CPB အလွမ်းပြေ

ကျော်ဝင်း၏ ”ဗမာပြည်ကွန်မြူ နစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်”ကို လွင်ဦးစာပေမှ ပထမအကြိမ် ထုတ်ဝေလိုက်သည်။Bertil Lintner \ The Rise and Fall of the Communist Party of Burma ကိုပြန်ဆိုထားခြင်းဖြစ်ပြီး Bertil Lintner ၏ နာမည်ကျော်စာအုပ်များထဲမှ တစ်အုပ်အပါအဝင်လည်း ဖြစ်သည်။
ဆွီဒင်နိုင်ငံသား ဂျာနယ်လစ် Bertil Lintner ၏ အမည်မှာ ၁၉၈၈ ကာလများမှစတင်၍ မြန်မာလူထုနှင့်ရင်နှီးပြီးသားလည်းဖြစ်သည်။ တစ်ချိန်က စစ်အစိုးရ၏ နာမည်ပျက်စာရင်းတွင် အပါအဝင်ဖြစ်ခဲ့ရသော ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး အာရှရေးရာ၊ မြန်မာ့ရေးရာအထူးပြုလေ့လာသူတစ်ဦးလည်းဖြစ်သည်။ ၁၉၇၅/၇၉ ကာလများကတည်းက အာရှ-ပစိဖိတ်ဒေသအတွင်း လှည့်လည်ရင်း သတင်းဆောင်းပါးများ၊ သဘောထားအမြင်များ ရေးသားခဲ့သူဖြစ်သည်။
Bertil Lintner တွင် ၁၉၈၅ ကာလများကတည်းက အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှ တရုတ်နိုင်ငံအထိ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်ကာ ကီလိုမီတာပေါင်း ၂၂၇၅ မျှ ခရီးရှည်သွားလာရင်း ဒေသန္တရဆိုင်ရာဗဟုသုတများ၊ ဖြတ် သန်းခဲ့ရာဒေသများရှိ နိုင်ငံရေး၊ စစ်ရေး၊ စီးပွာရေးများကို လေ့လာမှတ်တမ်းပြုနိုင်ခဲ့သည်။ အခါအားလျော်စွာ မြန််မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ဤခရီးစဉ်များ၏ရလဒ်များတွင် ဤစာအုပ်သည် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
မူလက မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးရိုးမအခြေပြု ဗမာပြည်ကွန်မြူနစ်ပါတီသည် ဗဟိုခေါင်းဆောင်များဖြစ် သော သခင်သန်းထွန်း၊ သခင်ဇင်တို့ ကျဆုံးပြီးနောက်တွင် ပါတီ၏အဓိက အခြေခံဒေသကို မြန်မာနိုင်ငံအရှေ့ မြောက်ဒေသသို့ ၁၉၆၈ တွင် ပြောင်း လဲအခြေချခဲ့သည်။ ပန်ဆန်းတွင် ဗဟို ကော်မတီဝင်များ အခြေချပြီး လက် နက်ကိုင်တော်လှန်ရေးကို ဆက်လက် ဆင်နွှဲခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီး ပါတီ၏အခြေခံဒေသကောင်းများ ရရှိခဲ့ သည်။ တစ်ချိန်က ထောက်ပံ့မှုပေးခဲ့ သော တရုတ်နိုင်ငံ၏ မူဝါဒအပြောင်း အလဲများနှင့်မြန်မာ့တပ်မတော်၏ ထိုး စစ်များကြောင့် နောက်ပိုင်းတွင် အကျပ် အတည်းများ ပေါ်ပေါက်ခဲ့ရသည်။ ဤ ကာလမှသည် ဗမာပြည်ကွန်မြူနစ် ပါတီလက်နက်ကိုင်တပ်အတွင်း ပုန် ကန်မှု မပေါ်ပေါက်ခင်ကာလများ အတွင်းတွင် Bertil Lintner သည် အခြေခံဒေသအတွင်း လှည့်လည်သွားလာရင်း လေ့လာမှုများ၊ သတင်းမှတ်စုများနှင့် တွေ့ဆုံမေးမြန်းမှုများမှသည် ဤစာအုပ်ကို ပြုစုနိုင်ခဲ့သည်။
ဤစာအုပ်ကို အခန်း ၃ ခန်းခွဲ၍ ပြုစုထားသည်။ ၁၉၃၉ မှ ၁၉၆၈ ထိ ကာလကို ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းအကျဉ်း၊ ၁၉၆၈ မှ ၁၉၈၈ ထိ ကာလကို အရှေ့မြောက်အခြေခံဒေသ၊ ၁၉၈၉ကို တပ်တွင်းပုန်ကန်မှုဟူ၍ နှစ်ကာလနှင့် ဖြစ်စဉ်အလိုက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ စ၊ လယ်၊ ဆုံးကို ခွဲခြားချဉ်းကပ်ထားသည်။ မူဝါဒရေးရာပိုင်း မည်သို့ပင်ရှိစေ ကွန်မြူနစ်ဝါဒသည် ကိုလိုနီနိုင်ငံများ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် မူလကျသောအခြေခံ လှုံ့ဆော်အားတစ်ခုဖြစ်ခဲ့သည်မှာကား ထင်ရှားပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏မူလသည်လည်း ဤနည်းပင်ဖြစ်ခဲ့သည်။ ကိုလိုနီနယ်ချဲ့ကိုအန်တု၍ အမြုတေစခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖက်ဆစ်တော်လှန်ရေးနှင့်လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ကောင်းစွာ ဖွံ့ထွားခဲ့သည်။ အများစုသော လယ်သမား၊ အလုပ်သမားထုကိုကောင်းစွာ စည်းရုံးနိုင်သလောက် ဖဆပလအစိုးရကို လက်နက် ကိုင်တောခိုစဉ်ကလည်း အခြားလက်နက်ကိုင် ပုန်ကန်သူအဖွဲ့များကြား တွင် အင် အားအတောင့်တင်းဆုံးဖြစ်ခဲ့သည်။
ဥက္ကဋ္ဌကြီး သခင်သန်းထွန်းကျဆုံးအပြီး ပဲခူးရိုးမအခြေခံဒေသမှ လက်လွှတ်ကာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းသို့ ရွှေပြောင်းစဉ်ကာလများသည်ကား ဗမာ ပြည်ကွန်မြူနစ်ပါတီအတွက် စတင်ကြုံတွေ့ရသော အကျပ်အတည်းများပင် ဖြစ် သည်။ တရုတ်ပြည်ရောက်နှင့်နေခဲ့သော ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များက ဆက်လက်ဦးဆောင်ပြီး စစ်ရေးအောင်မြင်မှုများနှင့် အခြေစိုက်ဒေသများကို ရယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင်မူ အစိုးရတပ်များ၏ထိုးစစ်ကြောင့် အခြေစိုက်ဒေသများအင် အားချည့်နဲ့လာရုံမျှမက တစ်ချိန်က ကွန်မြူနစ်ပါတီသြဇာခံ အခြားလက်နက်ကိုင်အင်အားစုတို့၏ခြေရာတိုင်းမှုများ၊ အဓိက ကျောထောက်နောက်ခံ တရုတ်နိုင်ငံ၏ အထောက်အပံ့ရပ်ဆိုင်း မှုများ၊ နယ်စပ်ဂိတ်များမှ အခွန်ကောက်လျှော့နည်းလာမှုများ၊ မူးယစ်ဆေးဝါးကုန်ကူးမှုပြဿနာများ၊ ဗဟိုကော်မတီဝင်လူ ကြီးများ၏ ခေါင်းမာသောကွန်မြူနစ်ဝါဒဆုပ်ကိုင်မှုများနှင့် ကွန်မြူနစ်ပါတီဝင်မဟုတ်သူ ဒေသခံလက်နက်ကိုင်ခေါင်း ဆောင်တို့အကြား အက်ကြောင်းထင်လာမှုတို့သည်ကား ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ အကျပိုင်းအခြေအနေများ ဖြစ်သည်။
အထူးသဖြင့် ကွန်မြူနစ်ဝါဒကြောင့် လက်နက်ကိုင်ခြင်း မဟုတ်သည့် တိုက်ပွဲဝင် ရဲဘော်ထုနှင့်အခြေခံအင်အား၊ နယ် ပယ်ကို စည်းရုံးခြင်း မပြုနိုင်သည့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဲခူးရိုးမနှင့် ကွာခြားသော အခြေအနေတို့သည် တပ်တွင် ပုန်ကန်မှုဆီသို့ ဦးတည်စေခဲ့သည်။ ဤသို့ဖြင့် ၁၉၈၉၊ ဧပြီ ၁၆ ရက် ညတွင် တပ်တွင်းသူပုန်အဖွဲ့များက ဗဟိုကော်မတီဝင်များ အခြေစိုက်ရာ ပန်ဆန်းဌာနချုပ်ကိုစီးနင်းသိမ်းပိုက်ခြင်းဖြင့် အရှေ့တောင်အာရှဒေသ၏ အရှည် ကြာဆုံးကွန်မြူနစ်အရေးတော်ပုံကြီး တစ်ခုဆုံးခန်းတိုင်သွားခဲ့ရသည်။ Bertil Lintner သည် ဤစာအုပ်ကိုပြုစုရာတွင် ပြည့်စုံခိုင်မာသော အထောက်အထားမျိုးစုံ၊ လူပုဂ္ဂိုလ်မျိုးစုံတို့ထံမှသာမက ကိုယ်တိုင်ကိုယ်ကျရောက်ရှိမှတ်တမ်းတင်မှု ပြုထား သည်လည်းဖြစ်သည်။ ဖြစ်စဉ်ဖြစ်ရပ်များသက်သက်သာမက ဗမာပြည်ကွန်မြူ နစ်ပါတီ၏ဖြတ်သန်းမှုတို့နှင့်စပ်ဆိုင်သမျှ အခြားသောအင်အားစုတို့၏အမြင်များ၊ ပြုစုသူ၏သုံးသပ်ချက်များကိုပါထည့်သွင်းထားသည်။ စပ်ဆိုင်သမျှ စစ်ရေးဖြစ်စဉ် များသာမက အခြားသောနိုင်ငံရေးဖြစ်စဉ်များကိုလည်း ယှဉ်တွဲသုံးသပ်ထားသည်။ ကိုယ်တိုင်လေ့လာမှုပြုလုပ်စဉ်က မှတ်တမ်းဝင်ဓာတ်ပုံများစွာ ပါဝင်သည်သာမက နိဂုံးသုံးသပ်ချက်များ၊ ဤသမိုင်းကြောင်းတွင် ပါဝင်ခဲ့သူတို့၏ အတ္ထုပ္ပတ္တိအကျဉ်း များ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နောက်ဆုံးအဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်စာရင်း၊ အခြေခံနယ်တို့၏မြေပုံမှတ်တမ်းများ၊ အခြားလက်နက်ကိုင်အဖွဲ့များစွာ၏ တည် ထောင်ဖွဲ့စည်းမှုသမိုင်းအကျဉ်းတို့ကိုပါ ပြည့်စုံစွာပြုစုထားသည်။ ဘာသာပြန်ဆို သူဆရာကျော်ဝင်းကလည်း ယင်း၏သုံးသပ်ချက်အတွေ့အကြုံတို့ကိုပါ တစ်ပါး တည်းတင်ပြထားသည်။ ဘာသာပြန်ဆိုသူသည်လည်း တစ်ချိန်က အဆိုပါအဖွဲ့ အစည်းနှင့်ဆက်စပ်ပတ်သက်မှုရှိခဲ့သည်ဖြစ်၍ ပြုစုသူ၏ အချို့သောကွဲလွဲချက်များတွင် မူကွဲများကို ထပ်မံဖြည့်သွင်းပေးနိုင်ခဲ့သည်။ ပြုစုသူ၊ ပြန်ဆိုသူတို့၏ အားထုတ်မှုကောင်းတစ်ခုဖြစ်သည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ယနေ့ပျောက်ကွယ်သွားပြီဖြစ်သော်လည်း တစ် ချိန်က ရာစုနှစ်ထက်ဝက်ကြာ အရေးပါသော ကဏ္ဍတစ်ရပ်မှ နေရာယူခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း လေ့လာလိုသူများ၊ နိုင်ငံရေးစာပေနှစ်လိုသူ များ၊ Bertil Lintner နှင့် ကျော်ဝင်းတို့၏ ပရိသတ်များဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ အယူအဆသံယောဇဉ် လက်ကျန်ရှိသူများအတွက် အလွမ်းပြေစာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါလိမ့်မည်။
”အမှန်စင်စစ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်လာခြင်းမှာ တပ်မတော်၏ ဆုံးဖြတ်ချက်ဟူ၍သာ ဆိုရပါလိမ့်မည်။
ဤဆုံးဖြတ်ချက်ကြောင့်ပင် ဗမာပြည်ကွန်မြူနစ်ပါတီပြန်လည် အားသစ်လာနိုင်ဖို့ လမ်းခင်းပေးလိုက်သလိုလည်း ရှိခဲ့သည်” (စာ-၅၆)
ဝဏ္ဏလင်း

Leave a Reply

Your email address will not be published.