အလုပ်လက်မဲ့နှုန်းနှင့် နိုင်ငံ၏ဆင်းရဲမှုက အမျိုးသမီးများဘဝကို ထိခိုက် ဖွဲ့စည်းပုံအခြေခံဥပဒေက အမျိုးသမီးအခွင့်အရေးမြှင့်တင်ပေးခြင်း၊ ကာကွယ်ပေးခြင်းမရှိ

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း၊ Political Education ဒါရိုက်တာ၊ Rainfall အမျိုးသမီးအဖွဲ့တည်ထောင်သူ ဒေါ်ဇင်မာအောင်က နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမြင့်မားမှုနှင့် နိုင်ငံ၏ဆင်းရဲချမ်းသာကွာဟမှု အနေအထားက အမျိုးသမီးထုကို ထိခိုက်ကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသမီးများ၏ အခွင့်အရေးကို မြှင့်တင်ပေးခြင်း၊ ကာကွယ်ပေးခြင်း မရှိကြောင်းနှင့် မျိုးစောင့်ဥပဒေသည် လူ့အဖွဲ့အစည်းတွင်း ပြဿနာနှင့် ပဋိပက္ခများ ဖြစ်ပွားစေနိုင်ကြောင်း ပဲ့တင်သံဂျာနယ်သို့ ပြောကြားခဲ့ပါသည်။
အမျိုးသမီးတစ်ဦးချင်းစီ၏ ဘဝမြင့်မားရန်ထက် လူတစ်ဦးချင်းစီ၏ ဘဝမြင့်မားရန်မှာ ပိုအရေးကြီးပြီး၊ အခြေခံလိုအပ်ချက် အများကြီးရှိကြောင်း၊ ခေတ်အခြေအနေပြောင်းလဲလာမှုနှင့်အတူ လူနေမှုအဆင့်အတန်းကိုသတ်မှတ် သည့်ပေတံများက မတူကြတော့ကြောင်း၊ နိုင်ငံတော်အဆင့်အနေနှင့် တိုင်းပြည်လူထုအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းဟူ၍ တိတိပပ မရှိသေးသလို၊ စားဝတ်နေရေး ကုန်ကျစရိတ်များကာမိစေရန် အဆင့်တန်းမီ သည့် အလုပ်အကိုင်အခွင့်အလမ်းမျိုးဖန်တီးပေးနိုင်သည့် ပေါ်လစီ၊ မူဝါဒမျိုး မတွေ့ရသေးကြောင်း၊ မြန်မာပြည်သူလူထုတစ်ဝက်ကျော်သည် အမျိုးသမီး များဖြစ်သည့်အတွက် အမျိုးသမီးတစ်ဦးချင်းစီ၏ဘဝမြင့်မားရန် တစ်နိုင်ငံ လုံး၏အခြေအနေနှင့်လည်း ချိတ်ဆက်နေကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာ့လူ့အဖွဲ့အစည်းက Single mother များနှင့် မတရားပြုကျင့်ခံသော အမျိုးသမီးများအပေါ် ပြုမှုဆက်ဆံပုံကို မဇင်မာအောင်က ” Single mother တွေကို လက်ခံတာ/လက်မခံတာက လူ့အဖွဲ့အစည်းကိစ္စဖြစ်ပြီး တော့ အမေအဖြစ်ခံယူခြင်း၊ မခံယူခြင်းကေတော့ အမျိုးသမီးတွေရဲ့ရွေးချယ်မှုပဲ ဖြစ်လိမ့်မယ်။ သူတို့ဘာသာသူတို့ ရပ်တည်နိုင်တယ်ဆိုရင်တော့ ကိုယ့်ရွေးချယ်မှုနဲ့ဆိုင်တယ်လို့ပြောချင်တာ။ လူ့အသိုင်းအဝိုင်းက လက်ခံတာ၊ လက်မခံတာက လူ့အသိုင်းအဝိုင်းကိစ္စဖြစ်ပြီးတော့ လူတစ်ဦးတစ်ယောက်ချင်းကိစ္စကတော့ အဲဒီလူတစ်ယောက်ရဲ့ရပ်တည်ချက်၊ ခံယူချက်နဲ့ ပဲဆိုင်တယ်။ ဒါပေမဲ့ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေကို မြန်မာ့လူ့အဖွဲ့ အစည်းကဖယ်ကြဉ်ထားတာက မြန်မာ့လူမှုအသိုင်းအဝိုင်းရဲ့ တန်ဖိုးထားပုံ တစ်ခုလွဲနေတယ်လို့မြင်တယ်။ ယဉ်ကျေးမှုအရ အမှားအယွင်းတစ်ခုလို့ပဲ ပြောချင်တယ်။ လူ့အသိုင်းအဝိုင်းအနေနဲ့ မတရားပြုကျင့်ခံရတဲ့ ဘက်ကနေ ရပ်တည်ပေးရမယ့်အစား မတရားပြုကျင့်ခံရသူကိုပဲ နောက်ထပ်ထပ်ပြီးတော့ လူ့အသိုင်းအဝိုင်းကဖယ်ကြဉ်လိုက်တဲ့အခါ တကယ်ပြစ်ဒဏ်ရှိတဲ့ သူကိုကျတော့ အပြစ်ပေးဖို့ထက် ကျူးလွန်ခံရသူက ပိုပြီးတော့ခံစားရတဲ့ ဟာမျိုးဖြစ်နေတယ်ဆိုတော့ တရားမျှတမှုမရှိတဲ့ အလေ့အထတစ်ခုလို့ပဲ ဝေဖန်ရမှာပဲ”ဟု မြန်မာ့လူ့အဖွဲ့အစည်း၏ မှားယွင်းချက်ကိုပြောသည်။
လူကုန်ကူးမှုသည် လူမှုဘဝများနိမ့်ပါးနေခြင်း၊ ကုန်ဈေးနှုန်းနှင့် စီးပွားရေးအကျပ်အတည်းများနှင့် ချိတ်ဆက်နေခြင်းဖြစ်ကာ လူကုန်ကူးခံရသည့် အများစုသည် အမျိုးသမီးများဖြစ်နေကြသည်။ အမျိုးသမီးများ လူကုန်ကူး ခံရသည့်အကြောင်းအရင်း များထဲက တစ်ချက်သည် မိသားစုစီးပွားရေးအ ခြေအနေကြောင့်ဖြစ်ရကာ သိလျက် နှင့်သော်လည်းကောင်း၊ မသိဘဲနှင့် သော် လည်းကောင်း လူကုန်ကူးခံရ ကြောင်း၊ သိလျက်လူကုန်ကူးခံရ ခြင်းသည် ပိုက်ဆံရှာရမည်၊ သို့မှ သာ မိသားစုကို ပြန်ထောက်ပံ့နိုင် မည်ဟု တွေးထင်သောကြောင့်ဖြစ်ကြောင်းပြောသည်။ ၎င်းအပြင် ဗဟုသုတနည်းပါးခြင်းနှင့်လည်း သက်ဆိုင်ကြောင်း၊ လူကုန်ကူးမှုသည် နိုင်ငံအတွင်းနှင့် နိုင်ငံဖြတ်ကျော်ဟူ၍ နှစ်မျိုးရှိကြောင်း၊ လူကုန်ကူးမှုကို ဟန့်တားဆောင်ရွက်ရာတွင် နိုင်ငံတော် အဆင့်အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များက ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အကြံပေးပြောကြား ခဲ့ပါသည်။
အမျိုးသမီးများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ”၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အမျိုးသမီးများရဲ့အခွင့်အရေးကို တိတိပပပြဋ္ဌာန်းထားတာ မျိုးမရှိ ဘူး။ Gender Sensitive မဖြစ်ဘူး။ လူ့အသိုင်းအဝိုင်းကခံယူထားတဲ့ ယဉ် ကျေးမှုတွေ၊ လူမှုရေး၊ နိုင်ငံရေးတွေ၊ နှုန်းစံတန်ဖိုးတွေရဲ့ ထွက်ကုန်ကို ဦးဆောင်မှုအခန်းကဏ္ဍမှာယူထားတဲ့ Stakeholder တွေက အမျိုးသမီးတွေ အပေါ်မှာ၊ ကျား/မတန်းတူရေးမှာ ဘယ်လောက်ထိ Sensitive ဖြစ်လဲပေါ့။ စိတ်ပါဝင်စားမှုရှိလဲ။ ဒီကိစ္စက အရေးကြီးလား၊ မကြီးဘူးလား။ သူတို့ရဲ့ ခံယူပုံပေါ်မှာ မူတည်တယ်။ ၂ဝဝ၈ အခြေခံဥပဒေမှာဆိုရင်လည်း အလုပ် အကိုင်ခန့်ထားရာမှာပဲဖြစ်ဖြစ် အမျိုးသား၊ အမျိုးသမီးခွဲခြားပြီးတော့ အလုပ် အကိုင်ခန့်ထားခြင်းမရှိစေရဆိုတာပါတယ်။သို့သော် အပိုဒ်ငယ်တစ်ခုမှာ ကျတော့ အမျိုးသားနဲ့သင့်တော်တဲ့အလုပ်ကိုတော့ အမျိုးသားများကိုသာ ခန့်ထားရမယ်ဆိုတာပါတယ်။ အဲဒီလို Clause တွေဟာ အကြီးကျယ်ဆုံး အဟန့်အတား တွေဖြစ်တယ်။ အမျိုးသမီးတွေစစ်ထဲဝင်ဖို့ ပြောတာမဟုတ် ဘူး။ Democratic မကျလို့ပြောတာ၊ ဒီမိုကရေစီရှုထောင့်နဲ့ပြောတာ။ ယဉ် ကျေးမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ နှုန်းစံတန်ဖိုးတွေ နှုန်းရှင်သဘောမထား ဘဲ၊ အသေသဘောချည်းလက်ခံထားတာ ပြဿနာရှိတယ်။ အခြေခံဥပဒေနဲ့ ခွဲခြားဆက်ဆံထားတယ်လို့ပြောတာထက် အခြေခံဥပဒေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးတာမျိုး၊ ကာကွယ်ပေးတာမျိုး လုံးဝမရှိဘူးလို့ သေချာပေါက် ပြောလို့ရတယ်” ဟု ပြောပါသည်။
မျိုးစောင့်ဥပဒေသည် လူ့အဖွဲ့အစည်းအတွင် မလိုလားအပ်သည့် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်ကြောင်းကို ”မျိုးစောင့်ဥပဒေလို့ ပြောတာက မျိုးစောင့်ဥပဒေလို့ ခေါင်းစဉ်တပ်ထားလို့ပြောရတာ။ မျိုးစောင့်ဥပဒေကို ဝေဖန်ရခြင်း၊ လက်မခံရခြင်းက လူတစ်ယောက်ဟာ ကိုယ့်အမျိုး၊ ကိုယ့် ဘာသာ သာသနာကို စောင့်ရှောက်စရာမလိုဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါကိုတော့ သေသေချာချာလေး သတိထားစေချင်တယ်။ မျိုးစောင့်ဥပဒေ ကို လက်မခံဘူးလို့ပြောတာဟာ အဲဒီထဲမှာပါတဲ့အစိတ်အပိုင်းတွေကို မကြိုက်တာ။အဲဒါတွေက အမျိုးဘာသာသာသနာကို စောင့်ရှောက်ဖို့လည်း မဖြစ်ဘူး။ ကိုယ်က ဗုဒ္ဓဘာသာဆိုရင် ကိုယ့်မှာဗုဒ္ဓဘာသာကို စောင့်ရှောက် ဖို့ တာဝန်ရှိထားပြီးသား။ ကျွန်မတို့တိုင်းပြည်မှာ ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံနေကြတယ်။ သူတို့ရဲ့အမျိုးဘာသာသနာကို စောင့်ရှောက်ဖို့ အခွင့် အရေးလည်းရှိတယ်။ တာဝန်လည်းရှိတယ်။ ဒါတွေကို ထိပ်တိုက်မတွေ့ စေချင်ဘူး။ ဒါကြောင့် လက်မခံတာ။ ထိပ်တိုက်တွေ့ရင် တိုင်းပြည်ရဲ့ ရှေ့ဆက်သွားရမယ့်ဟာတွေ ရပ်တန့်ကုန်လိမ့်မယ်။ မျိုးစောင့်ဥပဒေက ရည်ရွယ်တာကတစ်မျိုး၊ ဖြစ်သွားတာကတစ်မျိုး ဖြစ်သွားကုန်လိမ့်မယ်။ လူ့အဖွဲ့အစည်းထဲမှာ မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့မှုတွေ၊ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်”ဟု မျိုးစောင့်ဥပဒေမှတစ်ဆင့် ဖြစ်လာနိုင်သော ပြဿနာ များကို ပြောကြားခဲ့ပါသည်။
ယ-ဝဝ၃

Leave a Reply

Your email address will not be published.