ကျန်းမာရေး၊ ပညာရေးနဲ့ တိုင်းပြည်ရှေ့ရေး

ကမ္ဘာ့နိုင်ငံတိုင်းမှာ ပညာရေး၊ ကျန်းမာရေးနဲ့တိုင်းပြည်ရှေ့ရေးတွေဟာ အမြဲတမ်းဆက်လက်ဒွန်တွဲနေပါတယ်။ ဖွံ့ဖြိုး တိုးတက်နေတဲ့နိုင်ငံတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအဆင့်အတန်းတွေဟာ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ နိုင်ငံတွေမှာထက် ပိုမို ကောင်းမွန်နေတာကို တွေ့ရပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေကောင်းတဲ့နိုင်ငံတွေမှာ အရည်အချင်းရှိပြီး ကျန်းမာတဲ့လုပ်သားထုရဲ့ လုပ်အားကြောင့် တိုင်းပြည်ပိုမိုတိုးတက်လာကြပါတယ်။
ကျန်းမာရေးလုပ်သားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပညာရေးနဲ့ ကျန်းမာရေးဟာ ဘယ်လိုမှခွဲခြားလို့မရပါဘူး။ ကျန်းမာရေးပညာတွေကို လေ့လာလက်တွေ့ အသုံးချလေလေ အခြေခံပညာရေးရဲ့ အဓိကကျမှုတွေကို ပိုမိုသိရလေလေပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့အခြေခံပညာရေးစနစ်မရှိရင် ထိရောက်တဲ့ကျန်းမာရေးစနစ် ဘယ်လိုမှမရှိနိုင်ပါဘူး။ သိပ္ပံပညာ၊ ဇီဝပညာတွေ ဘယ်လောက်တတ်တတ်၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ဒသနိက၊ ပထဝီနဲ့စာပေအနုပညာတွေကို ထိရောက်စွာ လေ့လာမထားရင် ဘက်စုံထူးချွန်တဲ့ ကျန်းမာရေးလုပ်သားကောင်းတစ်ယောက်ဖြစ်လာဖို့ အင်မတန် ခဲယဉ်းပါတယ်။
အာဖရိကနိုင်ငံတွေမှာ ကျန်းမာရေးစနစ်တိုးတက်အားကောင်းလာအောင် ကြိုးစားနေတဲ့ကဏ္ဍမှာ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဓာတ်ခွဲပညာတက္ကသိုလ်တွေသာမက အခြေခံပညာရေးစနစ်ကိုလဲ တိုးတက်လာအောင်ကြိုးစားနေ တာကိုတွေ့မြင်နေရပါတယ်။ အခြေခံပညာရေးစနစ် တိုးတက်လာလေလေ ကျန်းမာရေးတက္ကသိုလ်တွေမှာ ထိထိရောက် ရောက် ပညာသင်ကြားနိုင်လေလေ၊ တိုင်းပြည်ကျန်းမာရေးအကျိုးကို ပိုမိုထမ်းဆောင်နိုင်လေလေ ဖြစ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ကြပါတယ်။
ပြည်နယ်ပေါင်းစုံက ကျောင်းသူ/သားများကိုလဲ ကျန်းမာရေးတက္ကသိုလ်တွေကို တက်ရောက်ဖို့စိတ်ဝင်စားလာအောင် အရည်အချင်းရှိလာအောင် အခြေခံပညာရေးစနစ်ကစပြီး ပံ့ပိုးပြင်ဆင်ကြပါတယ်။ တစ်ချိန်ထဲမှာပဲ တိုင်းပြည်တိုးတက်ရေး အတွက် မရှိမဖြစ်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ပညာရေး၊ ဥပဒေ၊ စက်မှုလက်မှု၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ သတင်းစာ၊ စာပေအနုပညာ၊ ယဉ်ကျေးမှု၊ စွမ်းအင်၊ ကွန်ပျူတာ၊ ပတ်ဝန်းကျင်နဲ့ သယံဇာတ မှန်ကန်စွာအသုံးချ ထိန်းသိမ်းရေးအစရှိတဲ့ကဏ္ဍတွေကို လူငယ်ထုတွေ အခြေခံကျောင်းသူ/သား ဘဝကတည်းက စိတ်ဝင်စား လာအောင်ပံ့ပိုးပြင်ဆင်နေကြပါတယ်။ ဒါမှလဲ တိုင်းပြည်တိုးတက်ရေးဟာ ပိုမိုလက်တွေ့ကျပြီး ထိရောက်လာတယ်နိုင်လို့ မျှော်လင့်ယုံကြည်ကြပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့က တိုင်းပြည်တိုးတက်ရေးမှာ ပညာရေးနဲ့ ကျန်းမာရေးကို အဓိကဦးစားပေးကဏ္ဍတွေအဖြစ် မကြာခဏပြောကြားနေတာကို ဝမ်းသာစွာနဲ့ဖတ်နေကြားနေခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာကျန်းမာရေး၊ အဆင့်မြင့်ပညာရေး တို့ရဲ့ အရေးပါမှုကိုပိုမိုနားလည်လာတာနဲ့အမျှဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ ပညာရေးနဲ့ကျန်းမားရေးကို ဦးစားပေမှုတွေကို ပြည်သူလူထု အတွက်ဝမ်းသာမိပါတယ်။
တိုင်းပြည်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံခြားတက္ကသိုလ်တွေ၊ ပညာရှင်တွေကို မြန်မာနိုင်ငံရဲ့ပညာရေးနဲ့ကျန်းမာရေးစနစ် မြှင့်တင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ဖိတ်ခေါ်နေတာကိုလဲ ဝမ်းသာစွာနဲ့ကြိုဆိုမိပါတယ်။ ကိုယ့်ကို လူဖြစ်အောင် သွန်သင်ပညာပေးခဲ့တဲ့တိုင်းပြည်ကို တတပ်တအား ကျရာနေရာကနေ ကျေးဇူးပြန်ဆပ်ခွင့်ရနိုင်ဖို့ နှစ်ပေါင်းများစွာမျှော်လင့် တောင့်တကြိုးစားနေမိတဲ့ ပြည်ပနေမြန်မာနိုင်ငံသားဟောင်းတစ်ယောက် အနေနဲ့ဖော်ပြလို့မရအောင်လှိုက်လှဲစွာ စိတ်လှုပ်ရှား မိခဲ့ပါတယ်။
လိုအပ်မှုတွေများပြားလှတဲ့ အခုလိုအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ ပြည်ပအကူအညီရှာဖွေတာဟာလက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြည်ပတက္ကသိုလ်တွေ၊ ပညာရှင်တွေအနေနဲ့ ကူညီနိုင်တာတွေအများကြီး ရှိပါတယ်။ အဓိက ကူညီနိုင်တာကတော့ ပြည်တွင်းအနယ်နယ်အရပ်ရပ်က ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံတွေ၊ သင်ခန်းစာတွေနဲ့ ပညာရေး၊ ကျန်းမာရေးလုပ်သားတွေရဲ့အရည်အသွေးနဲ့ ထိရောက်စွာလုပ်ကိုင်နိုင်ခွင့်တွေကို မြှင့်တင်ရေးဖြစ်ပါတယ်။ ပြည် တွင်းမှာ အခြေအနေပေါင်းစုံကြားက နှစ်ပေါင်းများစွာပြည်သူ့အကျိုးကို ကျရာနေရာကနေသယ်ပိုးခဲ့တဲ့ ပညာရေးနဲ့ကျန်းမာ ရေးလုပ်သားတွေ (ပုဂ္ဂလိကရော အစိုးရဝန်ထမ်းပါ)ကို အသိအမှတ်ပြုစွာနဲ့ ပြည်သူ့အကျိုးကို ဘယ်လိုပိုမိုထိထိရောက် ရောက်လုပ်နိုင်ဖို့ နည်းလမ်းရှာသင့်ပါတယ်။
တိုင်းပြည်တိုးတက်ရေးမှာ ပြည်တွင်းက ပြည်သူပြည်သားတွေရဲ့ အတွေ့အကြုံ၊ အရည်အချင်းနဲ့ဒေသကျွမ်းကျင်မှုတွေဟာ အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ပြည်ပတက္ကသိုလ်တွေ၊ ပညာရှင်တွေရဲ့ကဏ္ဍဟာ ရေတိုရေရှည်စီမံကိန်းတွေမှာ အရေးပါပေမဲ့ ပြည်တွင်းက ပညာရေးနဲ့ကျန်းမာရေးလုပ်သားတွေဟာ မရှိမဖြစ်တဲ့လိုအပ်ချက်ပါပဲ။ ဒါကြောင့် တိုင်းပြည် တိုးတက်ရေးကြိုးပမ်းမှုမှာ ပြည်တွင်းက ပညာရေးနဲ့ကျန်းမာရေးလုပ်သားများရဲ့ အရည်အသွေးမြှင့်တင်ရေး၊ ထိုက်တန်တဲ့ လစာနဲ့ခံစားခွင့်ရရှိရေး၊ ထိုက်တန်တဲ့အသိအမှတ်ပြုခံရရေး၊ ပိုမိုထိရောက်စွာ လုပ်ကိုင်ပိုင်ခွင်နဲ့တိုးတက်ခွင့်ရရှိရေးတွေကို ဦးစားပေးသင့်ပါတယ်။
ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ အရည်အသွေး၊ စေတနာ၊ ကရုဏာ ပြည့်ဝပြီးအနစ်နာခံနေတဲ့ပညာရေးနဲ့ကျန်းမာရေး လုပ်သားများစွာ ရှိနေဆဲဖြစ်ပါတယ်။ တိုင်းပြည်ခေါင်းဆောင်များ၊ ပြည်သူ့ခေါင်းဆောင်များ၊ ပြည်ပတက္ကသိုလ်၊ ပညာရှင် များနဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများရဲ့ ထိရောက်ညီညွတ်တဲ့ ပံ့ပိုးကူညီမှုကြောင့် မြန်မာနိုင်ငံရဲ့ပညာရေးနဲ့ တိုင်းပြည် ရှေ့ရေးတွေဟာ နှစ်အနည်းငယ်အတွင်း တိုးတက်လာပြီး တိုင်းသူပြည်သားအားလုံးရဲ့ အကျိုးကိုထိရောက်စွာထမ်းဆောင် နိုင်ပါစေလို့ မျှော်လင့်ဆုတောင်းပါရစေ။ ဒေါက်တာမြတ်ထူးရာဇတ်
(ဒေါက်တာမြတ်ထူးရာဇတ်သည် အာရှနှင့်အာဖရိကအတွင်း HIV/AIDS ဆိုင်ရာသုတေသနလုပ်ငန်း၊ ကုသအကူအညီ ပေးခြင်းနှင့်ကျန်းမာရေး လုပ်သားများအရည်အချင်းမြှင့်တင်ပေးသော နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဆရာဝန်တစ်ဦးဖြစ်သည်။ ၂၀ဝ၉ မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးနှင့်ကျန်းမာရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး လုပ်ကိုင်လျက်ရှိပါသည်။)

Leave a Reply

Your email address will not be published.