ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ ခန့်အပ်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စစ်ဘက် ဆိုင်ရာ အရာရှိ ၆၁ ဦးကိုခန့်အပ်လိုက်ခြင်းကြောင့် ရွေးကောက်ပွဲကော်မ ရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သီးခြားလွတ်လပ်သောအဖွဲ့ အစည်းဖြစ်ရမည်ဟူသော အချက်နှင့် လွဲချော်မှုရှိသွားနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါက် တာဇော်မြင့်မောင်က ပဲ့တင်သံဂျာနယ်သို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သောအဖွဲ့ အစည်းဖြစ်မည်ဆိုလျှင် နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းကို သဘောမကျဘဲ ပြည်ထောင်စုလွှတ်တော်ကသာ ရွေးချယ်တင်မြှောက် သင့်ကြောင်း၊ လွတ်လပ်သော အဖွဲ့အစည်းရှုထောင့်က ကြည့်မည်ဆိုပါက ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာအရာရှိ ၆၁ ဦးခန့်အပ်ခြင်းသည် သဘာဝ မကျကြောင်း သူက ပြောသည်။
”အခုချိန်မှာ သမ္မတက ခန့်တဲ့ရွေးကောက်ပွဲကော်မရှင် ဖြစ်နေ သေးတယ်။ ဒီနေရာမှာ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ ထပ်ခန့်လိုက်တဲ့ အခါကျတော့ တရားမျှတမှုနဲ့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် နည်းနည်းလေးမေးခွန်းထုတ်စရာများရှိလာမလား မသိဘူး။ ကျွန်တော် တို့ကတော့ လွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်စေချင်တယ်”ဟု သူ၏အမြင် ကို ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အတွင်းရေးမှူးဖြစ်သူ စိုင်းညွန့်လွင်က ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ် လပ်သောအဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ကော်မရှင်းရုံးများတွင် အရပ် ဘက်ဆိုင်ရာ တတ်သိနားလည်သူများကိုခန့်အပ်ပါက ပိုမိုကောင်းမွန်မည် ဟု ထင်မြင်မိကြောင်း မှတ်ချက်ပေးသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဗဟိုကော်မတီဝင် ဦးဝင်းဦးက ရွေးကောက်ပွဲကော်မ ရှင်အနေဖြင့် ရွေးကောက်ပွဲကာလတွင် တစ်နိုင်ငံလုံးဖြန့်ကြက်ပြီး ကြီး ကြပ်လုပ်ကိုင်ရမည့်ကိစ္စရပ်များအတွက် အဆင်ပြေစေရန် တပ်မတော် သားများကို ခေတ္တခဏ ခန့်အပ်ခြင်းဖြစ်သည်ဟု ထင်မြင်မိကြောင်း ပဲ့တင်သံဂျာနယ်သို့ ပြောသည်။
ယင်းနှင့်စပ်လျဉ်း၍ သူက ”ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ခြားအချိန်တွေမှာထက် ရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာ တစ်နိုင်ငံလုံး အနှံ့ကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်းလုပ်မယ်ဆိုတဲ့အခါကျတော့ တော်တော်ကို အလုပ်များတယ်။ ဒီတော့ ဒါကိုအားဖြည့်ချင်လို့ ခဏခန့်တာဖြစ်မယ်။ ဒါပေမဲ့ ဒီကော်မရှင်မှာ ခန့်တယ်ဆိုတာက ရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာ ခဏပဲထင်တယ်။ တပ်မတော်က ၆၁ ယောက် ခန့်တယ်ဆိုရင် အရပ်သားဘက်ကလည်း တစ်ရာကျော်လောက် ခန့်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်ကျေးရွာတွေမှာ မဲရုံပေါင်းရာချီ ရှိတယ်လေ။ ဒီအတွက် ဖြစ်ပါလိမ့်မယ်။ တရားမျှတမှုမရှိတာတို့ကတော့ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးအဆင့် ရှိသူ ၅၈ ဦးကို လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးကို ဦးစီးအရာရှိများအဖြစ်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ခန့်အပ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ကြော်ငြာအမှတ် ၄၇/၂ဝ၁၃ အဖြစ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ဝ၁၁၊ ဝ၁၂

Leave a Reply

Your email address will not be published. Required fields are marked *