၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း စစ်တပ်က မုဒိမ်းမှု ၁ဝ၄ မှု ကျူးလွန်

၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာစစ်တပ်က တိုင်းရင်းသူများ အပေါ် မုဒိမ်းမှု ၁ဝ၄ မှု ကျူးလွန်ခဲ့သည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဇန်နဝါရီ ၁၅ ရက်တွင် အင်းလျားလမ်း စိမ်းလန်းစိုပြည်၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
၂ဝ၁၁ ဇွန်လတွင် ကချင်ပြည်နယ်တွင် အမျိုးသမီး ၅၉ ဦး၊ ရှမ်းပြည် နယ်တွင် အမျိုးသမီးနှင့်မိန်းကလေး ၃၅ ဦး၊ ကရင် ပြည်နယ်အတွင်း ၉ ဦး မှတ်တမ်းတင်နိုင်ခဲ့သည့်အနက် အမှုပေါင်း ၄၇ ခုသည် အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုများဖြစ်ပြီး၊ ကျူးလွန်ခံရသူများတွင် အသက်အငယ်ဆုံး ၈ နှစ်ပါဝင်သည်။ အမျိုးသမီး ၂၈ ဦးမှာ သတ်ဖြတ်ခံရခြင်း(သို့) ရရှိ သော ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း၊ မြို့နယ် ၃၅ မြို့နယ်တွင် ဖြစ်ပွားခဲ့ကာ တပ်ရင်းပေါင်း ၃၈ တပ်ရင်းက ပါဝင်၍ အချို့တပ်ရင်းများက အကြိမ်ကြိမ်အခါခါ ကျူးလွန်ခဲ့ကြောင်းနှင့် စစ်ဖြစ်ပွားရာ ကချင်နှင့် ရှမ်းပြည်နယ်မြို့များတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အမှုများကို အရေးယူမှုမှ ကင်းလွတ်ခွင့်ပေးနေသည့်စနစ်သည်လည်း မပြောင်းလဲသေး ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဒေါ်တင်တင်ညိုက အဓမ္မပြုကျင့်မှုနှင့် အခြားအမျိုးသမီးများ တွေ့ကြုံ ခဲ့ရသည့်အကြမ်းဖက်မှုများအတွက် တရားမျှတမှုရရှိစေရန် အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ခြင်းအစီအစဉ်များကို စတင်စဉ်းစား အကောင် အထည်ဖော်ရန်၊ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မြန်မာနိုင်ငံ၏ ဥပဒေရေးရာမူဘောင်များ၊ မှားယွင်းနေသည့် အခြေခံဥပဒေနှင့် တရားစီရင် ရေးစနစ်များကိုလည်း နက်နက်ရှိုင်းရှိုင်းထိထိရောက်ရောက် ပြုပြင်၍ အမျိုး သမီးများကို အကာအကွယ်ပေးသည့် ဥပဒေများကို ချမှတ်အကောင် အထည်ဖော်သွားရန်လိုကြောင်း အကြံပေးခဲ့သည်။
ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး နော်စူစင်နာလှလှစိုးက ”၂ဝ၁ဝ အစိုးရသစ် တက်ပြီးနောက်ပိုင်း ရှမ်း၊ ကရင်၊ ကချင်ဒေသတွေက အကြမ်းဖက်မှုတွေကို စုစည်းပြီးတင်ပြတဲ့ SWAN က ထုတ်ဝေတဲ့ မုဒိမ်းကျင့်ခွင့်လိုင်စင်နဲ့အခြားအစီရင်ခံစာဖြစ်တဲ့ တိတ်ဆိတ်ခြင်းကို ဖြိုခွဲခြင်း အစီရင်ခံစာတွေ ဖတ်တဲ့အခါ ဘယ်တော့မှ မဆုံးဘူး။ ကျွန်မ ဘယ်လိုပဲအားတင်း၊ တစ်မျက်နှာ၊ နှစ်မျက်နှာထက်ပိုပြီး တော့ ဆက်ဖတ်လို့ မရဘူး။ စိတ်ဒဏ်ရာရရတယ်။ မျက်ရည်ကျတယ်။ ကိုယ်တိုင်မကြုံရဘဲ ဖတ်ရတာတောင် ဒီလောက်ခံစားရရင် စစ်အတွင်းမှာ အမျိုးသမီးတွေရဲ့ခံစားရမှုက သူတို့ ဒီတစ်သက် ခေါင်းထောင်နိုင်ပါ့မလား။ သူတို့ရဲ့ ခံစားမှုတွေကို ဘယ်သူတွေက ကုစားပေးမလဲ။ တရားမျှတမှု ဘယ်သူတွေက ဆောင်ကြဉ်းပေးမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါ တယ်။ ဒီမေးခွန်းတွေကို တာဝန်ရှိတဲ့သူတစ်ယောက်ကို မေးတဲ့အခါ စစ်ဥပဒေဟာ သာမန်ဥပဒေထက် ပိုပြီးပြင်းထန်ပါတယ်။ ကျူးလွန်တဲ့သူ တွေကို သေဒဏ်အထိ ပေးလို့ရတယ်။ ကျူးလွန်တဲ့သူရဲ့ ကိုယ်ပိုင်နံပါတ်၊ နေရာအတိအကျပြောရင် ကျွန်တော်တို့က အရေးယူဆောင်ရွက်မှာပဲလို့ ဖြေပေမယ့် ဒါကို အရေးယူတဲ့ဟာမျိုး ထောင်ချပေးလိုက်တာမျိုး၊ သေဒဏ် ပေးလိုက်တာမျိုး တစ်ခါမှ မရှိခဲ့ ဘူး။ ကျူးလွန်တဲ့သူတွေကို သေ ဒဏ်လောက်ထိ မျှော်လင့်နေတာ မဟုတ်ဘူး။ ဒါကို ရပ်တန့်စေချင် တယ်။ ကျူးလွန်တဲ့သူတွေကို နိုင်ငံ ဥပဒေနဲ့ အရေးယူရမယ်လို့ တောင်း ဆိုခြင်း ဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီး အဆင်ပြေနေပြီလို့ ထင်ရပေမယ့် လူ့အခွင့်အရေး ချိုး ဖောက်မှုတွေက ဖြစ်နေတုန်းပါပဲ။ ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တားဆီးမှုတွေ ဖြစ်နိုင်တယ်”ဟု အမျိုးသမီးများ အကြမ်းဖက်ခံရမှု အပေါ် အရေးယူရန် နော်စူစင်နာ လှလှစိုးက တောင်းဆိုခဲ့ပါသည်။
”ကျွန်မတို့ ခံစားနေရတာ၊ ကြုံတွေ့နေရတာတွေကို ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ တက်ရောက်ခွင့်ရှိမှပဲ ကျွန်မဆောင်ရွက်သင့်သည်များကို အကြံပေးနိုင်မှာဖြစ်တယ်။ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ တက်ရောက်ခွင့်မပေးတဲ့ကိစ္စဟာ ကျွန်မတို့ကို ဆက်လက်ဖိနှိပ်နေတာ ပဲလို့ ပြောချင်တယ်။ အမျိုးသမီး ကိစ္စကို မဖြေရှင်းနိုင်ရင် ငြိမ်းချမ်း ရေးကိစ္စကို မဖြေရှင်းနိုင်ဘူး။ အမျိုး သမီးတွေကို နိုင်ငံရေးစကားဝိုင်းထဲမှာ ခေါ်ခဲ့ရမယ်”ဟု ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်ခွင့်ရရေး မဆိုင်းဇင်က ဆွေးနွေးခဲ့သည်။ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်စေပြီး ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု များအတွက် တရားမျှတမှုပေးရန်၊ စစ်တပ်အား အရပ်သားအုပ်ချုပ်မှုအောက် ထားရှိပြီး အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး အာမခံချက်အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်၊ အမျိုး သမီးများအား ကာကွယ်စောင့်ရှောက်ရေးအတွက် ပြည်တွင်း ဥပဒေများကို နိုင်ငံတကာ ဥပဒေစံချိန်စံညွှန်းများနှင့် တစ်ပြေးညီပြဋ္ဌာန်းပေးရန်နှင့် ထိရောက်သော တရားစီရင်ရေးနှင့် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ် ဆေးရေးအဖွဲ့၊ အမှန်တရား ဖော်ထုတ်ပေးသော ကော်မရှင်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ နိုင်ငံအဆင့် တရားစီရင်ရေးရုံးများ ဖွဲ့စည်းပေးရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ခွင့်နှင့် အတိတ်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တာဝန်ခံရန်ဟူ၍ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က မြန်မာအစိုးရသို့ အကြံပြုထားပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အမျိုးသမီးများပါဝင်ခွင့်နှင့် အတိတ်ကာလလူ့အခွင့်အရေး ချိုး ဖောက်မှုများအပေါ် အစိုးရ၏တာဝန်ခံမှုကို တောင်းဆိုပေးရန်၊တိုင်းရင်သား ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်တစ်ရပ်အနေဖြင့် စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုအောက်တွင်ထားရှိရန်နှင့် အမျိုးသမီးများ ကာကွယ်စောင့်ရှောက် မှုများ သေချာမှုရှိစေရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဆက်လက်တောင်းဆိုပေးရန် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တိုက် တွန်းထားပါသည်။
စစ်တပ်သည် အရပ်သားအုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအောက်မှာ ရှိရမည်ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၁ဝ ရက်ခန့်က ဖြစ်ပွားခဲ့သည့် ဧရာဝတီ သတင်းစာတွင် ဖော်ပြပါရှိသော မွန်ပြည်နယ်မှ ၁၃ နှစ်အရွယ် မိန်းကလေး တစ်ယောက် မုဒိမ်းကျင့်ခံရကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့က တင်ပြလာ သည်ကို သတင်းများက ရေးသားဖော်ပြကြသည့်အတွက် အဆိုပါနေရာသို့ စပ်တပ်ကအရာရှိများကို စေလွှတ်ခဲ့ခြင်းသည် အရပ်သားအုပ်ချုပ်ရေးရှိနေ သည့်နေရာတွင် အရပ်သားမုဒိမ်းကျင့်ခံရမှုတစ်ခုကို စစ်တပ်က သူ့ခြေ၊ သူ့လက်နှင့် အရေးယူစုံစမ်းမှု လုပ်ခြင်းသည် မသင့်လျော်ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။ အဆိုပါကိစ္စကို အရပ်သားတရား စီရင်ရေးကိုင်တွယ် ဖြေရှင်းသင့် ကြောင်းနှင့် နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်၏အခန်းကဏ္ဍကို စိန်ခေါ်သည့် ကိစ္စဖြစ်ကြောင်း ယင်းကပြောသည်။
ဝ၅၅

Leave a Reply

Your email address will not be published.