ဘဝတူ မသန်စွမ်းသူများကို စိတ်ဓာတ်ရေးရာအရ တွန်းအားပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅
မွေးရာပါခန္ဓာကိုယ်ချို့ယွင်းချက်ဖြင့် ရှင်သန်နေထိုင်ခဲ့ရသော်လည်း မသန်စွမ်းသူများ၏အခွင့်အလမ်းများကို ဆောင်ရွက်ပေးရာတွင် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ အများနည်းတူ တန်းတူအခွင့်အရေးများရရှိစေလို သောဆန္ဒရှိသူ ဧရာဝတီတိုင်း၊ မြောင်းမြမြို့သူ မမျိုးဇာခြည်ဆွေနှင့်တွေ့ ဆုံဆွေးနွေးခဲ့ခြင်းကို မသန်စွမ်းသူအသံကဏ္ဍမှ တင်ဆက်လိုက်ပါသည်။
ယင်းက သူဖြတ်သန်းခဲ့ရသော မိသားစုဘဝကို စတင်ပြောကြားရာ၌ မွေးကတည်းက လက်နှစ်ဖက်မပါခဲ့သော်လည်း မိခင်၏အားပေးစောင့် ရှောက်မှုနှင့်အတူစိတ်ဓာတ်ခွန်အားဖြင့် ရှင်သန်နေထိုင်ခဲ့ကြောင်း၊ ဖခင်မှာ တပ်မတော်သားတစ်ဦးဖြစ်သောကြောင့် တာဝန်ကျရာအရပ်ဒေသများသို့ အစဉ်ပြောင်းရွှေ့နေခဲ့ရသလို၊ မိခင်နှင့်ဖခင်မှာလည်း တစ်နယ်စီဝေးကွာ လျက်ရှိသောကြောင့် ကွဲကွာသောမိသားစုတွင် ရှင်သန်နေထိုင်ခဲ့ရကြောင်း ပြောပါသည်။ ကျောင်းနေစဉ်ကာလများတွင် စတင်တွေ့ကြုံခဲ့ရသော အခက်အခဲများကို ပြောရာ၌ ”ငယ်ငယ်ကတည်းက လက်အစား၊ ခြေ ထောက်ကိုသာ အသုံးပြုခဲ့ရတယ်။ ကျောင်းနေတော့လည်း ပတ်ဝန်းကျင်က အားပေးတာတွေရှိခဲ့ပါတယ်။ စိတ်အားငယ်ပေမဲ့ စိတ်ထဲမှာပဲ ထားတတ်ခဲ့တယ်။ ကြာလာတော့ အားငယ်စိတ်တွေ ပေါ်လာရင်တောင်သိုသိပ်အောင် နေတတ်လာတယ်။ ၉ တန်းရောက်တော့ ကျောင်းဆက် မတက်ဖြစ်တော့ဘူး။ ရွာပွဲတွေမှာ သီချင်းအငှားလိုက်ဆိုတယ်။ အငြိမ့်ပွဲတွေက လာခေါ်ရင်လည်း လိုက်ဆိုဖြစ်ပါတယ်။ သီချင်းဆိုနေရရင်ကိုပဲ ထမင်းမေ့ဟင်းမေ့ဖြစ်ရတယ်။ အိမ်မှုကိစ္စတွေလည်း ကိုယ်တိုင်လုပ်ပါ တယ်”ဟုကျောင်းပညာရေးရပ်တန့်သွားသော်လည်း ဝါသနာပါရာ ဂီတ ဘက်ကို စွမ်းနိုင်သလောက် လုပ်နိုင်ခဲ့ပုံနှင့်အိမ်မှုကိစ္စကိုပါ ပါဝင်ဆောင် ရွက်နိုင်ခဲ့ပုံကိုပြောပါသည်။ ဂျပန်နိုင်ငံက သင်ကြားပေးသော မသန်စွမ်း သူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းကို တက်ရောက်ခဲ့ပုံနှင့် ပတ်သက်၍ပြောရာတွင် ”အစ်မဝမ်းကွဲတစ်ယောက်က စက်ချုပ်သင် တန်းတက်မလားလို့မေးတော့ ဝါသနာမပါပေမဲ့ မိဘတွေကို တတ်နိုင် သလောက် လုပ်ကျွေးချင်တာကြောင့် AAR သင်တန်းကို လျှောက်လွှာတင်ပြီးတက်ဖြစ်သွားတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်လို မသန်စွမ်း သူတွေကို မြင်ဖူးတာမဟုတ်တော့ အားငယ်မိပေမဲ့ ဒီသင်တန်းရောက်မှ ကိုယ်လိုလူအများကြီးရှိပါလားဆိုပြီး စိတ်အားတက်မိပါတယ်။ ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေ၊ လုပ်နိုင်စွမ်းအားတွေကို ဒီသင်တန်း မှာ တွေ့ခဲ့ရတယ်။ သင်တန်းပြီးသွားပေမဲ့လည်း ရွာမပြန်ဖြစ်တော့ဘဲ အစ်မအိမ်မှာအပ်ချုပ်ဆိုင်လေးဖွင့်မယ်လို့ စိတ်ကူးထားပါတယ်။ အခုတော့ အိမ်က တူ၊ တူမတွေကို ကိုယ်ပိုင်စိတ်ကူးနဲ့ ပုံစံထုတ်ပြီး ချုပ်ပေး တယ်”ဟု သင်ယူတတ်မြောက်ခဲ့သော ပညာရပ်က ကိုယ် လက်တွေ့ အသုံးချနိုင်ရန် စိတ်ကူးရှိကြောင်း ပြောသည်။ အနာဂတ်ဆန္ဒများကို ပြောသည်မှာ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန် ဝင်ငွေရှာဖွေခြင်း နှင့် ဘဝတူမသန်စွမ်းသူများကို စိတ်ဓာတ်ရေးရာအရ တွန်းအားပေးခြင်း၊ ဘဝတက်လမ်းကို အကျိုးပြုနိုင်သော စာအုပ်စာပေများကို ဖတ်ရှုလေ့ လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောသည်။
ဝ၁၄

Leave a Reply

Your email address will not be published.