ဒုတိယလှိုင်းကို ဖြတ်ကျော်ပြီးနောက် စုံးစုံးမြုပ်ခဲ့ကြသူများ သတင်းလူသား(နောက်ဆက်တွဲ)

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ (SEA Games) ကို အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခွင့်ရသော မြန်မာနိုင်ငံသည် ဖွင့်ပွဲအခမ်းအနား ကို နိုင်ငံတကာအဆင့်မီလုပ်ဆောင်ပြလိုက်ခြင်းက ပြည်တွင်းပြည်ပဝေနေယျများကို အံ့သြဘနန်းဖြစ်သွားစေခဲ့သည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း၌ ထိပ်တက်ကပ်နေသော နိုင်ငံအတွက် ပထမလှိုင်း၏စိန်ခေါ်မှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခြင်းလည်းဖြစ်သည်။
မြန်မာပရိသတ်များ အရူးသွပ်ဆုံးဘာသာရပ်ဖြစ်သော ဘောလုံးဗေဒက မြန်မာတို့၏အဇ္ဈတ္တစွမ်းအားကို စမ်းသပ်စစ်ဆေးရန်အလို့ငှာ ဒုတိယမ္ပိ ဒီလှိုင်းအဖြစ်တိုးဝင်လာပြန်သည်။ မြန်မာ-ထိုင်းအုပ်စုတွင်း ထိပ်တိုက် တွေ့ဆုံပွဲ။ အနိုင်၊ အရှုံးအဖြေထက် ပိုမိုနက်ရှိုင်းသည့် (မြန်မာပရိသတ်၏) ယဉ်ကျေးမှုစစ်တမ်းအဖြေလွှာကို အရေးပေါ်အဆင့် သတိထားစောင့်ကြည့် နေခဲ့ရသော်လည်း မြန်မာအချင်းချင်းအပြန်အလှန်ထိန်းကျောင်းကာ ဇာတိစွဲ စိတ်နှင့် ယဉ်ကျေးမှုအကြား အြွကင်းမရှိ သရေကစားသွားနိုင်ခဲ့ကြသည်။ သို့ပါသော်လည်း အုပ်စုတွင်းနောက်ဆုံးပွဲ (အင်ဒိုနီးရှားနှင့်)၌ အရှုံးလှိုင်း အရိုက်တွင် တလိမ့်ခေါက်ကွေးနစ်မြုပ်သွားခဲ့ရသောကြောင့် မြန်မာဘော လုံးချစ်ပရိသတ်(များ)ကို ယခုအပတ်၏ လေဒဏ်မိုးဒဏ်မခံနိုင်သော သတင်းလူသား(များ)အဖြစ် ဖော်ပြအပ်ပါသည်။
မျိုးဆက် ၃ ဆက်ခန့် ချမ်းသာသုခ အစရှာမရခဲ့ကြသော မြန်မာ ပြည်သူများအတွက် နိုင်ငံတကာအဆင့်မီ ယဉ်ကျေးသိမ်မွေ့ရန်မှာ အကြီးမားဆုံးပြဿနာတစ်ရပ်ပင်ဖြစ်သည်။ ငတ်မွတ်မှုက ယဉ်ကျေးမှုနှင့် စည်း ကမ်းရှိမှုကို မောင်းထုတ်ပစ်ပြီးနောက် မြန်မာအချင်းချင်းကြား၌ပင် ယုံ ကြည်မှုပျောက်ဆုံးခဲ့ရသည်။ ထို့ပြင် အစွန်းရောက်အမျိုးသားရေး စိတ်ဓာတ် များ၊ မုန်းတီးစိတ်များလည်း ခေတ်စားလာပြန်ရာ မြန်မာ-ထိုင်း ဘောလုံး ပွဲစဉ်မှာ စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ရပြန်သည်။ ‘ဘော’ မနိုင်လျှင် ‘လူ’ နိုင်ရမည်။’ပစ္စုပ္ပန်’ မနိုင်လျှင် ‘အတိတ်’နိုင်ရမည်ဟူသော အရိပ်အခြည်များလည်း ထွက်ပေါ်ခဲ့ပြန်သည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ ရုပ်ပုံများဖြင့် သမိုင်းရေးရာကြံစည်တိုက်ခိုက်မှုများရှိခဲ့သော်လည်း အမျိုးသားလက်ရွေးစင်ပွဲမတိုင်မီပင် ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာများမှ သတိပေးမေတ္တာရပ်ခံချက်များ ထွက်ပေါ်လာခဲ့သည်။
မြန်မာပရိသတ်၏ အမျိုးသားလက်ရွေးစင်အသင်းအပေါ် အားပေးမှုကလည်း သိကြားမင်း၏ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပင် အက်ကြောင်းထ သွားနိုင်လောက်အောင် အင်အားကြီးလွန်းလှသည်။ မြန်မာပြည်တစ်လွှား ပြည်နယ်တိုင်းဒေသကြီး အသီးသီးမှ ကားကြီး၊ ကားငယ်များဖြင့် လာရောက်အားပေးကြသော ပရိသတ်များမှာ သုဝဏ္ဏအားကစားကွင်းတစ် လျှောက်၌ ပြိုင်ပွဲကျင်းပမည့်နေ့ နံနက် ၃ နာရီလောက်ကတည်းကပင် ပွက်လောရိုက်နေလေကြပြီ။ ဖေ့စ်ဘွတ်ခ်တစ်ခွင်တွင်လည်း မြန်မာကိုယ်စားပြုအမှတ်အသားတစ်ခုခုနှင့်မျှ ဓာတ်ပုံတစ်ပုံလောက် မတင်နိုင်သော် အလိုလိုနေရင်း ဒုတိယတန်းစားအကောင့်ပိုင်ရှင်ကဲ့သို့ ခေတ်နောက်ကျသွားရပြန်ပါသည်။ လက်မှတ်တစ်စောင်ကို နှစ်သောင်းခွဲမှ လေးသောင်းကျော် ထိ ဈေးပေါက်ခဲ့သည်။ သို့တိုင်အောင် ကွင်းဝင်ခွင့်ဗီဇာမရ၍ နီးစပ်ရာ LED တီဗွီကြီးများ၊ အိမ်တွင်းတီဗွီလေးများဖြင့် ရသေ့စိတ်ဖြေပြုခဲ့ကြရ သူများက ဒုနှင့်ဒေး။ မြန်မာပွဲနှင့်အတူ မရှေးမနှောင်းပြသနေသော မြန်မာ ကြိုက်ပရီးမီးယားလိဂ်၏ မန်စီးတီး-အာဆင်နယ်ပွဲခမျာ ကြည့်သူမဲ့ဘဝ သို့ စံချိန်တင်ရောက်ခဲ့ပါတော့သည်။
မြန်မာ-ထိုင်း ဆိုသည်ကလည်း ရာဇဝင်အရ၊ နိုင်ငံရေးအရ၊ စီးပွား ရေးအရ၊ လူမျိုးရေးအရအစဉ်အဆက် တွန်းတိုက်မှုများရှိခဲ့သလို နယ်နိ မိတ်ချင်းထိစပ်နေခြင်းများကြောင့်လည်း အိမ်ရှင်အခွင့်အရေးရစဉ် တစ်သက် စာပုံအောပစ်လိုက်ခြင်းလည်းဖြစ်မည်။ ထမင်းအိုးပေါင်ကာ ဇာတ်ပွဲကြည့် တတ်သော မြန်မာများအဖို့ ယင်းလုပ်ရပ်သည် ရင်ခုန်စရာ မဟုတ်သော် လည်း ရာဇ၀င်ကြွေးဆပ်လိုလှသော ဘောလုံးပွဲပရိသတ်က ရင်တုန်စရာ ဖြစ်ရသည်။ ဝရုန်းသုန်းကား ကိစ္စရပ်တစ်ခုဖြစ်ပွားခဲ့သော် လူအုပ်နင်း မိရုံဖြင့် အသေအပျောက်များဖြစ်လာနိုင်သည်။ အသောက်အစားကလည်း မကင်းကြ။ သို့သော် မိနစ် ၉ဝ ယှဉ်ပြိုင်ချိန်အတွင်း ထိုင်းအသင်းက အဝါကတ်ပြား ၆ ကတ်၊ မြန်မာ အသင်းက ၄ ကတ်ဒဏ်ထိခဲ့သော်လည်း မြန်မာပရိသတ် ကတ်တစ်ကတ်မျှမထိခဲ့ခြင်းက အိမ်ရှင်မြန်မာနိုင်ငံအတွက် ဒုတိယမြောက်လှိုင်းလုံးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဟု အသိအမှတ် ပြုရပါလိမ့်မည်။
ဒုတိယလှိုင်းကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သော မြန်မာပရိသတ် သည် အုပ်စုနောက်ဆုံးပွဲ၌ အရှုံးလေအတိုက်တွင် အမုန်းမိုးစွေခဲ့ရပါသည်။ အုပ်စုပြန်အိမ်ရှင်အဖြစ် ခါးသီးမှု၏တရားခံကို ကိုယ်တိုင်အပြစ်ပေးလို လျက်ရှိသော ပရိသတ်က ပွဲကြည့်စဉ်မှခုံများ ရိုက်ချိုးခြင်း၊ ဆီးဂိမ်းစ် ကြော်ငြာဆိုင်းဘုတ်များကို မီးရှို့ခြင်း၊ လုံခြုံရေးများကို ခဲဖြင့်ပစ်ပေါက်ခြင်း များအပြင် သတင်းမီဒီယာသမားများကိုပါ ရန်ပြုခြင်းများအထိ အမုန်း တရားကို ကိုယ်လုံးတီးချွတ်ချပြခဲ့ကြသည်။ မြန်မာပရိသတ်၏ ဒေါသမီးက ဆီးဂိမ်းစ်ကြော်ငြာ (Billboard) ဘုတ်များကို ကောက်ရိုးမီးမျှသာ လောင်မြိုက်ခဲ့ပြီး အဓိကတာဝန်ရှိသူများ အဲယားကွန်းခန်းထဲတွင် မျက်နှာပြောင်တိုက်လျက် ဆက်လက်ရှင်သန်နေနိုင်ခြင်းက မြန်မာပရိသတ်အဖို့ အနစ်နာဆုံး ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။
ထိုင်းနှင့် ပွဲဖြစ်သော ဒုတိယလှိုင်းတွင် Fair Game, Fair Play ယဉ်ကျေးမှု၌ ကိုယ်တိုင်ပါဝင်ကစားသွားခဲ့ကြသော မြန်မာပရိသတ်သည် တာဝန်ရှိသူတို့၏ ရက်စက်မှုအောက်တွင် ယမ်းပုံမီးကျဖြစ်ရလျက် ရေတိုပေါက်ကွဲမှုများဖြင့်သာ အရိုင်း အစိုင်းတံဆိပ်ခပ်နှိပ်ခံလိုက်ရပါသည်။ ထို့ ကြောင့် လှိုင်းကြီးလှေအောက် ရှင်သန်နိုင်ခဲ့သော မြန်မာဘောလုံး ချစ်ပရိသတ်များ သည် လေအတိုက် မိုးအပြိုက်၌ စိုက်စိုက်ပါနစ်မြုပ်ခဲ့ကြရသော သတင်းလူသား(များ)ဖြစ်ပါကြောင်း။
ဝ၂၆

Leave a Reply

Your email address will not be published.