်းမတိုင်မီအချိန်ထိ သတင်းစာစောင် လေးများ၏ အခန်းကဏ္ဍမှာ အရေးပါသည်ဟု ဆိုနိုင်သည်။
၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ပထမဆုံး အာဏာဖီဆန် တော်လှန်သည့် နိုင်ငံပိုင်သတင်းစာများအကြောင်းကို နိဒါန်းသွယ်ခဲ့ခြင်း ဖြစ်ပါသည်။ စက်တင်ဘာလဆန်းတွင် ပုဂ္ဂလိကသတင်းစာများ ပေါ်ထွက်လာပြီးနောက် အရေးတော်ပုံ ကာလအတွင်း သတင်းစာများ မည်သို့ ဖြတ်သန်းခဲ့သည်။ တိုက်ပွဲဝင်ခဲ့သည်။ ရပ်တည်ခဲ့သည်ကို ဆက်လက်ခြေရာခံကြည့်ရန် ကျန်နေပါသေးသည်။
လက်လှမ်းမီသမျှ ပြုစုထားသော စာရင်းများအရ အရေးတော်ပုံကာလအတွင်း ထုတ်ဝေသည့် သတင်းစာနှင့် သတင်းလွှာ အရေအတွက်မှာ ရန်ကုန်တွင် အမျိုးအစား ၅ဝ ကျော်နှင့် မန္တလေးတွင် ၃ဝ ကျော်ရှိသည်။ ၄င်း သတင်းစာ အရေအတွက်မှာ သြဂုတ် ၃၁ မှ စက်တင်ဘာ ၁၈ ရက်အတွင်း ထုတ်ဝေခဲ့သည့် သတင်းစာများဖြစ်သည်။
အချိန်တိုကလေးအတွင်း အရေးတော်ပုံကာလ ထွက်ရှိလာသည့် သတင်းစာများတွင် သတင်းစာကျင့်ဝတ်နှင့်မညီသည့် ကိုယ်ကျိုးစီးပွားသက်သက် အမြတ်ထုတ်ရန် ရည်ရွယ်သူများလည်း ပါရှိလာသည်။ သို့ရာတွင် ဒီမိုကရေစီအရေးတော်ပုံကြီးကို လမ်းလွဲစေမည့် ကိစ္စများနှင့်ပတ်သက်လာလျှင် တာဝန်သိ သတင်းစာများက သတင်းစာချင်း ဝေဖန်ထောက်ပြသည်။ ဤနည်းဖြင့် အရေးတော်ပုံ၏ ဦးတည်ချက်နှင့် လမ်းကြောင်းမပြောင်းရန် သတင်းစာတို့က ကူညီနိုင်ခဲ့သည်။
ကျင့်ဝတ်ပိုင်းအားနည်းသည့် သတင်းစာအချို့မှအပ ထိုအချိန်က သတင်းစာများသည် ပြည်သူ့ဒီမိုကရေစီတိုက်ပွဲဘက်မှ ရပ်တည်သည်။ ပြည်သူ(စာဖတ်သူ) တို့ကို သတင်းမှန်ပေးသည်။ တစ်ချိန်တည်းမှာပင် လူထုအမြင်ကို ကတိမ်းကပါး မဖြစ်အောင် ဦးဆောင်ထိန်းသိမ်းနိုင်သည်။
အရေးတော်ပုံကာလ လူထုတိုက်ပွဲများကို ဖြိုခွဲရန် ကြိုးပမ်းသည့် အာဏာပိုင်တို့၏ ခြေလှမ်းကို စောင့်ကြည့်၍ တိုင်းပြည်သို့ သတိပေးနိုင် သည်။ လူ့အဖွဲ့အစည်းအတွင်းမှ မတော်မတရားမှုများကို ဖွင့်ချသည်။ အာဏာပိုင်တို့၏ ဖြိုခွဲရေးအကြံအစည် များကို စုံစမ်းထောက်လှမ်း၍ စာဖတ်သူကို အစီရင်ခံသည်။
သတင်းများအပြင် ထင်မြင်ချက်များက စာဖတ်သူတို့ ဒီမိုကရေစီတိုက်ပွဲ၏ရေစီးကြောင်းကို နားလည်စေရန် ကူညီပေးခဲ့သည်။ တိုက်ပွဲ၏ ဦးတည်ရာကို ပြောပြနိုင်သည်။ ထိုအချိန်က သတင်းစာများသည် ပြည်သူ(စာဖတ် သူ)များနှင့်အတူ တစ်ခရီး တည်းသွားပြီး တစ်သံတည်းထွက်ခဲ့သည်။
ရှုပ်ထွေး၍ မျက်စိလည်စရာကောင်းသည့် အရေးတော်ပုံကာလတိုင်း ပြည်တွင်းဖြစ်ပျက်ပေါ်ပေါက်လျက်ရှိသော လှုပ်ရှားမှု များကို နားလည်ရှင်း လင်းလာအောင်ကူညီနိုင်ခဲ့သည်။ သတင်းနှင့်ထင်မြင်ချက်များကို အခြေခံ၍ ပြည်သူတို့အနေဖြင့် လွတ်လပ်စွာစဉ်းစားရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
၅။ သတင်းစာဆရာတစ်ဦး၏ တာဝန်သည် သပွတ်အူကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖွင့်ဆို ပေးရန်ဖြစ်သည် ဟု Jeff Hodson နှင့် Graham Watts တို့ ပြုစုသည့် အခြေခံများအလွန် ဆိုသည့် အဆင့်မြင့် သတင်းစာပညာ လက်စွဲစာအုပ်တွင် ဖော်ပြထားသည်။
ထိုပေတံဖြင့်တိုင်းလျှင် လွန်ခဲ့သည့် ၂၅ နှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ သတင်းစာများ (သတင်းစာဆရာများ) သည် သူ့ခေတ်သူ့အခါနှင့် ရှုပ်ထွေးပွေလီသော လူ့အဖွဲ့အစည်းအတွင်းမှအသံများကို ရှင်းလင်းပီသစွာ ကြားနိုင်အောင် အားထုတ် လုပ်ဆောင်နိုင်ခဲ့သည်။ ပြီးတော့ ထိုအချိန်က လူထု၏ဒီမိုကရေစီတိုက်ပွဲကို နားလည်အောင် အဓိပ္ပာယ်ဖွင့်ပေးခဲ့သည်ဟု ဆိုနိုင် ကောင်းပါသည်။ ရက်ပေါင်း ၂ဝ သာကြာသည် လွတ်လပ်သောသတင်းစာများအကြောင်းကို ရှေ့အပတ်များတွင် ဆက်လက် ဆွေးနွေးသွားရန် ရည်ရွယ်ထားပါသည်။ အဆိုပါသတင်းစာများကိုပြန်လည်ခြေရာခံကြည့်လျှင် ထိုအချိန်က သတင်းစာများ ဖောက်ခဲ့သည့်လမ်းကြောင်းကို ကျွန်တော်တို့တွေ့မြင်နိုင်မည်ဟု ထင်သည်။
(မှတ်ချက်- အာဏာဖီဆန် တော်လှန်သတင်းစာ ဆိုသည့် အသုံးအနှုန်းမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏စကားလုံး ဖြစ်ပါသည်။)
ဝင်းဇော်လတ်

Leave a Reply

Your email address will not be published.