ဗိုလ်ချုပ်အောင်ဆန်းအတွက် မေးခွန်းတစ်ခု

နိဂုံး
တတိယတန်းတက်နေတဲ့သမီးက ကျွန်တော့်ကို မေးခွန်းတစ်ခုမေး တယ်။ သူ မေးတဲ့မေးခွန်းက ခက်ခဲလှတာမဟုတ်ပေမဲ့ ကျွန်တော် မဖြေ နိုင်ခဲ့ဘူး။ အဖြေမရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အဖြေလည်း ရှိ၊ အဖြေလည်းသိနေပါရက်နဲ့မဖြေဖြစ်ခဲ့တဲ့အကြောင်းက ဒီလို…။
ကဗျာမော်ကွန်း
စက္ကူဖြူပေါ်မှာ မိုင်ကုန်ပြေးလွှားခုန်ပေါက်နေတဲ့ ဘောပင်ဟာ ရုတ် တရက် ဘရိတ်ဆောင့်အုပ်ခံလိုက်ရတဲ့ကားတစ်စင်းလို ချာချာလည်သွားပြီး လက်ထဲကနေ အလိုလိုလွတ်ကျသွားတယ်။ ရေးလက်စဝတ္တုတို တစ်ပုဒ် ထဲမှာ စီးမျောနေတဲ့ စိတ်အာရုံတွေလည်း ကိုင်ပေါက်ခံလိုက်ရတဲ့ ဖန်ခွက် တစ်လုံးလို တစ်စစီပြန့်ကျဲလို့။ ကယောင်ကတမ်းနဲ့လှည့်ကြည့်မိလိုက်တော့ မြားတစ်စင်း… (ဒုတ်ကနဲ)စိုက်ဝင်… နားစည်ကိုရိုက်…။
ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက်မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။
ဒီနေရာအရောက်မှာ ”ရပ်ပါတော့” လို့အော်လိုက်ချင်ပေမဲ့ မတားရက်ခဲ့ဘူး။ သမီးလေးရယ် ဒီကဗျာဟာ ကြည်ကြည် နူးနူးရွတ်ဆိုရမယ့် ကဗျာမဟုတ်ဘူး။ အဖေ့သမီး ရွတ်ဆိုနေတဲ့ကဗျာကိုစကားလုံးတိုင်း၊စကားလုံးတိုင်း ကြေကွဲခြင်း ပရိုတွန်၊ ယူကြုံးမရခြင်း နယူထရွန်၊ လွမ်းဆွတ်ခြင်း အီလက်ထရွန်တွေနဲ့ရက်ဖောက်ထားပြီး၊ ပါဒတိုင်းဟာ အနိဋ္ဌာရုံအက်တမ် တွေနဲ့ အမှောင်ကမ္ဘာမော်လီကျူးတွေပွားစည်ခဲ့တာ ကြည်နူးစရာမှ မဟုတ်ခဲ့တာ။ ကဗျာရဲ့နောက်ကွယ်က(တကယ့်)ကမ္ဘာမှာ ကောင်းမြတ်သူတွေဟာ ဆိုးယုတ်သူတွေကြောင့် ပျက်စီးခဲ့ရတယ်။ ဒါပေမဲ့ အာဇာနည်တွေဟာ လူတိုင်း၊ လူပြည့်၊ လူ့ဌာနေကို သူတို့လာရောက်ခဲ့ကြောင်း အထိမ်းအမှတ် အဖြစ် လူ့ဂုဏ်သိက္ခာနဲ့လူသားတန်ဖိုးတွေကို စိုက်ထူရစ်ခဲ့ကြတယ်လေ။ ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်၊ ‘အောင်ဆန်းဇာနည်’ကဗျာကို အစိုးရစာသင် ကျောင်းကရေးတတ်ရုံ၊ ဖတ်တတ်ရုံသင်ပေး လိုက်ပေမဲ့ သမီးရင်ထဲမှာ ကျောက်စာတိုင်လို ခိုင်မြဲနေစေဖို့စိုက်ထူရမှာ ဖေဖေ့တာဝန် မဟုတ်ဘူးလား။
သမိုင်းမော်ကွန်း
အဲ့ဒီနေ့က သမီးလက်ကိုဆွဲလို့ ဗိုလ်ချုပ်ပြတိုက်ကို ရောက်ခဲ့ပေါ့။
အညာဒေသရဲ့ မြို့လေးတစ်မြို့ကနေ ရန်ကုန်မြို့ကြီးရဲ့ တက္ကသိုလ် ကြီးဆီ ပညာရှာဖို့ရောက်လာတဲ့ ဘုကျကျ၊ မာဆတ်ဆတ်၊ ထင်ရာစိုင်း တတ်တဲ့ကျောင်းသား ကိုအောင်ဆန်းအကြောင်း စပြောဖြစ်တယ်။ ပြီးတော့ သခင်အောင်ဆန်း(သို့မဟုတ်) သူပုန်အောင်ဆန်းဖြစ်လာပုံ။ သားအဖနှစ်ယောက် ပြတိုက်ထဲကနေ ထွက်လာပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့ရောက် တော့ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာပုံကို စပြောနေပြီပေါ့။ သမီးက ဗိုလ်ချုပ်ကြေးရုပ်ကိုမော့ကြည့်ပြီး ကျွန်တော် ပြောသမျှဂရုတစိုက် နားထောင်နေပုံရတော့ ပြောရင်းနဲ့ အားပါလာတယ်။ သမီးဆီက ဘာတုံ့ပြန်မှုမှ မတွေ့ရပေမဲ့ သူ့နှလုံး သား ထဲကို ဗိုလ်ချုပ်ရောက်သွားပြီဆိုတာ ရဲရဲတောက်သူ့မျက်လုံးအစုံက သက်သေခံနေတယ်လေ။ သေချာတာက တော့ သမီးရင်ထဲမှာ ဗိုလ်ချုပ်ကျောက်တိုင် စိုက်လိုက်နိုင်ပါပြီ။
သမီးကို ကျွန်တော်က ရောက်တုန်းရောက်ခိုက် ပန်းခြံထဲဝင်ကစားမလားလို့မေးလိုက်တော့ မကစားချင်ဘူး၊ အာဇာနည်ဗိမာန် ကိုပဲသွား ချင်သတဲ့။ လမ်းတစ်လျှောက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင် ဆန်းအဖြစ်နဲ့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပုံ၊ တပ်မတော် ကနေထွက်ပြီး အရပ်သားအဖြစ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ခဲ့ပုံ၊ လွတ်လပ်ရေးခြေလှမ်းအဖြစ် အောင်ဆန်းအက်တလီ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပုံ၊ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးကအနားယူပြီး စာရေး ဆရာလုပ်မယ်ဆိုတဲ့ စိတ်ကူးအိမ်မက်တွေအကြောင်းကို ပုံကြမ်းလောက် ပြောပြီးချိန်မှာ အာဇာနည်ဗိမာန်ရှေ့ ခြေချမိ ပါ တော့တယ်။ ၁၉၄၇၊ ဇူလိုင် ၁၉ ရက်နေ့က အုံ့မှိုင်းခဲ့တဲ့ မိုးတိမ်မည်းတွေ ကျွန်တော်တို့ သားအဖကို လွှမ်းခြုံသွားပတော့ တယ်။
”အဲဒီနေ့က အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးကို အတွင်းဝင် ရုံးမှာလုပ်ကြတယ်။ နောက်နေ့ကျရင် အဲဒီရုံးကို ဖေဖေလိုက်ပြမယ်။ ဗိုလ် အောင်ကျော်လမ်းနဲ့ သိမ်ဖြူလမ်းကြား၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလ လမ်းကြားက အဆောက်အဦကြီးပဲ။ ဗိုလ်ချုပ်တို့အတွက် လုံခြုံရေးချပေး ထားတာရှိပေမဲ့ ဗိုလ်ချုပ်က နှင်ထုတ်လိုက်လို့ ဦးရာဇတ်ရဲ့ကိုယ်ရံတော် ရဲဘော်ကိုထွေးပဲရှိတယ်။ အဲဒီအချိန်မှာ စတင်ဂန်းကိုယ်စီကိုင်ထားတဲ့ ဦးစောရဲ့ဝါးရင်းတုတ်တပ်ဖွဲ့ဝင် လူသတ်သမားတွေရောက်လာပြီး ကြက် ကလေး၊ ငှက်ကလေးသတ်သလို လွယ်လွယ်ကူကူသတ်သွားကြတော့ တာပဲ။ ဖေဖေတို့၊ သမီးတို့ ဗမာပြည်ရဲ့ စွမ်းရည်အထက်ဆုံး၊ အကြီးကျယ် ဆုံးအာဇာနည်တွေဟာ အခြေအနေမဲ့၊ ပညာမဲ့တွေရဲ့လက်ညှိုးအကွေးမှာ ဇီဝိနြွေ်ကခဲ့ကြရတယ်။ သမီးမြဲမြဲမှတ်ထားရမှာက ဖေဖေတို့ဗမာ့သမိုင်း မှာ လူစွမ်းကောင်းတွေပေါ်လာတိုင်း ဝါးရင်းတုတ်အောက်မှာ ပြားပြား မှောက်ခဲ့ကြရတယ်။ တကယ်တော့ ဇူလိုင် ၁၉ ရက်နေ့ဟာ အာဇာနည်နေ့ တင်မဟုတ်ဘဲ လက်နက်အားကိုးနဲ့ဗိုလ်ကျစိုးမိုးတဲ့အမှောင်ကမ္ဘာကြီးမကြာ ခင် ကျရောက်လာတော့မယ်ဆိုတဲ့ နိမိတ်ဆိုးနေ့ဆိုရင်လည်း မမှားဘူး”
ကျွန်တော့်စကားအဆုံးမှာ သမီးက ဗိုလ်ချုပ်အုတ်ဂူပေါ်က ကြယ်ဖြူကြီးကို လက်ညှိုးထိုးပြီး
”ဗိုလ်ချုပ်က စစ်သားမဟုတ်တော့ဘူးဆို”
”ဟုတ်တယ်သမီး၊ ဗိုလ်ချုပ်က စစ်တပ်က ထွက်ပြီးမှကျဆုံးတာ”
သမီးဟာ မျက်မှောင်ကြုတ်ထားပြီး တစ်ခုခုကိုစဉ်းစားနေပုံပဲ။ ခဏနေတော့ ကျွန်တော့်လက်ကို ဖျတ်ကနဲဆွဲလိုက်ပြီး မေးခွန်းတစ်ခုမေးလိုက် ပါတယ်။
”ဖေဖေ၊… … … ”
နိဂုံးရဲ့နိဒါန်း
မေးခွန်းကခက်လှတာမဟုတ်ပေမဲ့ ကျွန်တော်မဖြေနိုင်ခဲ့ဘူး။
အဖြေမရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အဖြေလည်းရှိ၊ အဖြေလည်းသိနေပါရက်နဲ့ မဖြေဖြစ်တဲ့အကြောင်းက ဒီလို…။
ကျွန်တော့်အဖြေဟာ သန်းခြောက်ဆယ်နဲ့ တစ်ထပ်တည်းတူနေမှာမို့ ပါ။ သမီးလေးရဲ့မေးခွန်းက
”ဖေဖေ၊ သမီးတို့ဗိုလ်ချုပ်က အခုဗိုလ်ချုပ်တွေနဲ့ အတူတူပဲလားဟင်”
ညီငယ်လေး

Leave a Reply

Your email address will not be published.