ခေတ်သစ်သင်ပုန်းကြီး( ၃ )

လက်ရှိစနစ်အရ သမ္မတကို လူထုက

တိုက်ရိုက်ရွေးခွင့်လည်း မရ

သမ္မတက ကာ/ချုပ်လည်း မဖြစ်

ကာ/လုံမှာလည်း အိမ်ဖြည့်ရုံဖြစ်မည်ကို

သိလျက်နှင့်ပင် ကြမ္မာငင်လိုက ငင်စေတော့ဟူ၍

ထိပ်ထားရော၊ သေနာပတိများပါ

သည်ရာထူးအတွက် တက်ကြွနေကြ

အဘက ငြိမ်းချမ်းရေးဉာဏ်ကြီးရှင်များကို အားကိုး

ထိပ်ထားက သေနာပတိတစ်ပါးကို ခါးကြားထိုးရန်ပြင်

ယင်းသေနာပတိကလည်း ထိပ်ထားကို လက်ထောက်ခန့်ရုံ တွေး

မိုးကလည်း အေးသဖြင့်

စိတ်ကူးယဉ်လို့ ကောင်းကြသပေါ့

မအံ့သြကြပါနှင့်။

ကိုယ့်ဇောနှင့်ကိုယ်မို့ အချိန်ပိုဆွဲဆန့်ကာ

တစ်ထွာတစ်ညို မီဒီယာဥပဒေကို

တစ်မိုးတစ်နွေမက ပြုစုကြလေသည့်

မီဒီဂုရုများအနေဖြင့်

အမျိုးမျိုးသော အမျိုးမျိုးကိစ္စများကြောင့်

စိုးနှောင့်ဗျာပွေ အလုပ်ရှုပ်နေလေကြခိုက်

မီဒီယာလက်နက် အစွမ်းထက်မှန်း

အောက်လမ်းမှ တတ်သိသည့် လူကြီးမင်းများက

သုံး-လေးကိုယ်ခွဲကာ

တရားဝင်တစ်မျိုး၊ ဖေ့စ်ဘွတ်ခ်တစ်ဖုံ

ပြည်သူ မယုံသည့် စာမျက်နှာမှ တစ်သွယ်

ထန်းလက်နှင့် ကွယ်လာကြသော်လည်း

ခဏထင်းပြက်သည့် လင်းပွင့်မီဒီယာလျှပ်စီးကြောင့်

ရှေ့က ဖုံးသည့်တိုင်

အသွင်ဖျက်ဇက်ချုပ်မိုးကြိုးကြီးမှာ

အဝင်ဖြောင့်လွန်းရကား

ပုဆိုးခြုံအောက်က လက်သီးများပင်

ဒေါသသံ တိန်တိန်ထွက်လာကြ

ယုံနိုင်ရပါ၏လော။

အနောက်တံခါး မလုံဟု တွေးပူနေရခိုက်

အရှေ့တံခါးကို ဖြတ်ရန် ကျည်တစ်သိန်းက ကြံသလို

ငြိမ်းချမ်းရေးအတွက် လက်ဆွဲနှုတ်ဆက်သည့်အဖွဲ့ဝင်အိမ်မှာလည်း

ဆေးပြားသိန်းထောင့်လေးရာဖိုးက ပေါ်

အော်…ဘယ်တံခါးက လုံပါလိမ့်ဟု တွေးစပြု

ပိုင်ဆိုင်မှု ထုတ်ဖော်ရေး ရတက်မအေးကြသူများကတော့

တံခါးတစ်ချပ်မလုံလျှင် နောက်တစ်ချပ်လုံစေရန်

ကိုယ်ပိုင်အိမ်ကိုပင် သရုပ်ပြနှင့် အဟုတ်နေဟု

အရန်တံခါးများစွာ ထားလာကြ

ကိုယ်ပိုင်စီးပွားကိုမူ နာမည်ခံနှင့် တိတ်တိတ်ပုန်း

ဗုန်းထားသည်များကို ခေါင်းစဉ်ခွဲနေကြရရာ

ကိုယ်တိုင်မက ကတော်များကပင် မအားကြဆို၏။

အံ့သြကုန်နိုင်ပါရိုးလား။

အခမ်းအနားနိုင်ငံရေးသမားများကလည်း

အခမ်းအနားပြီး အခမ်းအနား

ခမ်းနားကြီးကျယ်စွာ ကျင်းပကြရေးနှင့်

အတိတ်ထဲက မထွက်နိုင်ကြသေး

ရှေ့ရေးကို ကြိုကစားလိုသူတို့ကတော့

သပ်လျှိုဆွပေး ဂုန်းချောရန်တိုက်နည်းလမ်းအထွေထွေဖြင့်

အခင်းအကျင်းအသစ်များကို

ရှုပ်ထွေးရုန့်ရင်းကြမ်းတမ်းစွာ စီမံကြံစည်လာကြ

မအံ့သြကြပါနှင့်။

မည်သို့ပင်ဖြစ်စေ

နိုင်ငံသားများအားလုံး

နိုင်ငံရေးထစ်ချုန်းမိုးများ၏ဒဏ်ကို

ဆက်လက်မခံစားကြရပါစေသတည်း။

ပြောင်းဖူးရိုး

One comment on “ခေတ်သစ်သင်ပုန်းကြီး( ၃ )

Leave a Reply

Your email address will not be published. Required fields are marked *