စက္ခုနှစ်ကွင်း အလင်းမရစေမှု ကျရာဘဝတွင် ပျော်ပျော်နေ

ရန်ကုန်၊ နိုဝင်ဘာ ၈
၉ နှစ်သားအရွယ်၌ ကလေးသဘာဝ ဆော့ကစားခြင်းကြောင့် မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ်တွင် အခြားတစ်ဖက်သို့ပါ ကူးစက်လာခဲ့သဖြင့် အမှောင်လောကသို့ ကျ ရောက်ခဲ့ရသူ ကိုအောင်လွင်ဦး၏ အမှောင်ဘဝဖြတ်သန်းခဲ့ရမှုများကို မသန်စွမ်းသူကဏ္ဍမှ တင်ပြလိုက်ပါသည်။
ငယ်စဉ်ဘဝတွင် မျက်လုံးဒဏ်ရာရရှိခဲ့ပြီးနောက် အမြင်အာရုံချို့ ယွင်းခဲ့ရခြင်းကို ဦးစွာပြောရာ၌ ”အသက် ၉ နှစ်မှာ ကလေးသဘာဝ ဆော့ကစားရင်းကနေ မျက်လုံးကို တုတ်နဲ့ထိုးမိရာက စဖြစ်ခဲ့တာပါ။ ပထမပိုင်းတော့ မျက်လုံးတစ်ဖက်က မြင်သေးတယ်။ နောက်ပိုင်းမှာ အမြင်အာရုံတွေ ချို့တဲ့လာပြီး ၁၁ နှစ်အရွယ်မှာ လုံးဝမမြင်ရတော့ဘူး။ ကျွန်တော်က အောင်လံမှာနေတာဆိုတော့ ရန်ကုန်ကဦးလေးတွေဆီမှာ လိုက်နေပြီး မျက်မမြင်ကျောင်းမှာ မူလတန်းကနေ စတက်ခဲ့တယ်။ အ.လ.က (၄)ကြည့်မြင်တိုင် မျက်မမြင်ကျောင်းက ကျောင်းကားဖယ်ရီ ရှိတော့ အဆင်ပြေခဲ့ပါတယ်။ ၉ တန်းမှာ အ.ထ.က(၅) ကြည့်မြင်တိုင်၊ ၁ဝ တန်းအောင်မြင်ခဲ့ပြီး တာဝတက္ကသိုလ်မှာ ပထမနှစ်ထိတက်ခဲ့တယ်။ နောက်ပိုင်း ကျောင်းဆက်မတက်ဖြစ်တော့ဘဲ ကိုယ်နဲ့ဘဝတူမျက်မမြင် တွေကို ၁ဝ တန်းဂိုက်လုပ်ပေး နေတယ်။ သင်္ချာကို အဓိကသင်ပေးပါ တယ်”ဟု သူ့ဘဝအကြောင်းကို ပြောပါသည်။
ထိုမှတစ်ဆင့် ပြောင်းလဲလာခဲ့သော ဘဝအချိုးအကွေ့အဖြစ် ဘဝ လက်တွဲဖော်ရရှိခဲ့ပုံနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ရွေးချယ် လာနိုင်ခဲ့ပုံကို ပြောသည်မှာ ”တက္ကသိုလ်ကျောင်းသားဘဝမှာပဲ မျက်မမြင်ကျောင်းက ဆရာမတစ်ယောက်နဲ့ မေတ္တာမျှခဲ့တယ်။ ဘဝ လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ပြီး အခုဆိုရင် သားတစ်ယောက်၊ သမီး တစ်ယောက် ရခဲ့ပါပြီ။ နောက်ပိုင်းမှာ ကျွန်တော်က စာသင်ရင်းကနေ ကွန်ပျူတာကို လေ့လာခဲ့တယ်။ ဆော့ဖ်ဝဲလ်အသစ်ရေးဆွဲတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ သူငယ်ချင်းအသိတွေနဲ့ ဆက်သွယ်မိပြီး မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့မှာ ဝင်လုပ်ဖြစ်တယ်။ မသန်စွမ်းသူတွေရဲ့ အကြောင်းကို Bagan FM ၊Shwe FM ၊တို့မှာ အသံပိုင်းဆိုင်ရာ Editing လုပ်ဖြစ်ခဲ့ပါတယ်။ အီလက်ထရောနစ်ပိုင်းဆိုင်ရာ ကွန်ပျူတာရဲ့အစိတ်အပိုင်းတွေကိုလည်း ပြုပြင်ဆောင်ရွက်ပေးတဲ့အလုပ်ကို လုပ်နေတယ် ဆိုပါတော့။ မျက်လုံးနှစ်ဖက်က မမြင်ရတာကြောင့် နားကိုပဲအားထား ရတာပေါ့”ဟု သူလျှောက်လှမ်းနေသော အသက်မွေးဝမ်းကျောင်းပညာရပ်အကြောင်းကို ပြောသည်။
ချက်စ်ကစားနည်းကို မွေ့လျော်သောကြောင့် ယင်းနှင့်ပတ်သက်သော ပညာရပ်များကို အင်တာနက်ဝက်ဘ်ဆိုဒ်များမှာ ရှာဖွေဖတ်ဖြစ် ကြောင်း၊ စက္ခုနှစ်ကွင်းအလင်းမရသောကြောင့် စာဖတ်ခြင်းငှာ မစွမ်းနိုင်သော်လည်း ကွန်ပျူတာ၌အသံထည့်သွင်းထား၍ လက်ကွက်များကို လေ့ကျင့်ယူရကြောင်း ကွန်ပျူတာ၏လမ်းညွှန်ချက်နှင့် လက်များမှ တစ်ဆင့် ထိတွေ့မှုနှင့်အတူ အသံကိုနားစွင့်ကာ ဖတ်နိုင်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် မသန်စွမ်းအား ကစားနှစ်ပတ်လည်နေ့အထိမ်းအမှတ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ရှိကြောင်းကိုလည်း ပြောသည်။
”ဘယ်ဘဝရောက်ရောက် စိတ်ဓာတ်မကျစေဘဲ ရောက်ရာဘဝမှာ ပျော်ပျော်နေတတ်တဲ့စိတ်မျိုးရှိဖို့ လိုအပ်ပါတယ်”ဟု မသန်စွမ်းဘဝတွင်ထားရှိအပ်သော စိတ်ဓာတ်မြှင့်တင်ရေးစကားတစ်ခွန်းကို ဘဝတူမသန်စွမ်းသူများထံသို့ ဝေငှလိုကြောင်း ပြောခဲ့ပါသည်။
ဝ၁၄

Leave a Reply

Your email address will not be published.