ပညာရေး ဆွေးနွေးပါရစေ

မနေ့က ဂျာနယ်တစ်စောင်မှာ ဆရာမတွေအဆင်ပြေဖို့ မူလတန်း၊ အလယ် တန်း၊ အထက်တန်းပြတွေအားလုံး လုပ်သက်အရ အဆင့်ကျော်ပြီး လစာခံစား ခွင့်ပြုထားပါတယ်ဆိုတဲ့ သတင်းလေးဖတ်လိုက်ရလို့ ဒီစာရေးဖြစ်တာပါ။
ကောင်းလိုက်တဲ့စိတ်ကူးများ သည်လိုစိတ်ကူးရတဲ့ပုဂ္ဂိုလ်များကို အထူးကျေး ဇူးတင်လေးစားထိုက်ပါတယ်။
ဘွဲမရလို့ အသက်သာကြီးပြီး လစာနည်းနေတဲ့ဆရာမများအတွက် အထူးပဲ ကောင်းမွန်တဲ့စီမံချက်ပါပဲ။ ဒီမိုကရေစီရဲ့အနှစ်သာရပေါ့။
မဆလခေတ်တုန်းက ကျွန်တော်တို့ကျောင်းက ဆရာတစ်ယောက်၊ ဆရာမ တစ်ယောက် အင်္ဂလန်ပညာတော်သင် ၂ နှစ်ပါသွားပါတယ်။ စိန်ပီတာနဲ့ အေဘီ အမ်ထွက်တွေဆိုတော့ အင်္ဂလိပ်စာအရေး၊ အဖတ်၊ အပြော အလွန်တော်ပါတယ်။ အစိုးရကျောင်းထွက်တွေက အရေး၊ အဖတ်တော်ဦးတော့ အပြောကတော့ သူတို့နဲ့ ယှဉ်လို့မရပါဘူး။
အတူနေတဲ့လူတွေ ပြောသံဆိုသံမှ မကြားရတာကိုး။ အဲဒီဆရာ၊ ဆရာမ ၂ ဦးလုံး အင်္ဂလန်မှာ နိုင်ငံပေါင်း ၁ဝဝ ကျော်ထဲမှာ ထိပ်ဆုံးက စာရင်းထဲပါ အောင် ထူးချွန်ကြပါတယ်။ M.A (UK) ဘွဲ့ရပြီး ဗမာပြည်ပြန်ရောက်တော့ ဆရာအတတ်သင်တွေမှာ လက် ထောက်ကထိကအဖြစ် ခန့်လိုက်ပါ တယ်။ အလကကျောင်းအုပ်နဲ့ အဆင့် တူပေါ့။ ဆရာအတတ်သင်ဆိုတာ စာသင်ရတာမဟုတ်ပါဘူး။ သင်နည်း ကိုသင်ရတာပါ။ ဆိုလိုတာက Lesson မဟုတ်ဘူး။ Method သင်ရတာပါ။ ဒီတော့ သူတို့ရဲ့ပညာဟာ အလကား ဖြစ်ရတော့တာပေါ့။ တကယ်ဆို ၁ဝ တန်း၊ ဒါမှမဟုတ် တက္ကသိုလ်အင်္ဂလိပ် စာဌာနမှာ တာဝန်ပေးရမှာမဟုတ်လား။ လစာကျတော့ တိုင်းအဆင့်ပေးသင့်တာ ပေါ့။ သူများနိုင်ငံတွေမှာ M.A (UK) ဆိုရင် တက္ကသိုလ်မှာ အနည်းဆုံးလက် ထောက်ကထိက ခန့်ပါတယ်။ ကျွန် တော်တို့နိုင်ငံကတော့ အနောက်အုပ်စု ဆိုရင် နှိမ်ပြီး ဘာအခွင့်အရေးမှ မပေး တဲ့သဘောပါ။
အဲဒီ ၂ ယောက်လည်း အလုပ် ထွက်ပြီး ဆရာက ထိုင်းပြောင်းသွား ပါတယ်။ဆရာမက ကျူရှင်(အင်္ဂလိပ် စကားပြောသင်တန်း)ဖွင့်စားပါတော့တယ်။ ပညာရေးဌာနမှာ ဘယ်လောက် နစ်နာလိုက်ပါသလဲ။ မဆလနဲ့ စစ်အစိုးရလက်ထက်မှာ ပြည်သူတွေ ဆုံးရှုံးနစ်နာ ရတာတွေ အများကြီးဆိုတာ လူတိုင်းသိပါတယ်။ အဲဒီအထဲက တန်ဖိုးအကြီးဆုံး ၂ ခုက အကျင့်စာရိတ္တနဲ့ ပညာရည်နိမ့်ကျခြင်းပါပဲ။
သက်ကြီးရွယ်အိုတွေ မှတ်မိကြမှာပါ။ ၁၉၇ဝ ဝန်းကျင်က ရမည်းသင်း အထကမှာ ကျောင်းသားတွေ ညနေအားကစားလေ့ကျင့်နေတုန်း နေ့တိုင်းနာရီ ပျောက်ကြပါတယ်။ နာရီတောင် အဲဒီတုန်းက တစ်လုံး ၅ဝဝ ကျော်တန် ‘စီကို ဖိုက်’မှ ပျောက်တာပါ။ ဒါနဲ့ သင်္ကာမကင်းဖြစ်ပြီး စောင့်ဖမ်းတော့ ကျောင်းက အထက်တန်းပြဆရာတစ်ဦးဖြစ်နေတာတွေ့ရပါတယ်တဲ့။ အဲဒီကိစ္စကို ရန်ကုန်၊ အခြေခံပညာဦးစီးဌာနက တရားဝင်စာထွက်ပြီး ဗကတစ်ပြည်လုံး သတိပေးခဲ့ ရပါတယ်။
တစ်ပြည်လုံးစာရိတ္တပျက်တော့ ကျောင်းဆရာလည်း ဘယ်လွတ်ပါတော့ မလဲ။ အရက်သမား၊ ဖဲသမား၊ စာရိတ္တပျက်ပြားသူတွေ ဒုနဲ့ဒေးပါ။ ကျောင်း၊ ရုံး၊ စာရေးတွေကရော၊ ဘာထူးမှာလဲ။ ပညာရေးမှူးတွေ မသိအောင် အပြောင်း အရွှေ့ကိစ္စ ပင်စင်စတဲ့ကိစ္စတွေမှာ ငွေမပေးရင် ဘာမှလုပ်မပေးပါဘူး။ တိုင်းပညာ ရေးမှူးက စက်ဘီးနဲ့ရုံးတက်ပြီး စီမံစာရေးက စူပါကပ်နဲ့ ရုံးတက်တာ မန္တလေး မြို့က ဆရာ/မတွေ သိကြမှာပါ။
အရည်အချင်းကရော-
ကျွန်တော်အလယ်တန်းပြဆရာ ဘဝက ရှစ်တန်းသင်္ချာ သင်ရပါတယ်။ ဘာလို့လဲဆိုတော့ အထက်တန်းပြဆရာ B.Sc က ရှစ်တန်း မသင်နိုင်လို့ပါ။
”ဆရာဆိုတာ ကျောင်းသားကြီး”ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ကျွန်တော် ကတော့ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာတွေ၊ ဘယ်သူ့ကိုမဆို မသိရင် မေးပြီး နားလည်အောင်သင်ပါတယ်။ စေတနာလည်းပါတော့ နှစ်စဉ် (အစိုး ရစစ်)ဂုဏ်ထူးသုံးလေးယောက် ထွက် ပါတယ်။
ပညာဆိုတာ တက္ကသိုလ်ဘွဲ့ရမှ မဟုတ်ပါဘူး။ လိုချင်ရင် အပြင်မှာ လည်းရတာပါပဲ။ တက္ကသိုလ်က ပေး တဲ့ဘွဲ့ကလည်း မေဂျာ(ဘာသာအရပ်) အလိုက် လေ့လာနိုင်တဲ့ အခြေခံအရည် အချင်းပေးလိုက်တာပါ။ ထူးချွန်ဖို့က ကိုယ့်အပေါ် မူတည်ပါတယ်။
ကျွန်တော်ဆိုရင် ရှစ်တန်းက ကျောင်းထွက်ပြီး ကျောင်းဆရာ ဖြစ် လာတာပါ။ H.S.F တက္ကသိုလ်ဝင် စာမေးပွဲတွေ အလုပ်လုပ်ရင်း အောင် မြင်ပြီး B.A,Dip.Ed လည်း အဆင့်ဆင့်အောင်မြင်ခဲ့ရတာပါ။ နှစ်အားဖြင့် ၁၉၅၆ ကနေ ၁၉၇၅ ထိဆိုပါတော့။
အလယ်တန်းပြဆရာဘဝမှာ ရှစ်တန်းသင်္ချာဂုဏ်ထူးရအောင်သင်ခဲ့သလို၊ အထက်တန်းပြဖြစ်တော့လည်း ၁ဝ တန်းပထဝီဘာသာမှာ ၁၂၄ ယောက် ဖြေတာ ၁၂ဝ အောင်ပါတယ်။ ၉၇% ကျော်ပါတယ်။ သိပ်ကိုပင်ပန်းခဲ့ပါ တယ်။ ဒါပေမဲ့ ဘာရာထူး၊ ဘာဆုမှ မရဘူးပါဘူး။ အသက် ၅၅၊ လုပ်သက် ၃၆ နှစ်နဲ့ ပင်စင်ယူခဲ့ပေမဲ့ သက်ပြည့် ယူတာမဟုတ်လို့ဆိုပြီး စုံညီပွဲတော် တောင် မပါပါဘူး။ ချီးမြှင့်သင့်တဲ့လူ ချီးမြှင့်တာဟာ မင်္ဂလာတရားပါ။ လက်ရှိနိုင်ငံ့ခေါင်းဆောင်များ စဉ်းစား စရာကိစ္စပါ။ ခေတ်အဆက်ဆက် ကျောင်းဆရာဆိုရင် လူရာမဝင်အောင် နှိမ်ခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ မွေး ထုတ်ပေးခဲ့တဲ့လူတွေဟာ အောက်ဆုံး ဝန်ထမ်းအဆင့်ရောက်နေတာ လူကြား လို့မှ မတော်ပါဘူး။
ဒါကြောင့်မို့ ရာထူး၊ လစာ၊ ဂုဏ်သိက္ခာ၊ လူနေမှုအဆင့်အတန်း မြှင့်နိုင် အောင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပါရစေ။
”ရွှင်လန်းချမ်းမြေ့ကြပါစေ”
ကောင်းငြိမ်းသော်

Leave a Reply

Your email address will not be published. Required fields are marked *