တက္ကသိုလ်ဝင် စာမေးပွဲကြီးနီးပြီ

ဘဝ၏ အရေးပါသောအချိုးအကွေ့ဟု ပြောဆိုလေ့ရှိသော တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရန်မှာ နှစ်လခန့်သာ လိုတော့သည်။ ထို့ကြောင့် လူငယ် အသံအဖြစ် ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်သော မောင်မင်းခန့် သောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။ ပထမဦးစွာ စာမေးပွဲကို အခက်အခဲမရှိ ဝင်ရောက်ဖြေဆိုရန် ကျောင်းသားတစ်ဦးအနေဖြင့် မည်သို့ ကြိုတင်ကြိုးစား ပြင်ဆင်ထားကြောင်း မေးမြန်းသည်ကို ”စာမေးပွဲက နီးလာတော့ အရင်ကထက် စာပိုကြည့်ဖြစ်တယ်။ တစ်နေ့ကို လေးနာရီ လောက် စာကြည့်ဖြစ်ပါတယ်။ ဘာသာစုံမျှမျှတ ကြည့်နိုင်အောင် ကြိုးစားရပါတယ်။ ကျက်စာ ဘာသာတွေရော၊ တွက်စာတွေပါ အစုံ ကြည့်ရလုပ်ရပါတယ်။ သင်္ချာ၊ ဓာတု၊ ရူပလို တွက်စာတွေတော့ ပို အားသန်ပါတယ်။ ဇီဝဗေဒကိုတော့ စာကျက်ပျင်းတာကြောင့် အားနည်းပါတယ်” ဟူ၍ ရယ်မောရင်းပြောပြခဲ့ပါသည်။
ကျောင်းစာအပြင် အခြားစိတ်ဝင်စားသည့် အကြောင်းအရာများကို ပြောပြပေးပါရန် မေးမြန်းသည်ကို သီချင်းနားထောင်ခြင်း၊ ဘောလုံးကန် ခြင်းတို့တွင် စိတ်ဝင်စားကြောင်းဖြင့် ပြောကြားသည်။ ထို့အပြင် ဆယ်တန်းအောင်မြင်ပြီးနောက် မည်သည့်တက္ကသိုလ်တက်ရောက်ချင်ပါသလဲ ဟု မေးမြန်းသည်ကို ”ဆယ်တန်းစာမေးပွဲမှာ အမှတ်ပေါင်း လေးရာ့ ငါးဆယ်နဲ့ လေးရာ့ခုနစ်ဆယ် ကြားတော့ ရလိမ့်မယ်လို့ မှန်းထားပါ တယ်။ တက်ချင်တဲ့ တက္ကသိုလ်ကတော့ နိုင်ငံခြားဘာသာတက္ကသိုလ် (UFL)၊ ပြီးတော့ စက်မှုတက္ကသိုလ်လည်း စိတ်ဝင်စား ပါတယ်။ တစ်ခုခု တော့ တက်နိုင် အောင် ကြိုးစားရမှာ ပါ” ဟု ပြောသည်။စက်မှုတက္ကသိုလ်ကို ဘာကြောင့် တက် ရောက် သင်ယူချင် ကြောင်း မေးမြန်း သည်ကို ”ထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ပါတယ်။ ပြီးတော့ ဟိုတုန်းက စက်မှုတက္ကသိုလ်ရဲ့ သမိုင်းရယ်၊ တက်ခဲ့ကြတဲ့ ကျောင်းသားတွေရယ်ကို အားကျမိလို့ပါ”ဟု သွက်လက်စွာဖြေကြားခဲ့သည်။ ပတ်ဝန်းကျင်ရှိ သက်တူရွယ်တူလူငယ်များ၏ ဖြတ်သန်းနေထိုင် မှုများနှင့်ပတ်သက်၍လည်း ”တချို့ကတော့ စာကျက်စာဖတ်၊ ကျောင်းစာမှာ တအားကြိုးစား ကြပါတယ်။ တချို့ကတော့ စာမကြိုးစားကြဘူး။ အမျိုးမျိုးပေါ့။ မိသားစု စီးပွားရေးအခြေအနေမကောင်းလို့ ကျူရှင်မတက်၊ စာမေးပွဲလည်း မဖြေဖြစ်တော့တဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်”ဟူ၍ ပြောပြခဲ့ပါ သည်။ ထို့အပြင် လူငယ်တစ်ဦးအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိရာ တစ်ခုခုဖြင့် သုံးစွဲသင့်ကြောင်း ခံယူထားပါသည်ဟု ၄င်းက ဖြည့်စွက် ပြောခဲ့ပါသည်။
ဝ၃၉

Leave a Reply

Your email address will not be published. Required fields are marked *