ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကိုယ်ဝန်ဆောင်သည်ဖြစ်စေ အမျိုးသမီးအခွင့်အရေးသည် တန်းတူညီမျှ ဖြစ်သင့်

အမျိုးသား/အမျိုးသမီး တန်းတူညီတူ အခွင့်အရေးပေးရမည်ဟု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါသော်လည်း ထိရောက်သည့် တန်းတူညီမျှမှု ၏ အဓိပ္ပာယ်၊ ခွဲခြားဆက်ဆံမှု၏ အဓိပ္ပာယ်ကို တိတိကျကျ ရှင်းရှင်း လင်းလင်း ဖော်ပြသင့်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် အမျိုးသား များနှင့်သာ သင့်တော်သော အလုပ်/အကိုင် ရာထူးဟု ဖော်ပြထားခြင်း များသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ)၏ အမြင်နှင့်ကြည့်လျှင် တိုက်ရိုက် ခွဲခြားဆက်ဆံလိုက်ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးဟုဆိုရာတွင်လည်း အမျိုးသမီးငယ်ဖြစ်စေ အမျိုးသမီးကြီးဖြစ်စေ ကိုယ်ဝန်ဆောင်သည်ဖြစ်စေ မဆောင်သည်ဖြစ်စေ မိခင်ဖြစ်သည် ဖြစ်စေ မဖြစ်သည်ဖြစ်စေ အမျိုးသမီး အားလုံးအတွက် တန်းတူညီမျှဖြစ်သင့်သည်ဟု ကျား/မရေးရာ တန်းတူညီမျှ ရေးကွန်ရက်က မေစံပယ်ဖြူက နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပဲ့တင်သံသို့ ပြောသည်။
”ဒါတွေက အမျိုးသမီးနဲ့မသင်တော်ဘူး။ အမျိုးသားနဲ့သာ သင့်တော်တယ်ဆိုပြီးတော့ အဲဒီလို ခွဲခြားဆက်ဆံမှုတွေ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ မပါသင့်ဘူး။ကိုယ်ဝန်ဆောင်နဲ့ သားသမီးရှိတဲ့ မိခင်တွေ ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါပါတယ်။ အပေါ်ယံကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကောင်းတဲ့ Provision တွေဖြစ်တယ်လို့ ပြောနိုင်ပေမဲ့လည်း အမျိုးသမီးတိုင်းဟာ မိခင်တွေ မဟုတ်ဘူးဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားဖို့အတွက် မေ့လျော့နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေလို အရေးကြီးတဲ့ နိုင်ငံရေး အုတ်မြစ်တစ်ခုဟာ သွယ်ဝိုက်ပြီး ခွဲခြားဆက်ဆံမှုသဘောကို ဆောင်တဲ့ Provision မျိုးတွေ မပါသင့်ဘူး။ ပြီးတော့ သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့် ရှိတဲ့ Criteria မှတ်ကျောက်ပေတံတွေပေါ့။ အမျိုးသမီးတွေ သမ္မတဖြစ်ခွင့် မရှိဘူးလို့ အတိအကျရေးမထားပါဘူး။ သို့သော်လည်း သမ္မတဖြစ်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းထဲမှာ စစ်ရေးအမြင်နဲ့ အတွေ့အကြုံတွေ ရှိရမယ်ဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်ပါတယ်။ တကယ့်လက်တွေ့မှာ လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးတွေ စစ်ရေးအခန်းကဏ္ဍမှာပါဝင်မှု လုံးဝမရှိသလောက် ဖြစ်နေတဲ့အတွက်ကြောင့် ဒါသည် အမျိုးသမီးကို ပါဝင်ခွင့်မရအောင် ခွဲခြားသတ်မှတ်ထားတဲ့သဘောမျိုးဆောင်တယ်။ အဲဒီသဘောမျိုးသက်ရောက်တယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေက အမျိုးသမီးသမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားကြောင်းပြောသည်။
အမျိုးသား/အမျိုးသမီးများအားလုံးကို သမားရိုးကျတန်းတူညီတူ အခွင့်အရေးများပေးထားရုံနှင့် လုံလောက်မှုမရှိကြောင်း၊ ၄င်းတို့၏ မတူ ကွဲပြားသည့် နောက်ခံဖြတ်သန်းမှုများ၊ အတွေ့အကြုံများ၊ လိုအပ်ချက်များကို စနစ်တကျအလေးအနက်ထား စဉ်းစားရမည်ဖြစ်ကြောင်း၊ အမျိုး သမီးများအား အမျိုးသားများနှင့်မတူညီသော လုပ်ငန်းတာဝန်များနှင့် လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားသော စံနှုန်းသတ်မှတ်ချက်များကို လျှော့ချမှသာလျှင် ထိရောက်သော တန်းတူညီတူမှုရှိလာမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ ကြုံတွေ့နေရသည့် ပြဿနာများ၊ အခက်အခဲများသည် အမျိုးသားများနှင့် တူညီမှုမရှိသည့်အတွက် အဆိုပါအချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲသည့်အခါထည့်သွင်းရေးသားစေချင် ကြောင်း ဆိုပါသည်။
”အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ ကွန်ရက်တွေ အတတ်နိုင်ဆုံး အမျိုးသမီးကဏ္ဍ မြင့်လာအောင် ကြိုးစားနေပါတယ်။ အခုမှ ကြိုးစားနေတာမဟုတ်ပါဘူး။ လွန်ခဲ့သောနှစ်တော်တော်ကြာကြာတည်းက ဝိုင်းပြီးလုပ်ဆောင် နေတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း တိုးတက်မှု၊ အောင်မြင်မှုက နှေးကွေးနေသေးတယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ နှေးကွေးပါစေ၊ နည်းပါးပါစေ။ ကျွန်မတို့ လုပ်ရှိလုပ်နေတဲ့ အရာတွေကို ရပ်လိုက်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လုပ်နေတဲ့ လူတွေ အများကြီးရှိတာတောင် ပြောင်းလဲမှုကနည်းနည်းပဲတွေ့ရပါတယ်။ လုပ်နေတဲ့သူတွေမရှိဘူးဆိုရင် ပြောင်းလဲမှာမဟုတ်ဘူးလို့ ခံယူထား တဲ့အတွက်ကြောင့် စိတ်ကျေနပ်အားရတဲ့ အဆင့်တစ်ခုကို မရောက်လာသေးပေမယ့် ကျွန်မတို့က စိတ်မပျက်ပါဘူး။ အားမလျှော့ပါဘူး” ဟု ပြောပါသည်။
ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်သည် သုံးနှစ်တာ လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းနယ်ပယ်လေးရပ်ကို ဆောင်ရွက်နေကြောင်း၊ အမျိုးသမီးများ ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတွင် ပိုမိုပါဝင်လာရေး၊ အမျိုးသမီးများကို ထိရောက်စွာ ကာကွယ်မှုပေးနိုင်သည့် ဥပေဒေများ၊ မူဝါဒများ၊ အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးရေးစနစ်များ ဖြစ်ပေါ်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး၊ တားဆီးကာကွယ်ရေး၊ အမျိုးသမီးများ ကဏ္ဍပေါင်းစုံတွင် ပါဝင်ခွင့်မရစေရန်၊ သို့မဟုတ် အမျိုးသမီးများ အကြမ်းဖက်ခံရစေရန် တွန်းအားပေးနေသည့် ပြောင်းလဲရန် လိုအပ်သော အမျိုးသမီးများ၏ ဘဝများကို လွှမ်းမိုးထားသော လူမှုရေးစံနှုန်းများနှင့်ထုံတမ်းစဉ်လာအချို့ပြောင်းလဲရေးကို ဆောင်ရွက် နေကြောင်း၊ အဆိုပါနယ်ပယ်လေးရပ်ကို အဓိကထား၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲနိုင်စေ ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ဆောင်ရွက်ခြင်းနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရသည့် အခြေအနေများနှင့် အမျိုးသမီးများ၏ဘဝကို လွှမ်းမိုးထားသည့် စံနှုန်းများနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို သုတေသနပြုနေကြောင်း ပြောကြားပါသည်။
”အရေးကြီးတဲ့အချက်က ကျွန်မတို့မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတို့၊ ပြောဆိုနေကြတဲ့အချိန်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်မှု မရှိတာဟာလည်း ကျွန်မတို့စိုးရိမ်တဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဖြစ်စဉ်မှာ ပိုမိုပါဝင်ခွင့်ရရှိလာဖို့အတွက်လည်း ကျွန်မတို့တွေအလေးထားပြီး ဆောင်ရွက်နေပါတယ်”ဟု ဆိုပါသည်။
ကဏ္ဍအသီးသီးတွင် အမျိုးသမီးပိုမိုပါဝင်ခွင့်ရရေးနှင့် စပ်လျဉ်း၍ ”ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေကို သုံးဆယ်ရာခိုင်နှုန်းကို ထားပေး သင့်တယ်ဆိုတာက ကျွန်မတို့က သက်မှတ်တာမဟုတ်ဘူး။ နိုင်ငံတကာမှာ အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ သဘောတူစာချုပ်တွေ၊ အတွေ့အကြုံတွေနဲ့ သက်မှတ်တာပါ။ မြန်မာနိုင်ငံရဲ့လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေဟာ ကဏ္ဍတိုင်းမှာ သုံးဆယ်ရာခိုင်နှုန်းလောက်ကိုမှ ကိုယ် စားပြုခွင့် မရှိသင့်ဘူးလား။ ‘ကိုယ်တာ’ဆိုတာ တကယ်တော့ ယာယီအထူး ပြုလုပ်ချက်ပါ။ အမျိုးသမီးပါဝင်မှုနှုန်း အရမ်းကိုနည်းပါးတဲ့ကဏ္ဍတွေမှာ ကျင့်သုံးခြင်းအားဖြင့် အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရလာအောင် အထောက် အကူဖြစ်ပါတယ်” ဟု အမျိုးသမီးများအတွက် ‘ကိုယ်တာ’ စနစ်ကို အသုံးပြုရန် ပြောပါသည်။
ယ-ဝဝ၃

Leave a Reply

Your email address will not be published.