ခေတ်သစ်သင်ပုန်းကြီး(၁)

၂၀၁၀-၁၅ သက်တမ်းငါးနှစ်မှာ တစ်ဝက်ကျိုးရုံရှိသေး
အခြေခံဥပဒေပြောင်းလဲရေးကို ဆွေးနွေးမည်ကြံရုံရှိသေး
ခလောက်ဆန်မှု၊ အကောက်ကြံမှုတွေ ပေါများလာရာ
လခစားဖေ့စ်ဘွတ်ခ်သမားများအစွမ်းကား
အကြမ်းဖက်သမားများရှိသည့် နိုင်ငံအဖြစ်သို့ ရောက်စေ။

ဒေါက်တာဆိတ်ဖွားကို တီးမဟဲ့ဟု ကြွေးကြော်သည့်
မဟာ့မဟာလွှတ်တော်မှာလည်း
အဆုံးမတော့ ရဲရဲကို မရဲရဲဘဲနှင့်
ကျွဲပြဲဟု ဤကို ဖတ်ကာ
နှာစေးရာကနေ အာပိတ်လမ်းလွှဲသွား
ဒါနဲ့များ အရေးကြီးအဆိုဆိုပြီး
ပြည်သူ့ဘဏ္ဍာထဲက နေ့ဝက်စာကို အပိုသုံး
ဖြုန်းနိုင်ကြပါပေ့။
ယုံနိုင်ကြပါတော့အံ့။အမျိုးကို စောင့်ရန်
ဗုဒ္ဓဘာသာဝင်မိန်းမတွေ လင်ယူ သတိပြုတဲ့
ကျန်ဘာသာဝင်မြန်မာမများ ကြိုက်ရာယူလျှင်ပင်
အမျိုးမပျက်တော့ဘိအလား၊
အကြမ်းဖက်သမားအများစုက ရဲဆေးတင်ပြီး လူသတ်ကြ
ဖမ်းမိသမျှ မူးယစ်ဆေးဝါးတန်ဖိုးက
ပြည်နယ်တစ်ခုစာ ကျန်းမာရေးဘတ်ဂျက်ထက် များနေသလောက်

နောက်ကွယ်က ကြိုးကိုင်သူဒိုင်ကို
ရာစုနှစ်ချီသည့်တိုင် မမိနိုင်သေးသည်လည်း ရှိနေရာ
သာသနာကို စောင့်ရန်
သူရာမေရိယနှင့် နွှယ်သမျှ
ရောင်းဝယ်ဖောက်ကား၊ သုံးစွဲခံစားခြင်းကို
ဗုဒ္ဓဘာသာဝင်မည်သူမဆို ကျူးလွန်က
ထောင်တစ်သက် လွတ်ရက်မရှိစေရဟု
ဘာသာစောင့်ဥပဒေသာ ပြဌာန်းက
ပိုအရာရောက်အံ့
ယုံနိုင်ကြပါ၏လော။သည်နှယ်ချည်ရှုပ်ကို အစမဖြေရဲသည့် အမယ်ဘုတ်ကလည်း
မီဒီယာအမေးများကို
အကြောင်းအကျိုးနှင့် မချေပ
လှီးလွှဲပြီးတော့သာ ခုခံ
တစ်နိုင်ငံလုံးက လူမှန်သမျှ
မည်သည့်ကိစ္စကို ရှင်းသည်ဖြစ်စေ
ဆင်ခြင်တုံတရားနှင့် လက်ကိုင်ထားယုံကြည်ချက်များကို ခြေခြေမြစ်မြစ် အခြေမခံကြဘဲ
ကိုယ့်ကို အထင်သေး/မှားမည့်အရေး
ကြောက်စိတ်ကိုသာ အခြေခံနေကြဆဲ
ကြောက်ရွံ့ခြင်းမှ ကင်းဝေးကြရန် လိုနေကြဆဲပင်
ယုံနိုင်ပါရိုးလား။ မည်သို့ပင်ဖြစ်စေ
နိုင်ငံသားများအားလုံး
လူမျိုးနှင့် ဘာသာကို မကွဲပြားသည့်
ဘူးလုံးနားမထွင်းဥပဒေများ၏ဘေးမှလည်းကောင်း၊
မီဒီယာနှင့် ဝါဒဖြန့်ချိရေးကို မကွဲပြားသည့်
လခစားလက်ကိုင်တုတ်များ၏ဘေးမှလည်းကောင်း၊
နိုင်ငံတော်နှင့် အစိုးရကို မကွဲပြားသည့်
အကြောက်တရားကြီးမားသူများ၏ဘေးမှလည်းကောင်း၊
အခါခပ်သိမ်း ကင်းဝေးပြီးသကာလ
ကိုယ်ပိုင်ဆင်ခြင်တုံတရားနှင့် ယုံကြည်ချက်များ ရှိကာ
မည်သူတစ်ဦးတစ်ယောက်၏ ခံတွင်းတွင်မှ
လမ်းမဆုံးကြပါစေသတည်း။   ။

ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published.