ပုညဒါန ကုသိုလ်တော်အဖွဲ့

ပဲ့တင်သံဂျာနယ်၏ အုပ်တစ်ချပ် သဲတစ်ပွင့်ကဏ္ဍအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စိတ်တူကိုယ်တူ မိတ်ဆွေများဖြင့် ဖွဲ့စည်းထားပြီး အခြေခံပြည်သူ လူထုအတွက် လိုအပ်နေသော ကွက်လပ်ကလေးများကို ကိုယ်တတ်စွမ်းနိုင် သလောက် ဖြည့်ဆည်းပေးနေသည့် ပုညဒါန ကိုယ်ကျိုးမပါ ပရဟိတအဖွဲ့အစည်း အကြောင်း သွားရောက်မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။
ပုညဒါနအဖွဲ့ကို (၄/၂ဝ၁၂) တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ စိတ်တူကိုယ်တူ အဖွဲ့ဝင်တစ်ဦးလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် စတင်ခဲ့ပြီး ပထမလတွင် ၃၃ ဦး စုစည်းမိကာ ပထမအကြိမ်အဖြစ် ၂ဝ၁၂ မေလ ၁ ရက်(မေဒေးနေ့)တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ခရစ်ယာန်မိတ်သဟာယ မျက်မမြင်ကျောင်းသို့ အဖွဲ့ဝင် ၃၃ ဦးမှ ရရှိငွေ ၁၆၅ယဝဝဝ ကျပ်အား စတင်သွားရောက်လှူဒါန်းခဲ့ပါသည်။
”ကျွန်တော်တို့ ပုညဒါနအဖွဲ့က ဘာသာရေးအသင်းအဖွဲ့ မဟုတ်ပါဘူး၊ လူမျိုးဘာသာမရွေး လိုအပ်နေတဲ့ နေရာတွေမှာ တတ်နိုင်သလောက် ဖြည့် ဆည်းပေးမယ်ဆိုတဲ့စိတ်နဲ့ ဖွဲ့စည်းဖြစ်ခဲ့ တာပါ” ဆိုပြီး ပုညဒါန၏ဥက္ကဋ္ဌ ကဗျာဆရာ လင်းချစ်(တင်းတိမ်ရံ)က ပြောပြခဲ့ပါသည်။
ပုညဒါနအဖွဲ့အနေနှင့် စတင်ဖွဲ့စည်းခဲ့သည့် အစောပိုင်းကာလများတွင် မိဘမဲ့ပရဟိတဂေဟာများ၊ ဘုန်းတော်ကြီးသင် မိဘမဲ့စာသင်ကျောင်းများ၊ သီလရှင်မိဘမဲ့ပရဟိတဂေဟာကျောင်းများ၊ တိုင်းရင်းသားလူမျိုးများ ဖွင့်လှစ်ထား သည့် မိဘမဲ့ပြုစုစောင့်ရှောက်ရေးဂေဟာများသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
”ကျွန်တော်တို့အဖွဲ့က ငွေကြေးချမ်းသာတဲ့အဖွဲ့ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ချွေးနဲစာလေးတွေကို မဖြစ်မနေ လစဉ်စုစုပေါင်း လှူဒါန်းကြတာပါ။ လှူဒါန်း တဲ့နေရာမှာ ငွေသားချည်း လှူဒါန်းတာမျိုးရှိသလို၊ ကလေးတွေအတွက် တကယ် လိုအပ်တဲ့ပစ္စည်းအသုံးအဆောင်တွေကို ဝယ်ခြမ်းပြီး လှူဒါန်းတာမျိုးလည်း ရှိပါတယ်။ ဥပမာ- ကလေးတွေအတွက် လိုအပ်တဲ့၊ လွယ်အိတ်၊ ဗလာစာအုပ်၊ ကွန်ပါဘူး စတဲ့ ကျောင်းသုံးပစ္စည်းလိုမျိုး၊ နောက်ပြီး စာသင်ခုံ၊ မိုးတွင်းအတွက် ထီး၊ ဖိနပ်။ ကလေးတွေအတွက် စာရေး၊ သောက်ရေး အဆင်ပြေစေဖို့အတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး စတာတွေ လှူဒါန်းတာမျိုးလည်း ရှိပါတယ်” ဟု ပုညဒါနအဖွဲ့ဝင်တစ်ဦးက ပြောပြပါသည်။
ပုညဒါနအဖွဲ့အနေနှင့် မိဘမဲ့ဂေဟာမှ ကလေးများအတွက် လိုအပ်သည့် နေရာများကို လိုက်လံဖြည့်ဆည်းပေးသလို ကလေးများအတွက် ဖျော်ဖြေရေးအနေ ဖြင့် အပေါ်စက်၊ အောက်စက်လှူဒါန်းတာခြင်း၊ ညနေစာကျွေးမွေးဧည့်ခံခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ ဆောင်းတွင်းလိုကာလမျိုးများတွင် ကလေးများ အတွက် အနွေးထည်၊ အနွေးဦးထုပ် စသည်များကိုလည်း လှူဒါန်းခဲ့ကြသည်။
ပုညဒါနအဖွဲ့ ဖွဲ့စည်းပြီး လူမှုရေးပရဟိတအလုပ်များကို အင်တိုက်အား တိုက် လုပ်ကိုင်နေစဉ်အတွင်းတွင် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြင်းထန် စွာ ဖြစ်ပေါ်နေချိန်ဖြစ်သဖြင့် တစ်မြို့လုံး လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိ နေရာ ပုညဒါနအဖွဲ့အနေနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေရုံဝင်း အတွင်းရှိ ‘သမ္ပုဏ္ဏသုခ’ သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့သို့ မီးစက်ကြီးတစ်ခု လှူဒါန်းခဲ့ပါသည်။
ပုညဒါနအဖွဲ့အနေနှင့် လစဉ်အလှူငွေ ငါးသိန်း၊ ခြောက်သိန်းရှိပြီး တစ်လ အတွင်းရရှိသည့် အလှူငွေများကို လက်ကျန်မထားဘဲ အမှန်တကယ် လိုအပ်နေ သည့် နေရာများသို့ လိုက်လံရှာဖွေကာ လှူဒါန်းလျက်ရှိပါသည်။
”မနှစ်တုန်းက မြစ်ကြီးနားမြို့ အထက်မော်ဖောင်းရပ်ကွက်မှာ နာရေးကိစ္စ တစ်ခုအတွက် ရောက်သွားတော့၊ အဲဒီမှာ ဗမာသင်္ချိုင်းမရှိတာ သွားတွေ့ရတယ်။ ခရစ်ယာန်သင်္ချိုင်းနဲ့ ကုလားသင်္ချိုင်းပဲ ရှိတယ်။ မြို့ပေါ်နဲ့ ဝေးလံတဲ့ရပ်ကွက်ဆို တော့ နာရေးရှင်တွေအနေနဲ့ ဒုက္ခရောက်ကြရတယ်။ ဗမာအလောင်း ခရစ်ယာန် သင်္ချိုင်းမှာ မြှုပ်ဖို့ သူတို့က ခွင့်မပြုကြဘူး။ ဒါနဲ့ ရပ်ကွက်လူကြီးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို တင်ပြတော့ သင်္ချိုင်းမြေနေရာရခဲ့တယ်။ ဒါပေမဲ့ သရဏဂုံ တင်ဖို့အတွက် ဇရပ်မရှိဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့အဖွဲ့အနေနဲ့ ဇရပ် တစ်ခုကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဇရပ်ဆောက်လုပ်တာကတော့ ၁ဝ သိန်းကျော်လောက် ကုန်ကျခဲ့ပါတယ်”ဟု ပုညဒါနအဖွဲ့ဥက္ကဋ္ဌ လင်းချစ် (တင်း တိမ်ရံ)က ပြောပြခဲ့ပါသည်။
ပုညဒါနအဖွဲ့အနေဖြင့် နောက်ပိုင်းကာလများတွင် ”မျှော်လင့်ခြင်းဂေဟာ” ှုံဠ။ဗှှီု ဝေဒနာရှင်များအတွက် စားနပ်ရိက္ခာလှူဒါန်းထောက်ပံ့ခြင်း သက်ကြီးဘိုးဘွားများအတွက် သက်ကြီးပူဇော်ပွဲလုပ်ပြီး လှူဒါန်းထောက်ပံ့ခြင်း များ ပြုလုပ်လျက်ရှိပါသည်။ ယခုနောက်ပိုင်းတွင် လစဉ်ခွဲဝေလှူဒါန်းမှုအနေဖြင့် အခမဲ့လူမှုကူညီရေးအသင်းသို့ လစဉ်ငွေကျပ် ၂ဝယဝဝဝ ကို ခွဲဝေလှူဒါန်းပါသည်။
စတင်ဖွဲ့စည်းသည့် (၄/၂ဝ၁၂) မှ (၄/၂ဝ၁၃) တစ်နှစ်ပြည့်ကာလ အထိ ပုညဒါနအဖွဲ့၏ စုစုပေါင်း လှူဒါန်း ငွေမှာ ကျပ်သိန်းတစ်ရာကျော် ရှိခဲ့ပြီ ဖြစ်ပါသည်။
စိတ်တူကိုယ်တူ မိတ်ဆွေများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ပုညဒါန ကုသိုလ်တော်အဖွဲ့၏ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို မေးမြန်းကြည့်ရာ ”အခု နောက်ပိုင်း ကျွန်တော်တို့အဖွဲ့ အနေနှင့် စာရေးဆရာတွေကိုဖိတ်ပြီး အခြေခံပြည်သူတွေ နားမျက်စိတွေ ပွင့်အောင် စာပေဟောပြောပွဲတွေ ကျင်းပပေးတာမျိုး၊ ဝေးလံခေါင်းပါး အရပ်ဒေသတွေက ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်နေသူတွေအတွက် ဆရာဝန်တွေပင့်ပြီး ကျန်းမာရေးစောင့် ရှောက်မှု လုပ်ပေးတာမျိုးတွေကို လုပ် ဆောင်သွားဖို့ ရှိပါတယ်” ဟု ပုည ဒါနအဖွဲ့၏ဥက္ကဋ္ဌ လင်းချစ်(တင်းတိမ် ရံ) က ပြန်လည်ပြောကြားခဲ့ပါသည်။
ပုညဒါနအဖွဲ့၏ ဆောင်ပုဒ်ကို လည်း ကဗျာဆရာ လင်းချစ်(တင်းတိမ် ရံ) က အခုလိုရွတ်ဆိုပြခဲ့ပါသေးသည်။ ”လောကလူ့ရွာ၊ လိုအပ်ရာသို့၊ ညီညာ စိတ်ထား စုပေါင်းအားနှင့် အများ အကျိုးအတွက် ရှေ့သို့ဆက်”ဟူ၏။
ပုညဒါနအဖွဲ့၏ ပရဟိတလုပ် ငန်းစဉ်များတွင် ပါဝင်လှူဒါန်းလိုလျှင် အဖွဲ့ဥက္ကဋ္ဌ ကဗျာဆရာ လင်းချစ်(တင်း တိမ်ရံ) ဖုန်း-ဝ၉၃၆ဝ၃၇၄ဝ၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ အခြား ဆက်သွယ်လှူဒါန်းနိုင်သည့် ဖုန်း နံပါတ်များမှာ ဦးဝင်းအောင်-ဒုဥက္ကဋ္ဌ ဝ၉၄ဝဝဝ၂ဝ၆ဝဝ၊ ဦးအောင်မျိုးထက် ဖုန်း-ဝ၉၄၇ဝဝဝ၄၉၈)။ ယခုအခါ ပုညဒါနကုသိုလ်တော်အဖွဲ့၏ အဖွဲ့ဝင် အင်အားမှာ ဦးရေ ၁ဝဝ ကျော်ရှိနေပြီ ဖြစ်ပါသည်။
မိုးသက်ဆွေ

Leave a Reply

Your email address will not be published. Required fields are marked *