ဒို့လည်းလိုက်မယ် ချန်မထားနဲ့

ဂျာနယ်တွေမှာ ဖွဲ့စည်းပုံပြင်မှာလား၊ အသစ်ရေးမှာလား ပြည်သူ့ဆန္ဒ ကောက်ယူမည်ဆိုတဲ့ သတင်းကြားသိရတော့ မြစ်ဆုံရေကာတာကိစ္စတုန်းက အကြောင်းကို သတိရမိတော့သည်။ မြစ်ဆုံရေကာတာဆောက်မှာ ကန့်ကွက် ကြောင်း လူထုဆန္ဒလက်မှတ်တွေ ကောက်ယူတော့အသိတစ်ယောက်က ဒီကန့် ကွက်တဲ့အထဲ ငါမပါဘူးတဲ့။ ဒါဆိုရင် ထောက်ခံတာလားဆိုတော့၊ မဟုတ်ဘူး။ လက်မှတ်ထိုးတဲ့အထဲ ငါမပါတာကို ပြောတာတဲ့။ သူက လက်မှတ်ထိုးချင်လျက် နဲ့ ဘယ်သွားထိုးရမှန်းမသိ ဖြစ်နေသည်။ ဦးဆောင်လုပ်ဖို့ကျတော့ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေမှ လုပ်ခွင့်ရှိတာလားဆိုတာ သာမန်ပြည်သူ တွေအနေဖြင့် နားမလည်ကြပါ။ နားလည်သူတွေ ဦးဆောင်တဲ့ပွဲကလည်း ရန် ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာဆိုတော့ စရိတ်ကအစ သွားလာဖို့အရေး နယ်က လူတွေအဖို့ ခက်ခဲလှသည်။ ဂျာနယ်တွေမှာ လူထုအသိပေးကြော်ငြာအများစုက UMFCCI , MICT, ဘယ်ဟိုတယ်၊ ဘယ်ခန်းမဆိုတာပဲ လိပ်စာအတိအကျမပါ တော့ စာတိုက်ကိုလည်း သုံးမရပါ။ ဒါကြောင့် သာမန်ပြည်သူတွေက ပြည်သူတွေ ရဲ့အားကို လိုအပ်ပါတယ်ဆို၍ ပေးချင်ပါသော်လည်း ဦးဆောင်သူတွေနှင့် အလှမ်း ကွာလှ၍ ဦးဆောင်သူတွေက သာမန်ပြည်သူတွေ လက်လှမ်းမီရာ လက်တစ်ကမ်း အကွာကို ရောက်ရှိလာနိုင်လျှင် ကောင်းမည်ဟု စဉ်းစားမိသည်။
နိုင်ငံရေး၊ လူမှုရေးတွေမှာ ရှေ့ဆောင်ရှေ့ရွက်ပြုသူတွေသည် တိုင်းပြည် အတွက် ကောင်းနိုးရာရာ စဉ်းစားကြံဆပြီး စိတ်ကူးတွေကို အတတ်နိုင်ဆုံး ကြိုးစားပုံဖော်ဖို့ ဆွေးနွေးပွဲတွေ အသီးသီးလုပ်ဆောင်နေကြသည်ကို သတင်းတွေ မှာ တွေ့ရသည်။ သို့သော် ဆွေးနွေးပွဲတွေသည် ဖိတ်မန္တကပြုထားခံရသည့်အဖွဲ့ အချင်းချင်းပဲ တက်ရောက်ဆွေးနွေးကြသည့်ပွဲဟု နားလည်မိသည်။ ပြည်သူတွေက သတင်းထဲပါမှ သိခွင့်ရကြသည်။ ဒါကြောင့် ဆွေးနွေးပွဲတွေသည် ငါတို့တွေပဲ ကောင်းသလို ကြည့်စီမံမယ်ဆိုသလို ဖြစ်နေသည်။ ပြည်သူတွေ ပါဝင်မှဆိုတဲ့ စကား သမ္မတကအစ အားလုံးနီးပါး ပြောကြသော်လည်း တကယ်တမ်း ပြည်သူ တွေ ပါဝင်ချင်သည့်အခါ ဘယ်လိုပါဝင်ကြရမည်လဲ။
ဒီမိုကရေစီအရွေ့မှာ လူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့လိုတယ်ဆိုတဲ့ အတိုင်း ခေါင်းစဉ်မျိုးစုံနဲ့ အဖွဲ့အစည်း မျိုးစုံ ပေါ်ပေါက်လာကြသည်။ ထိုအဖွဲ့ အစည်းပေါင်းစုံတို့သည် ပြည်သူတွေနဲ့ အကျွမ်းတဝင်မရှိကြ၍ ပြည်သူတွေက ၈၈ လို တချို့သောအဖွဲ့အနည်းငယ်မှ လွဲ၍ ကျန်အဖွဲ့မျိုးစုံတို့၏ အမည်နာမ ကိုပင် မသိရှိကြပါ။ ပြည်သူတွေ အတွက် ဆိုသော်ငြားလည်း ပြည်သူ အားလုံးကို ကိုယ်စားမပြုဘဲ ပြည်သူ တွေနှင့် သပ်သပ်စီဖြစ်နေသည်။ ထို့သို့ ဖြစ်ရခြင်းမှာ ရှိသမျှ ခွန်အားလေးနဲ့ ရပ်တည်နေရခြင်းကြောင့်လား၊ အဖွဲ့ အစည်း ဖွဲ့စည်းခြင်းဆိုင်ရာမှတ်ပုံတင် ခြင်းနဲ့ ပတ်သက်နေသလား၊ မီဒီယာ တွေရဲ့အားနည်းချက်ပေလား၊ ဘာ ကြောင့်လဲ။ မီဒီယာတွေကလည်း အဖွဲ့ တွေရဲ့ လုပ်ဆောင်ချက်တွေကို သတင်းပေးရုံသာမဟုတ်ဘဲ လုပ်ဆောင်ချက်တွေ မစခင်ကတည်းက အဖွဲ့အစည်းတွေရဲ့ ခေါင်းစဉ်နှင့်လုပ်ဆောင်ချက်၊ ဦးဆောင်သူ ရုံးခန်းလိပ်စာတွေကို ပြည်သူတွေနှင့် မိတ်ဆက်ပေးသင့်သည်။ သို့မှသာ စိတ် ပါဝင်စားသူက မိမိနှင့်ဆန္ဒကိုက်ညီမှုရှိသော အဖွဲ့နှင့် ချိတ်ဆက်နိုင်မှာဖြစ်သည်။ ကြိုတင်မိတ်ဆက်မထားဘဲ ဘယ်အဖွဲ့ ဘယ်မှာဘာလုပ်သည်ဆိုပြီး လုပ်ဆောင်ပြီး မှ သိရခြင်းသည် ပြည်သူတွေပူးပေါင်းပါဝင်ဖို့ အခွင့်အလမ်းနည်းရခြင်းအကြောင်း ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူတွေဘက်ကလည်းဘယ်နေရာမှာ ဘာဖြစ်တယ်။ ဘယ်သူတွေဘာပြောတယ်၊ ဘာလုပ်တယ်ဆိုတဲ့ သတင်းစကားပြောရုံသာ ရှိတော့ သည်။ ပြည်သူတွေဘက်က ပူးပေါင်းပါဝင်ဖို့ ဘာသိဘာသာဖြစ်နေရခြင်းလည်း ဖြစ်သည်။
ဒါကြောင့် နိုင်ငံရေးတတ်သိနားလည်သူတွေ ပြည်သူတွေကောင်းကျိုး အတွက် ရှေ့ဆောင်ရှေ့ရွက်ပြုနေကြသော်လည်း ရှေ့သို့သွားရင်း သွားရင်း ပြည်သူ တွေက နောက်မှာ ကျန်ခဲ့လေသလား စဉ်းစားမိသည်။ ခက်ခဲကြမ်းတမ်းသော ကာလတွေက လူတစ်သိန်း တစ်ယောက်နှုန်းလောက်မှ ယခုအခါလူတစ်ထောင် တစ်ယောက်နှုန်းလောက် လူထုရှေ့သို့ ထွက်လာနိုင်ကြသော်လည်း ဒီလိုရှေ့ထွက် လာသောအုပ်စုအချင်းချင်းပဲ အချိတ်အဆက်ရပြီး လူထုကြားက ရှေ့ထွက်လာသူ တွေသည် နောက်မှာကျန်ခဲ့သည့်လူထုနှင့်တော့ အဆက်ပြတ်နေသည်ဟု ခံစားမိ သည်။ ဒီလိုသာ အဆက်အသွယ်ပြတ်နေသည့်အတွက်ကြောင့် လူထုတစ်ရပ်လုံး အတွက် လုပ်နေတာမှန်သော်လည်း လူထုတစ်ရပ်လုံးအားကို အပြည့်အဝမရရှိခြင်း ဖြစ်သည်။ အဆက်အသွယ်သာ မပြတ်ခဲ့လျှင် လက်မှတ်တွေ ပြည်သူတွေထံမှ လိုချင်သည့်အခါ ဟောရဖို့ရှိသည်။
အဖွဲ့အစည်းအသီးသီးမှာ ကောင်းမွန်သည့် ရည်ရွယ်ချက်တွေဖြင့် ထိပ်ပိုင်းမှာ ပဲ အလှိုင်သားလှုပ်ရှားနေကြသည်ကို တွေ့ရသည်။ ထိပ်ပိုင်းမှ အောက်ခြေဆီသို့ အဖွဲ့အစည်းတွေ ဖွဲ့ပေးနိုင်ရုံမျှဖြင့် ဆွေးနွေးခန်းမှ ရည်ရွယ်ချက်တွေ၊ ရည်မှန်း ချက်တွေ အောက်ခြေထိရောက်သည် ဟု မဆိုနိုင်။ အောက်ခြေအဖွဲ့တွေသည် ဘာနေ့၊ ဘာအခမ်းအနား စသည့် လှုပ် ရှားမှုတွေတော့ ရှိကြမည် အမှန်။ သို့ သော် လူထုကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာအောင် အသိပေးလုပ်ဆောင် နိုင်ခြင်းမရှိ၍ လူထုက ဘယ်အဖွဲ့ ဘာ လုပ်နေမှန်းမသိကြသည်က များသည်။ (ထိပ်ပိုင်းလှုပ်ရှားမှုတွေကိုတော့ မီဒီ ယာကြောင့် ပြည်သူတွေ သိရခြင်းဖြစ် သည်) ဒါကြောင့် ပြည်သူတွေနှင့် အဆက်ပြတ်နေခြင်းဖြစ်သည်။ ပြည်သူ တွေနှင့် အနီးဆုံးမှာနေရသည့် အဖွဲ့ အသီးသီးရဲ့ အောက်ခြေအဖွဲ့တွေသည် အလိုရှိမှ ပြည်သူတွေကို မျက်နှာသွား ပြတာထက် ကျန်တဲ့အချိန်တွေမှာလည်း ပြည်သူတွေနှင့် ရင်းနှီးအောင်နေသင့် ပါသည်။ (ငါတို့က တိုင်းပြည်အတွက် လုပ်နေတာဆိုပြီး မာန်တက်တဲ့စိတ်၊ ဘဝင်မျက်နှာဖြင့် ပြည်သူတွေကို အဖက်မတန်သလိုမဆက်ဆံသင့်ပါ။) ကိုယ်အလိုရှိတုန်းက ပြည်သူတွေကို ပြတဲ့မျက်နှာမျိုးနဲ့ ဆက်ဆံသင့်ပါ သည်။ ဒါမှသာ အဖွဲ့အောက်ခြေပိုင်း နှင့် ပြည်သူတစ်သားတည်းဖြစ် လာနိုင် မှာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက အစိုးရအဖွဲ့ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီဖြစ် ဖြစ်၊ လူမှုရေးအဖွဲ့အစည်းတွေဖြစ်ဖြစ် ထိုထိုအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက် တွေသည် အစည်းအဝေးခန်းမထဲမှ မထွက်သရွေ့၊ ပြည်သူတွေကလည်း ငါတို့နှင့်မဆိုင်ဟု မှတ်နေ သေးသရွေ့ ဒီမိုကရေစီပန်းတိုင်သည် အလှမ်းဝေး နေဦးမှာဖြစ်သည်။ အလှမ်းမဝေး အောင် မည်သို့လုပ်ကြမည်လဲ။
ပြည်သူတွေနဲ့အဆက်မပြတ်နေ သည်ဟု အထက်မှာဆိုခဲ့လေတော့ မီး ဘေး၊ ရေဘေး၊ ပဋိပက္ခအရေး၊ အလုပ် သမားအရေး၊ လယ်သမားအရေးတွေ မှာ ပြည်သူတွေနှင့် မကင်းကွာဘဲ တစ် သားတည်းဟု စောဒကတက်နိုင်သော် လည်း ကျွန်မပြောတဲ့ ပြည်သူဆိုတာ လှူတဲ့အထဲလည်းမပါ၊ ကူတဲ့အထဲ လည်း မပါ၊ ယူတဲ့အထဲလည်း မပါတဲ့ ပြည်သူတွေကို ဆိုလိုတာဖြစ်သည်။
အမိအရဆုပ်ကိုင်နိုင်ဖို့ဆိုလျှင် အရေးပေါ်ကိစ္စမဖြစ်သေးသော သန်း ၃ဝ သောပြည်သူတွေရဲ့ အရေးကိစ္စတွေ ကို အလေးထားအရေးစိုက်မှဖြစ်မည်။ သို့မှသာ နိုင်ငံရေးတော့ စိတ်ဝင်စား ပါတယ်။ နိုင်ငံရေးတော့ မလုပ်နိုင်ပါ ဘူးဆိုတဲ့သူတွေရဲ့ စုပေါင်းအားဖြင့် အရေးကိစ္စပေါ်လာသည်များကို ဖြေ ရှင်းနိုင်မှာ ဖြစ်သည်။
နိဂုံးချုပ်ဆိုရသော် နိုင်ငံရေး အဖြာဖြာကို ဆွေးနွေးညှိနှိုင်းဝေဖန် ထောက်ရှုခြင်းသည် ပညာရှင်များ၊ နိုင်ငံရေးတတ်သိနားလည်ကျွမ်းကျင်သူများ ၏ အရာသာဖြစ်ပါသည်။ ကျွန်မလုပ် နိုင်သောအရာမဟုတ်ပါ။ အထက်နှင့် အောက် အဟကွာနေသည်များကို ထောက်ပြလိုခြင်းသာဖြစ်သည်။ အချိန်၊ ငွေကြေး၊ လူ့စွမ်းအားတွေ ရင်းနှီးစိုက် ထုတ်ပြီး ဆည်တွေ တည်ဆောက်သော်လည်း လယ်ထဲ ရေမရောက်သကဲ့သို့ ဖြစ်မှာစိုး၍ရေးသားရခြင်းဖြစ်ပါသည်။
ပြည်သူတစ်ဦး

Leave a Reply

Your email address will not be published. Required fields are marked *