အကြမ်းဖက်မှုအကြောင်း အသိပညာနည်းပါး အမျိုးသမီးများကိုယ်တိုင်က အမျိုးသမီးအခွင့်အရေးကို မသိ

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ
ပြည်ကြီးခင်အဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများကွန်ရက် (National NGOs Network HIV/AIDS) တွင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသူ ဒေါ်နွယ်ဇင်ဝင်းက အကြမ်းဖက်မှုလျော့ကျရေး ကြိုးပမ်း ချက်များ၊ အုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသမီးပိုမိုပါဝင်လာရေးနှင့် စပ်လျဉ်း ၍ ပဲ့တင်သံဂျာနယ်ကို ပြောသည်။
ဒေါ်နွယ်ဇင်ဝင်းသည် လူမှုရေးလုပ်ငန်းဆောင်ရွက်ရင်း ကျား/မခွဲခြား မှုများ၊ အကြမ်းဖက်မှုများ အများအပြားကြုံတွေ့နေရသော်လည်း ထိုကဲ့သို့ ဖြစ်ပွားနေမှုကို ပြည်သူလူထုက မသိရှိကြသည့်အပြင် အိမ်တွင်းအကြမ်း ဖက်မှု ကြုံတွေ့နေရသည့် အမျိုးသမီးများကိုယ်တိုင်က မိမိအကြမ်းဖက် ခံနေရခြင်းကို မသိကြဟုဆိုသည်။ ဇနီးကို ခင်ပွန်းက ရိုက်နှက်ခြင်း သည် ငယ်စဉ်ကလေးဘဝကစ၍ ဘဝတစ်လျှောက်လုံး ယဉ်ကျေးမှု တစ်ရပ်အနေနှင့် မြင်တွေ့ခဲ့သည်။ ယင်းသို့အိမ်တွင်းအကြမ်းဖက်မှုများ မှာ မြို့နယ်များ၊ ကျေးလက်များတွင် အများအပြားဖြစ်ပွားနေကာ အမျိုး သမီးများကိုယ်၌က အမျိုးသမီးအခွင့်အရေးကို မသိကြကြောင်း ဒေါ်နွယ် ဇင်ဝင်းက ပြောသည်။
ပြည်ကြီးခင်အဖွဲ့သည် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးကို ၂ဝ၁၃ မှစတင်၍ ရှမ်းပြည်နယ်တွင် ပင်းတယ၊ အောင်ပန်း၊ ဟိုပုန်း စသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်လည်းကောင်း၊ ပုသိမ်၊ မြင်းခြံစသည့်မြို့များတွင်လည်းကောင်း ပညာပေးလုပ်ငန်းဆောင်ရွက်လျက် ရှိပြီး အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့လာရလျှင် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အစည်းများဆီ ပို့ပေးသည့်အပြင် လိုအပ်သည်များကို ဆက်လက်ဖြည့်ဆည်းပေးသည်။ လူမှုဝန်ထမ်းဝန်ကြီး ဌာနက အိမ်တွင်းအကြမ်းဖက်မှုနှင့် အမျိုးသမီးများအားအကြမ်းဖက်မှုမှ ကာကွယ်ရေးလုပ်ငန်းများ အဓိကထားဆောင်ရွက်ရာတွင်လည်း ပြည်ကြီး ခင်က ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကိုလည်း တင်ပြရန် စီစဉ်နေလျက်ရှိသည်။ အိမ်တွင်းအကြမ်းဖက်မှုကြုံတွေ့ရလျှင် တရားဥပဒေ လမ်းကြောင်းအရ ဆောင်ရွက်ရာ၌ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာတို့၏ အကူအညီကိုယူကာ သက်ဆိုင်ရာဒေသ၏ အာဏာပိုင်နှင့် ချိတ်ဆက် ဆောင်ရွက်သည်။ အဆိုပါစီမံချက်ကို ၂ဝ၁၃ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့ခြင်း ဖြစ်သည်။
”မြန်မာအမျိုးသမီး တစ်ဦးချင်းစီရဲ့ ဘဝမြင့်မားလာဖို့အတွက်လည်း အဓိကလိုအပ်တာက နိုင်ငံတော်အနေနဲ့ ကျောင်းတွေကစပြီး အမျိုးသမီး/ အမျိုးသား မတူညီမှု၊ ကွာဟချက်တွေကနေအစပြုပြီး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ပဲ။ ဒါမှ တစ်နိုင်ငံလုံး ကျောင်း တွေကစပြီး ကျား/မအခြေပြုအကြမ်းဖက်မှုဖြစ်နေတာတွေနဲ့ ယဉ်ကျေးမှု ကြောင့် ကျား/မ ခွဲခြားမှုတွေ ဖြစ်နေတာတွေက နောက်လာမယ့် မျိုးဆက် တွေမှာ တဖြည်းဖြည်းပြောင်းလဲသွားပြီး အမျိုးသမီးအခွင့်အရေး ပိုမိုရရှိပြီး မြန်မာအမျိုးသမီးတွေရဲ့ လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားလာမှာ”ဟု ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။
”မြန်မာအမျိုးသမီးတွေဟာ အုပ်ချုပ်ရေးကဏ္ဍတွေမှာ မရှိသလောက် နည်းပါးတယ်။ ဥပမာ-ရပ်ကွက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုရင် တစ်ယောက်ပဲရှိတယ်။ တစ်ခါတလေမှာ ဝင်ပြီးတော့ ပြိုင်ပါလားလို့ တိုက် တွန်းတော့လည်း အမျိုးသမီးတော်တော်များများဟာ လွန်ခဲ့တဲ့နှစ်တော်တော် များများကတည်းက နိုင်ငံရေးဆိုလည်း မလုပ်ရဘူးလို့ နားလည်ထားတယ်။ နိုင်ငံရေးလုပ်ရင် အန္တရာယ်များတယ်ဆိုပြီး ဝင်လုပ်ရမှာ ကြောက်တယ်။ အခုလုပ်ချင်လည်း လုပ်လို့ရတယ်ဆိုပေမယ့် အမျိုးသမီးတွေ ကိုယ်တိုင်က ဓလေ့ထုံးတမ်းအစဉ်အလာအရရယ်၊ နှစ်ပေါင်းခြောက်ဆယ်လုံး လုပ်ခွင့် မရတာကြောင့် အတွေ့အကြုံမရှိဘူးဆိုတာရယ်ကြောင့် ရပ်ကျေးအုပ်ချုပ် ရေးကဏ္ဍထဲ မဝင်ရဲကြဘူး။ ရွာမှာလည်း အမျိုးသမီးကျေးရွာအုပ်ချုပ် ရေးမှူး လုပ်ချင်တဲ့သူ တော်တော်ရှားတယ်။ ကျေးရွာအဆင့်၊ မြို့နယ် အဆင့်ကစပြီးတော့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့အတွက် ပညာပေး တာတွေ၊ ဟောပြောပွဲတွေ အမျိုးသမီးတွေသိလာအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်”ဟု အုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်ရေးနှင့် စပ်လျဉ်း၍ ဒေါ်နွယ်ဇင်ဝင်းက ပညာပေးလုပ်ငန်းများ လိုအပ်ကြောင်း ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် နိုင်ငံသားတိုင်းသည် တူညီသည့် အခွင့်အရေးရရမည်ဟု ဆိုထားသော် လည်း လက်တွေ့တွင် ကျား/မ ခွဲခြားမှုများရှိနေသည်ဟု ၄င်းက ဆို သည်။ မြန်မာအမျိုးသမီးတစ်ဦး ချင်းစီ၏ ဘဝမြင့်မားလာရန် အဓိကလိုအပ်ချက်ဖြစ်သော စာသင်ကျောင်း များမှစ၍ ကျား/မ မတူညီမှု၊ ကွာဟချက်၌ အကြမ်းဖက်မှု ပညာပေး လုပ်ငန်းကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့်လုပ်မှသာ ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့်၊ ခွဲခြားမှုများသည် နောင်လာမည့် မျိုးဆက်များတွင် တဖြည်းဖြည်း ပြောင်းလဲသွားကာ အမျိုးသမီးအခွင့်အရေး ပိုမိုရရှိပြီး မြန်မာ အမျိုးသမီးများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာမည်ဖြစ်သည် ဟု ယူဆကြောင်း ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။
”အခုအချိန်မှာ မြန်မာအမျိုးသမီးတွေဟာ ပြောလို့ဆိုလို့ရနေတာပဲ။ ဒီရန်ကုန်မှာဆိုရင် အရပ်ဘက်လူမှုအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားအဖွဲ့ အစည်းမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ ပြောနိုင်ဆိုနိုင်ကြတယ်။ ဒါကို ကြည့်ပြီး မြန်မာအမျိုးသမီးတွေဟာ တော်တော်နေရာရတာပဲလို့ ဆုံးဖြတ်ရင် မှားတယ်။ တကယ်တမ်း မြန်မာနိုင်ငံရဲ့ လူဦးရေတစ်ဝက်ကျော် သန်းသုံး ဆယ်ကျော်က အမျိုးသမီးတွေဖြစ်နေတယ်။ ပြောနိုင်၊ ဆိုနိုင်တဲ့ အမျိုး သမီးက နည်းနည်းပဲရှိတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် ဟိုး ကျေးရွာ၊ ရပ်ကွက်တွေမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ မြန်မာအမျိုးသမီးတွေဟာ ဆုံးဖြတ်တဲ့အခန်းကဏ္ဍမှာ ဒီထက်ပိုပြီး ပါဝင်လာ ဖို့အတွက် အများကြီးကို လိုသေးတယ်”ဟု ဆုံးဖြတ်ချက်ချသည့် အခန်း ကဏ္ဍတွင် မြန်မာအမျိုးသမီးများ ပိုမိုလိုအပ်လျက်ရှိကြောင်း ပြောသည်။
ဝ၅၅

Leave a Reply

Your email address will not be published.