ရှမ်းပါတီနှစ်ခု ပူးပေါင်းရေးအလားအလာ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ မဖြစ်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့၏ ၂ဝ၁၅ ခုနှစ် မတိုင်မီပူးပေါင်းရေးကိစ္စရပ်မှာ ဖြစ်နိုင်ရန်အလားအလာနည်းပါးပြီး ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွင် အချိန်အကန့်အသတ်မရှိခြင်းကြောင့် ထိုအချိန်မှသာ ပူးပေါင်းရေးကိစ္စရပ်သည် ဖြစ်နိုင်ဖွယ်ရှိကြောင်း SNDP ၏ အတွင်းရေး မှူးဖြစ်သူ ဦးစိုင်းလှကျော်က ပဲ့တင်သံသို့ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ပါတီများပူးပေါင်းရေး လုပ်ထုံးလုပ်နည်းများအရ နှစ်ပါတီအား ဖျက်သိမ်းပြီး ပိုင်ဆိုင်မှုစာရင်းဇယားများကိုတင်ပြ၍ ပါတီနာမည်သစ်ဖြင့် မှတ်ပုံတင်ပြန်လည်ရရှိရန် အချိန်အကန့်အသတ်များ ရှိနေခြင်းကြောင့် ပူးပေါင်းရေးကိစ္စရပ်မှာ ၂ဝ၁၅ နောက်ပိုင်းမှသာ ဖြစ်နိုင်ကြောင်း သူကပြောသည်။
”၂ဝ၁၅ နောက်ပိုင်းကတော့ အချိန်အကန့်အသတ်မရှိတော့ နှစ်ပါတီလုံးဖျက်သိမ်းပြီးအသစ်ပြန်ဖွဲ့ဖို့ တစ်နှစ်ပဲဖြစ်ဖြစ် ဘယ်လောက် ကြာကြာရတယ်လေ။ အခုက ကျွန်တော်တို့ပါတီတွေဖျက်သိမ်းပြီး မှတ်ပုံတင်ကျမလာဘူးဆိုရင် တော်တော်ခက်ခဲ့တယ်။ ဥပမာ ဒေါက်တာတူးဂျာတို့ဆိုရင်လည်း မှတ်ပုံတင်ရဖို့ အချိန်အကြာကြီးစောင့်ခဲ့ရတာ။ ဒီလိုနှစ်ချီပြီး ကြိုးစားခဲ့ရတော့ ကျွန်တော်တို့ဒီလိုလမ်းကြောင်းသွားရင် ရွေးကောက်ပွဲဝင်လို့ ရမှာမဟုတ်ဘူးလေ”ဟု ယင်းက အချိန်အကန့်အသတ်ကြောင့် ရွေးကောက်ပွဲနှင့် လွဲချော်မှုရှိနိုင်ကြောင်းဆက်စပ်ပြော ဆိုသည်။ ပါတီနှစ်ခုပူးပေါင်းရေးသည် လွယ်ကူသောကိစ္စရပ်မဟုတ်ဘဲ အချိန်ပေးရကြောင်း၊ ပါတီပူးပေါင်းရေး လုပ်ဆောင်နေသည့် အခြား ပါတီများ၏ အခြေအနေသည်လည်း တိကျရေရာသည့်ပုံစံတွင် ရှိမနေသေးကြောင်း၊ မိမိတို့နှစ်ပါတီ၏ သက်တမ်းအရ နှစ်ပေါင်း ၂ဝ ကွာဟ လျက်ရှိပြီး ဖျက်သိမ်း၍ နှစ်ပါတီပူးပေါင်းရေးမှာ ခက်ခဲသောကိစ္စရပ်ဖြစ်ကြောင်းလည်း သူက ပြောသည်။
ပါတီနှစ်ခုပူးပေါင်းရေး SNLD ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းညွန့်လွင်က”လားရှိုးပွဲမှာ ဆုံးဖြတ်ခဲ့တာက ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (SSGAC) က မွေးထုတ်ပေးခဲ့တဲ့ SNDP နဲ့ ကျွန်တော်တို့က လမ်းစဉ်ချင်းက မတူဘူးဆိုပေမယ့် သူတို့နဲ့ပူးပေါင်းတာပဲဖြစ်ဖြစ်၊ လက်တွဲဖို့ပဲဖြစ်ဖြစ် စလုပ်ဖို့ ကျွန်တော်တို့ဘက်က ဆုံး ဖြတ်ထားပါတယ်။ ဟိုဘက်ကတော့ စေ့စပ်ဆွေးနွေးရေးအဖွဲ့ဆိုပြီး လွန်ခဲ့တဲ့တစ်နှစ်လောက်က ကော်မတီဖွဲ့ထားတယ်။ သို့သော် အဲဒီ ကော်မတီက ဘာမှအလုပ်မလုပ်ဘူးလေ။ တွေ့ကြတော့လည်း ဘာမှမပြောဘူး။ အခုတော့ လူတွေက ပွစိပွစိဖြစ်လာကြတယ်။ ပူးပေါင်းဖို့ ဒါမှမဟုတ် လက်တွဲဖို့တစ်ခုခုပေါ့နော်”ဟု ရှမ်းလူထု၏ သဘောထားကို ပြောသည်။ ဦးစိုင်းလှကျော်က မိမိ၏ကိုယ်ပိုင်အမြင်အရ ရှစ်လေး လုံးလူထုအရေးတော်ပုံသည် တစ်ပါတီစနစ်လက်အောက်မှ ဒီမိုကရေစီ ကို တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ပါတီစုံဒီမိုကရေစီခေတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ အခုဒီအချိန်မှ တစ်ပါတီတည်းဖြစ်ရန် ပြန်လည်ပူးပေါင်းမည်ကို မိမိနားမလည်ဖြစ်မိကြောင်းနှင့် နှစ်ပါတီပေါင်း စည်းနိုင်ရေးထက် လက်တွဲလုပ်ဆောင်နိုင်ရန်အတွက်သာ အခြေအနေ ရှိကြောင်း ပဲ့တင်သံသို့ ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published.