ရွာစားကျော်တစ်ဦး၏ဘဝမှတ်တမ်း

ရွာစားစိန်တင်ဟန်၏ ”ဆိုင်းသမား”ကို မုံရွေးစာပေက ပထမအကြိမ် ထုတ်ဝေလိုက်သည်။ မြန်မာမှုဂီတသမားဆိုင်းဆရာတစ်ဦး၏ ကိုယ်တိုင်ရေးဘဝ မှတ်တမ်း ဟုဆိုရမည်ဖြစ်သည်။ အတ္ထုပ္ပတ္တိစာပေများထံမှ စာရှုသူတို့အတွက် မှတ်ဖွယ်၊ သိဖွယ်၊ ဆင်ခြင်ဖွယ် စသည်တို့သာမက ဘဝအတွေ့အကြုံဖြတ်သန်း မှုများကို ရလေ့ရှိသည်မှာ အမှန်ဖြစ်သည်။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများထံမှ ဆိုလျှင်လည်း အဖြစ်အပျက်များသာမက ပြုစုသူ၏စိတ်နေသဘာဝ၊ အလေ့ အထတို့ကို ပိုမိုပွင့်လင်းစွာ ရင်းနှီးစွာတွေ့သိရတတ်သည်လည်းဖြစ်သည်။
ယခုပြုစုသူရွာစားစိန်တင်ဟန်သည် မြန်မာ့ဂီတပညာကျော် နေမျိုးဗလကျော် သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့သော ရွာစားကြီးစိန် ဗေဒါ၏ ဆိုင်းအဖွဲ့ကို ဆက်လက်ခေါင်းဆောင်တီးမှုတ်ကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်သာမက ကိုယ်ပိုင်ဆိုင်းအဖွဲ့ကို ထူထောင်တီးမှုတ်ခဲ့ရာတွင်လည်း နိုင်ငံသိအနုပညာကျော်တစ်ဦး၊ မြန်မာစာပေ၊ ဂီတ၊ ယဉ်ကျေးမှုဆိုင်ရာတို့တွင် ကျွမ်းကျင်နှံ့စပ်ပြီး လေးစားအားထားလောက်သည့်ပညာရှင်တစ်ဦးလည်းဖြစ်ခဲ့ သည်။
စာအုပ်တွင် အခန်း ၃၄ ခန်းခွဲထားသည်။ ဆိုရသော် ၁ မှ ၃၃ အထိသည် ရွာစားကြီးစိန်တင်ဟန်ဆိုင်းဆရာအဖြစ် ဇောက်ချလုပ်ကိုင်ခြင်းမပြုမီအထိ ငယ် စဉ်မှ ဖြတ်သန်းကြုံတွေ့ခဲ့ရသော အမှတ်ရသမျှ မှတ်တမ်းအပိုင်းအစများဖြစ်ပြီး ကျွန်တော့်ဇာတာခွင်မဟာဘုတ်၊ အဖေ့အသံ၊ အမေ့အသံ၊ မြင်းရထားခိုးစီးခြင်း၊ နှမလေးပါးတွင် ခွေးကိုက်ခံရခြင်း၊ ဒုတိယကမ္ဘာစစ်ကြီး၊ ဖက်ဆစ်ဂျပန်၊ ကတ်ဆွဲ ခြင်း၊ ကျွဲနှစ်ကောင်၊ ဝဲပေါက်ခြင်းစသည့်ကဏ္ဍများပါဝင်သည်။ အခန်း ၃၄၊ ”ပတ်စာမျိုရခြင်း” အခန်းမှာမူ စိန် တင် ဟန်ကိုယ်တိုင် မြန်မာ့ဆိုင်းပညာ ရပ်ဝန်း၌ ကောင်းစွာအခြေချ နိုင်ခဲ့ သည်မှ နောက်ပိုင်း အနုပညာ လောက၊ ကိုယ်တွေ့ဘဝဖြစ်စဉ်များကို မှတ်တမ်းပြုထားခဲ့သည်။ စာအုပ်၏ ၃ ပုံ ၁ ပုံသည် ဤပတ်စာမျိုရခြင်း အခန်းပင်ဖြစ်၍ ဆိုင်းဆရာဘဝ အတွေ့ အကြုံများကို အသားပေးပြုစုထား သည်။
ရွာစားစိန်တင် ဟန်သည် ယင်း ၏ ဘဝမှတ်တမ်းကို ရေးသားရာတွင် ရေးသားမည့်မှတ်တမ်းစာအုပ်ငယ်လေး အကြောင်းမှ စတင်ထားသည်။ ရေး သားသည့် မှတ်တမ်းစာအုပ်အရွယ် အစား၊ ပုံသဏ္ဌာန်၊ ထုတ်လုပ်သူ စသည်တို့သာမက ဤစာအုပ်ငယ် လေးကို လက်ဆောင်ပေးသူကိုပင် အမှတ်တရပြုထားသည်။ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိစာအုပ်များစွာအကြား တွင် ထူးခြားသောကိုယ်ပိုင်ဟန်တစ်ခုကို တွေ့မြင်ရုံသာမက မြန်မာမှုအနုပညာ နှင့် စာပေကို ချစ်မြတ်နိုးသူ မြန်မာကြီးတစ်ဦး၏ ရိုးသားသောပုံရိပ်ကို စတင်ထိ တွေ့ခံစားမိနိုင်စေခဲ့သည်။ ပြုစုသူ၏ ဇာတာခွင်မဟာဘုတ်၊ ရက်ချုပ်များနှင့် သူ၏အတ္ထုပ္ပတ္တိကို စတင်ထားသည်။
ဖခင်ဖြစ်သူ နာမည်ကျော်ရုပ်သေးမင်းသားကြီး စပယ်သစ်(ဦးဖိုးသစ်)နှင့် မိခင်ရုပ်သေးမင်းသမီးကြီး မမြမှုံတို့၏အကြောင်း၊ မိခင်၊ ဖခင်တို့ပွဲကရာသို့ တကောက်ကောက်လိုက်ခဲ့ရသောငယ်ဘဝ၊ ဇာတိမြင်းခြံခရိုင်၊ စွန်းလွန်းရွာအမှတ် တရများ၊ မြန်မာမှုအနုပညာအဝန်းအဝိုင်းတွင် ရေခံမြေခံကောင်းစွာရရှိခဲ့သော ကလေးဘဝများကိုလည်း မှတ်မှတ်သားသားတင်ပြထားသည်။ ငယ်စဉ်ဘဝမိဘ နှစ်ပါးကွဲကွာကြရာတွင်လည်း ဦးစွာမိခင်ဖြစ်သူထံ၊ နောက်ပိုင်းတွင် ဖခင်ဖြစ်သူ ထံ လှည့်ပြောင်းနေထိုင်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီးနှင့် ကြုံတွေ့ရချိန် အသက် မွေးဝမ်းကျောင်းပါးရှားချိန်အဖြစ်များကိုလည်း မှတ်တမ်းပြုထားသည်။
ငယ်မည် မောင်ကိုလေးဘဝနှင့် မြင်းခြံ၊ စွန်းလွန်းတို့တွင် ပျော်ပိုက်နေရာ မှ မန္တလေးမြို့ စိန်ဗေဒါဆိုင်းအဖွဲ့တွင် ဆက်လက်အမွေခံတီးမှုတ်နေသော အစ် ကို စိန်လှမောင်ထံသို့ ပြောင်းရွှေ့နေထိုင်သည်။ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်း ဝင်ခဲ့ပြီးဖြစ်သော မြန်မာ့ဂီတကို ရွာစားကျော်စိန်ဗေဒါကြီး၏ လက်ရင်းတပည့် များထံမှ စနစ်တကျထပ်မံလေ့လာသင်ယူခဲ့သည်။ အစ်ကို စိန်လှမောင်ဦးဆောင် တီးခတ်သော စိန်ဗေဒါကြီး၏ဆိုင်းတော်တွင် ပန်းကန်ပို(လက်တိုလက်တောင်း လူပို)အဖြစ် လိုက်ပါရင်း ပညာသင်ယူခဲ့ရသော်လည်း တဖြည်းဖြည်းနှင့်မောင်း ဆိုင်း၊ ကြေးဝိုင်းတို့တွင် တွဲဖက်တီးခတ်လာနိုင်ခဲ့သည်။ ပင်ကိုပါရမီအစွမ်း သာမက ကြိုးစားအားထုတ်မှုပါ ပေါင်းစပ်ရင်း ကိုယ်တိုင်ဝိုင်းတော်တီးအဖြစ်ဖြင့် ဆိုင်းဝိုင်းအဖွဲ့သားအားလုံးကို ဦးဆောင်နိုင်သည်အထိ ရောက်ရှိလာခဲ့သည်။ တေးရေးအကျော် အေဝမ်းဆရာ ညှာထံမှလည်း တေးသီချင်းရေးစပ် နည်းများ သင်ယူနိုင်ခဲ့သည်။ ဆရာစိန် ဗေဒါအပေါ် အလေးအမြတ်စွဲမြဲမှုကို လည်း တွေ့ရသည်။ မောင်ကိုလေးမှ သည် အနုပညာအမည်စိန်တင်ဟန်သို့ ပြောင်းလဲပြီး မြန်မာ့ဂီတအနုပညာနယ်အတွင်း အောင်မြင်ထင်ရှားသူတစ်ဦးအဖြစ် ကျင်လည် ခဲ့သည်။ ရွာစားစိန်တင်ဟန်အဖြစ် ဆရာဖြစ်သူရွာစားကြီးစိန်ဗေဒါ၏ အမွေဆိုင်းအဖွဲ့တွင် တီးခတ်ရင်းမှ နောင်တွင် ကိုယ်ပိုင်ဆိုင်းအဖွဲ့တစ်ဖွဲ့ကို ဦးစီးတည်ထောင်တီးခတ်ရင်း မြန်မာ့ အနုပညာအစွမ်းကို အကောင်းဆုံးပြသ နိုင်ခဲ့သူဖြစ်ခဲ့သည်။ ဆိုရလျှင် အခြားသောပုဂ္ဂိုလ်ကျော်တို့၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများစွာနှင့်မတူ တစ်မူခြားနားစွာ မြန်မာ့ဆိုင်းပညာရှင်တစ်ဦး၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ပထမဆုံးဖတ်ရှုခွင့်ရစေခြင်းပင်ဖြစ်သည်။
စာအုပ်တွင် အများဆုံးနေရာယူထားသည်မှာ စာရေးသူ၏ အနုပညာရှင်ဘဝ ပင်ဖြစ်သည့်”ပတ်စာမျိုရခြင်း”ပင်ဖြစ်သည့်အလျှောက် မြန်မာမှုအနုပညာများ၊ စာပေယဉ်ကျေးမှု၊ မြန်မာအနုပညာအဝန်းအဝိုင်းနှင့် စပ်ဆိုင်ရာသိမှတ်ဖွယ်ရာ များစွာ၊ အမှတ်တရများစွာကို တွေ့သိနိုင်မည်ဖြစ်သည်။ မြန်မာ့ဆိုင်းပညာ၊ ဇာတ်သဘင်ပညာနှင့် စပ်ဆိုင်ရာသိမှတ်ဖွယ်များကိုလည်း ဂရုတစိုက်ထည့်သွင်း ပြုစုထားသည်။ ရွာစားကျော်တို့အလိုက် တီးခတ်ပုံသဘာဝကွာခြားပုံများ၊ အလှူ မင်္ဂလာအလေ့အထများ၊ ပွဲကျင်းပပုံများ၊ ဆိုင်းပြိုင်၊ ဘိသိက်ပြိုင်ကျင်းပကြပုံများ၊ အသံတိတ်ရုပ်ရှင်ခေတ်ဇာတ်ပို့တီးခတ်ကြပုံများ၊ ဆရာစဉ်သမားစဉ်အလိုက် လက် ဆင့်ကမ်းခဲ့ကြသော မြန်မာ့ဂီတနည်းစနစ်များ စသည်တို့ဖြင့် မြန်မာ့အနုပညာကို စိတ်ဝင်တစားရှိသူတို့အတွက် ဝေဝေဆာဆာရှိလှသည်။
အမှတ်ထင်ထင်ရှိလှသည်မှာ ကိုမောင်လေးဘဝနှင့် ပညာသင်အရွယ်က လောင်းကစားဝါနာ မှားယွင်းစွဲလမ်းမိသည်ကို အစ်ကိုဖြစ်သူက ဆုံးမဟန်နှင့် ဆင်ခြင်ရှောင်ပယ်ခဲ့ပုံများ၊ စိန်တင်ဟန်ဘဝနှင့် အလှူတစ်ခုတွင် ဆိုင်းနှစ်ဖွဲ့ အပြိုင်တီးခတ်ကြရာမှ သံဝေဂတရားရမိပုံများ၊ သုဘရာဇာများ လှူဒါန်းသော အလှူတွင် အခြားသောသူတို့ကဲ့သို့ ခွဲခြားနှိမ့်ချခြင်းမပြုဘဲ လှိုက်လှိုက်လှဲလှဲ ပါဝင်တီးခတ်ကုသိုလ်ယူပုံ အတွေ့အကြုံများဖြစ်ပြီး ဤသည်မှ စာဖတ်သူတို့အဖို့ လည်း တွေးဆဆင်ခြင်ဖွယ် ခံစားမှုရသရနိုင်မည်ဖြစ်သည်။ စပ် ဆိုင်ရာနေရာများ တွင် ဖော်ပြသော သီချင်းများအတွက် လည်းဆိုင်ရာ မြန်မာ့ဂီတသင်္ကေတများ ကို တစ်ပါတည်း ထည့်သွင်းဖော်ပြ ထားသည့်အတွက် လေ့လာသူတို့အဖို့ များစွာ အကျိုးရှိစေရုံသာမက စာရေးသူ၏ အသေးအဖွဲမှအစ မမေ့မလျှော့ တတ်သော သဘာဝ၊ ယင်းချစ်မြတ်နိုး သည့် မြန်မာ့ဂီတအပေါ် အလေးထားမှုများ ပေါ်လွင်စေသည်။ စာအုပ်ကို ရွာစားစိန်တင့်လွင်အဖြစ်နှင့် နိုင်ငံတော် ဧည့်ခံပွဲတစ်ပွဲ တက်ရပုံအတွေ့အကြုံကို နောက်ဆက်တွဲပြုကာ အဆုံးသတ် ထားသည်။
မြန်မာမှုအနုပညာအငွေ့အသက် များ၊ ဓလေ့စရိုက်များ ထုံမွမ်းနေသော မြန်မာဆိုင်းဆရာတစ်ဦး၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိသည် စာပေချစ်မြတ်နိုးသူ များ၊ အတ္ထုပ္ပတ္တိစာပေနှစ်သက်သူများ၊ မြန်မာ့အနုပညာလေ့လာသူများ၏ စာအုပ် စင်တွင် မရှိမဖြစ်ရှိထိုက်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း အထူးဆိုချင် ပါသည်။
”ကျွန်တော်တို့ တီးနေသည့်အချိန်အတွင်း အရပ်ခိုင်းသည်မှာ ကျွန်တော်တို့က မရပ်တတ်၍ ပြပြပေးရတာနဲ့တူသဖြင့် စိတ်ထဲက အောင့်သက်သက်ဖြစ်နေသည်။ သို့ပေမဲ့ ဂီတသမား၊ အနုပညာသမားဆိုသည်မှာ မှန်ရာကိုကြိုက်နှစ်သက်သူများ ဖြစ်၍ ယခုလိုဂီတဆရာမဟုတ်ဘဲ ဂီတအနုပညာရှင်များအပေါ်တွင် ဝန်ကြီးသြဇာ သုံးနေသည်ကို မကြိုက်ပါ။”(စာ-၁၉၇)
ဝဏ္ဏလင်း

Leave a Reply

Your email address will not be published.