နှစ်ပေါင်း ၁၈ဝ ခန့်က မှတ်တမ်းတစ်ခု

ဒေါက်တာ တင်အုံးကျော် ပြန် ဆိုရေးသားသည့် ”လက်မရွံ့ထောင် အတွင်းမှ ကိုယ်တွေ့ဖြစ်ရပ်များ”ကို လက်တွဲဖော်စာအုပ်တိုက်မှ ပထမ အကြိမ်ထုတ်ဝေလိုက်သည်။ Henry Gouger \ Personal Narrative of Two Years` Imprisonment in Burmah ကို ပြန်ဆိုထားခြင်းဖြစ်သည်။
မူရင်းစာရေးသူ Henry Gouger ဟူသည့် အမည်ကို စာဖတ်ပရိသတ်များ မရင်းနှီးနိုင်သော်လည်း ဤမှတ်တမ်းတွင် တစ်ပိုင်းတစ်စပါဝင် ပတ်သက်နေခဲ့သူ ဇာတ်ကောင်တစ်ဦးဖြစ် သည့် ဆရာယုဒဿန်ခေါ် ဒေါက်တာဂျပ်ဆင်ကိုမူ သိရှိပြီးဖြစ်ကြလိမ့်မည်။ အမေရိကန် နှစ်ခြင်းသာသနာပြု အသင်းကြီးမှ စေလွှတ်ချက်အရ မြန်မာ နိုင်ငံသို့ ဦးစွာရောက်ရှိလာခဲ့သော သာသနာပြုတစ်ဦး၊ ယုဒဿန် အင်္ဂလိပ်-မြန်မာအဘိဓာန်ကို ပြုစုသူ တစ်ဦး၊ ယုဒဿန်ကောလိပ် ခေါ် Judson Collage ကို တည်ထောင်သူတစ်ဦးအဖြစ် မြန်မာစာဖတ်ပရိသတ်တို့ သိရှိကြမည်ဖြစ်သည်။
မူရင်းစာအုပ်ကို ခရစ်နှစ် ၁၈၆ဝ ကတည်းက စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး စာရေးသူ Gouger ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် မှတ်တမ်းတစ်ခုဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝ ကျော်ကတည်းက မြန်မာ့ပုံရိပ်များကို သံအရာရှိတို့၏ မှတ်တမ်းများမှ အပ အစောဆုံး ကမ္ဘာသိ မှတ်တမ်းပြုခဲ့သော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ ၁၈၂၄ မှ ၁၈၂၆ ကာလများအတွင်း ဘကြီးတော်မင်းလက်ထက် အင်းဝလက်မရွံ့အကျဉ်းထောင်အတွင်း အကျဉ်းကျခံခဲ့ရသော အင်္ဂလိပ်လူမျိုးကုန်သည်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း ဖြစ်သည်။
စာရေးသူ Henry Gouger သည် ၁၈၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့သည်။ Gouger သည် မူလက အိန္ဒိယနိုင်ငံဘင်္ဂလားပြည်နယ်ရှိ Bauleah တွင် ပိုးထည်ကုန်သည်တစ်ဦးအဖြစ်ကုန်သွယ်လျက်ရှိရာမှ သူ၏ ဈေးကွက်ကို ပိုမိုချဲ့ထွင်ရန် မြန်မာနိုင်ငံတော် အင်းဝနေပြည်တော်သို့ စွန့် စားရောက်ရှိလာခဲ့သည်။ ထိုစဉ် အိန္ဒိယနိုင်ငံရှိ အရှေ့အိန္ဒိယကုမ္ပဏီ၏လက်ဝါးကြီးအုပ် ကုန်သွယ်မှုများမှ ရုန်းထွက်ရန် တစ်ကိုယ်တော် စွန့်စားထွက်ခွာလာခဲ့ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မင်းနေပြည်တော်သို့ ဦးစွာရောက်ရှိခဲ့သူများဖြစ်သည့် မိုက်ကယ်ဆိုင်း၊ ကပ္ပတိန် ယီရန်ကောက်စ်တို့၏မှတ်တမ်းများကို ကြိုတင်လေ့လာခဲ့ခြင်းက Gouger အတွက် အထောက်အကူရှိခဲ့သည်။
မြန်မာနိုင်ငံဈေးကွက်တွင် ရောင်းချရန် ကုန်ပစ္စည်းများ၊ မြန်မာဘုရင်နှင့် အုပ်ချုပ်သူတို့အတွက် လက်ဆောင်ပဏ္ဏာများကို သယ်ဆောင်၍ ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိလာခဲ့သည်။ ဦးစွာလာဘ်ထိုးမှုများအပြီး ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် စကားပြန်များအကူ အညီဖြင့် အမရပူရ မြို့တော်ဆီသို့တစ်လခွဲကြာမျှမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့သည်။ Gouger ရောက်ရှိလာသည့်အချိန်တွင် မြန်မာမင်းနေပြည်တော်ကို အမရပူရမှ အင်းဝသို့ ပြောင်း ရွှေ့စိုးစံရန် ဘကြီးတော်မင်းက စီမံနေ ချိန်လည်းဖြစ်သည်။ ဘကြီးတော်မင်းထံ သို့အခစားရောက်ရှိ၊ လက်ဆောင်ပဏ္ဏာများဆက်သ အပြီးနောက်တွင် ကုန်စည်များရောင်းချဖလှယ်ခဲ့သည်။ မကြာမီ Gouger သည် ကာလကတ္တားသို့ တစ်ခေါက်ပြန်ပြီး နောက်ထပ်ကုန်သွယ်မှုအတွက်အင်းဝနေပြည်တော်သို့ တစ်ခေါက်ပြန်လာခဲ့သည်။ ဤသည်ပင် သူ့အတွက် လက်မရွံ့အကျဉ်းထောင်သို့ ဝင်ရာလမ်းဖြစ်ခဲ့သည်။ ၁၈၂၃ နှစ်ကုန်ပိုင်းသည် ရှင်မဖြူကျွန်းအရေးကိစ္စနှင့် လတ်တလောပတ်သက်၍ အင်္ဂလိပ်နှင့် မြန်မာတို့ စစ်မီးပွားရန် ပြင်ဆင်နေကြချိန်ဖြစ်သည်။။ မြန်မာနိုင်ငံ၏ အနောက်ဘက်နယ်စပ်တွင် မဟာဗန္ဓုလတို့ အောင်မြင်မှုရနေချိန်တွင်ပင် အင်္ဂလိပ်ရေတပ်သည် ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်ကြသည်။ မဟာဗန္ဓုလကို နယ်စပ်မှအလျင်အမြန်ပြန်ခေါ်၍ ရန်ကုန်စစ်မျက်နှာတွင် ရင်ဆိုင် စေခဲ့သည်။
ထိုကာလတွင် မြန်မာနန်းတွင်း၏လုံခြုံရေးအစီအမံများကြောင့် အင်းဝနေပြည်တော်တွင် ရောက်ရှိနေကြသော နိုင်ငံခြားသားများအား ဖမ်းဆီးအကျဉ်းချထားလိုက်ကြသည်။ စစ်ရေး၊ နိုင်ငံရေးနှင့် မည်သို့မျှ မသက်ဆိုင်ကြသော Gouger ၊ ဒေါက်တာဂျပ်ဆင်တို့အပါအဝင် အခြားသူတို့မှာလည်း လက်မရွံ့အကျဉ်းထောင်အတွင်း နည်းမျိုးစုံသော ညှဉ်းပန်းနှိပ်စက်မှုများနှင့် အကျဉ်းကျခဲ့ကြရသည်။ မြန်မာ့အစဉ်အလာ အကျဉ်းထောင်အတွင်းလူမဆန်သော ညှဉ်းပန်းနှိပ်စက်မှု၊ မမျှတမှု၊ စာရိတ္တပျက်ယွင်းမှု၊ တရားဥပဒေမဲ့မှုမျိုးစုံကို ဤနိုင်ငံခြားသားများ ကိုယ်တွေ့ဖြတ်သန်း ခဲ့ကြရသည်။ မည်သည့်စစ်ဆေး မေးမြန်းမှုမျှမရှိဘဲ နှိပ်စက်မှုများစွာခံကြရပြီး နှစ်နှစ်ခန့်ကြာအောင် အင်းဝလက် မရွံ့ထောင်၊ အမရပူရ၊ တောင်သမန်အကျဉ်းစခန်းများ၌ အနိဋ္ဌာရုံပေါင်းစုံကို ကြုံတွေ့ကြရပြီး အင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်းရေး ရန္တပိုစာချုပ်ချုပ်ဆိုချိန်အထိ ဤအရပ်သား နိုင်ငံခြားသားများ ကြုံတွေ့ခံစားကြရသည်များကို Gouger က မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ဘုန်းတော်ကြီး ဒေါက်တာဂျပ်ဆင်သည်ပင် ရန္တပိုစာချုပ်ချုပ်ဆိုရန် စကားပြန်အဖြစ် ဆောင်ရွက်ပြီးမှသာ လွတ်မြောက်ခွင့် ရခဲ့သည်။ လွတ်မြောက်ပြီး အတန်ကြာတွင် Gouger သည် ယခင်က ခင်မင် ရင်းနှီးခဲ့သူ ဗိုလ်ချုပ်ကြီး ကင်းဘဲလ်ထံသို့ အပြီးတိုင် ထွက်ခွာသွားခဲ့တော့ သည်။
အင်္ဂလိပ်လူမျိုးကုန်သည် Gouger ၏ မှတ်တမ်းဆိုသော်လည်း ဤစာအုပ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၈ဝ ခန့်က မြန်မာ့နန်းတွင်း ပုံရိပ်များထင်ထင်ရှားရှား ပေါ်လွင်နေခဲ့သည်။ ထီးနန်းရေးရာ အရှုပ်အထွေးများ၊ အုပ်ချုပ်ရေးမဏ္ဍိုင် ပျက်ယွင်းမှုများ၊ တရားဥပဒေမဲ့ပြုမှုများ၊ ပဒေသရာဇ်အာဏာ ရှင်နိုင်ငံတစ်ခု၏အစွမ်းကုန်သောအနိဋ္ဌာရုံများကို ပေါ်လွင်အောင် မှတ်တမ်းပြုထားနိုင်ခဲ့သည်။ ရွှေရောင်ဝင်းဝင်း တောက်နေသော နန်းတော်၏အခြားဘက်မြင်ကွင်းကို မြင်သာစေသည်။ မြန်မာ့သမိုင်းပါ အထင်ကရပုဂ္ဂိုလ်တို့၏သမိုင်းစာအုပ်ပြင်ပမှ ဖြစ်ရပ်များလည်းပါဝင်သည်။ နိုင်ငံခြားသား တစ်ဦးအမြင်မှ ရေးသားထားသည်ဆိုသော်လည်း များစွာသောယုံကြည်နိုင်ဖွယ်အဖြစ်မှန်များကို တွေ့ရသည်။ တမင်ဆင်ထားသော ထောင်ချောက်မှန်းသိလျက်နှင့် မျက်ကန်းတိုးဝင်ခဲ့သော မြန်မာ့ပဒေသရာဇ်စနစ်ကျဆုံး ခန်းအစောပိုင်းကာလများကိုလည်း တွေ့နိုင်သည်။
ဘာသာပြန်ဆိုသူသည် မူလက ဤပြန်ဆိုချက်များကို Facebook လူမှုကွန်ရက်ပေါ်တွင် ထုံ့ပိုင်းထုံ့ပိုင်း ရေးသားခဲ့ပြီးမှ လက်တွဲဖော်စာအုပ် တိုက်၏ ကမ်းလှမ်းမှုဖြင့် ယခုကဲ့သို့ စာအုပ်အဖြစ် ရောက်ရှိလာကြောင်းလည်း ဆိုထားသည်။ မြန်မာစာပေ နယ်ပယ်တွင် ရှိထိုက်သော ပြန်ဆို မှုတစ်ခုပင်ဖြစ်သည်။ ဖြစ်ရပ်မှန်ဘာ သာပြန်စာပေနှစ်သက်သူများ၊ သမိုင်း လေ့လာသူများဖတ်ရှုသင့်သည့် စာအုပ် ဖြစ်သည်။ မည်သို့ဆိုစေ ကျွနု်ပ်တို့ အပေါ်အခြားသူများက လွန်ခဲ့သော နှစ်ပေါင်း ၁၈ဝ ခန့်က မည်သို့ ထင် မြင်ခဲ့ကြကြောင်းကို သိလိုလေ့လာလို သူများ ဖတ်သင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
”တကယ်တော့ ငါတို့ရခိုင်ကို အနိုင်ရတဲ့အချိန်ကစပြီး ဘင်္ဂလားနယ်မိုရှီဒါဘတ် (Moorshedabad) အထိ ငါတို့နဲ့ဆိုင်တယ်။ ဘာလို့လဲဆိုရင် ရခိုင်ဘုရင်က အဲဒီအထိ ပိုင်ခဲ့လို့ပဲ။ မင်းတို့က သည်နယ်တွေကို ငါတို့ကို ပြန်ပေးရမယ်”
(စာ-၈၈)
ဝဏ္ဏလင်း

Leave a Reply

Your email address will not be published.