ငြိမ်းချမ်းရေးတည်တံ့ရန် မျှော်လင့်ဒုတိယနှစ် အင်္ဂလိပ်စာအဓိကကျောင်းသူတစ်ဦးဖြစ်သည့် မသက်စုနန္ဒီကို မေးမြန်းဖြစ်ခဲ့ပါသည်။

ဒုတိယနှစ် အင်္ဂလိပ်စာအဓိကကျောင်းသူတစ်ဦးဖြစ်သည့် မသက်စုနန္ဒီကို မေးမြန်းဖြစ်ခဲ့ပါသည်။ သူသည် Heart Plus ပရဟိတကျောင်းသားလူငယ်များအသင်းတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သောကြောင့် ပရဟိတပေါ်သူ၏အမြင်များကိုလည်း မေးမြန်းဖြစ်ခဲ့ပါသည်။ ပထမဦးစွာလက်ရှိဆောင်ရွက်နေသည့် လှုပ်ရှားမှုများ အကြောင်းကို မေးမြန်းသည်”ညီမက Heart Plus ပရဟိတကျောင်းသား လူငယ်များအသင်းမှာ Founder တစ်ယောက်အနေနဲ့ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းဖို့ တိုက်တွန်းတာရော၊ Volunteer အနေနဲ့ရောပါဝင်လှုပ် ရှားဖြစ်ပါတယ်။ ညီမတို့အသင်းက သူငယ်ချင်းတွေနဲ့ပဲ စုပေါင်းလှုပ်ရှား ကြတာဆိုတော့ အကုန်လုံးက Member တွေပါပဲ။ ညီမက အဝေးသင်ဆိုတော့ ကျောင်းသား Membersတွေကို တာဝန် မယူပါဘူး။ စေတနာရှင်ဆီက လှူဒါန်းငွေလက်ခံတာတို့ ဘာတို့တော့ ညီမတာဝန်ယူပါတယ်။ အကုန်လုံးကရှိတဲ့ အလုပ်တာဝန်တွေ အကုန်ကို ခွဲဝေပြီးလှုပ်ရှားဖြစ်ပါတယ်။ ညီမတို့ Founder ၉ ယောက်ကတော့ တစ်လတစ်ကြိမ်ဖြစ်စေ၊ ၂ လတစ်ကြိမ်ဖြစ်စေ နိုင်သလောက် အစည်းအဝေးလုပ်ပြီး ဆွေးနွေးကြပါတယ်။ အဲဒီမှာတော့ ကိုယ်နိုင်သလောက် တာဝန်တွေကို ခွဲယူကြပါတယ်။ အလှူတစ်ခုလုပ်တော့မယ်ဆိုရင် ညီမတို့တွေအပြင် Members တွေကိုပါ လိုက်ပါချင်တဲ့သူတွေကို အကြောင်းကြားတယ်။ကားစီစဉ်တဲ့သူက စီစဉ်၊ လိုအပ် တာဝယ်သူကဝယ်။ လှူမယ့်နေ့မတိုင်ခင် လှူမယ့်နေရာကိုသွားတာတို့ ဘာတို့ အဲဒါကိုတော့ ညီမတို့ ၉ ယောက်ပဲ လုပ်ဖြစ်ပါတယ်။”
ထို့အပြင် လူငယ်များပရဟတိလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားလာကြသည်ကို သူ့အနေဖြင့် ဝမ်းသာကြည်နူးမိပုံကိုလည်း ပြောပြခဲ့ပါသည်။
”ပရဟိတလုပ်ငန်းဆိုတာ အများအကျိုးသယ်ပိုးခြင်းလို့ ညီမတို့က လက်ခံထားတယ်။ ပရဟိတလုပ်တာများရင် အလိုလိုအတ္တဟိတက လျော့နည်းသွားတယ်။ အတ္တနည်းတဲ့သူတွေ များလာရင် လူတိုင်းလိုလိုက မေတ္တာ စိတ်ထားပြီး ကြည့်နိုင်လာမယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေ လျော့လာပြီးသည်းခံနိုင်လာမယ်။ အားနည်းသူကို ဖေးမလာလိမ့်မယ်။ အနိုင်မကျင့်တော့ဘူး။ လွန်ခဲ့တဲ့နှစ်ကာလတွေတုန်းက ပရဟိတလုပ်ငန်းတွေမှာ အခုလိုတစ်နိုင်တစ်ပိုင်အဖွဲ့လေးတွေ လူငယ် တွေ ဦးဆောင်ကြတာ မရှိသလောက်ပါဘဲ။ ဒီဘက်နှစ်တွေမှာကျတော့ လူငယ်တွေက အရမ်းကို အမြင်ကျယ်လာပြီး ပရဟိတဘက်ကို ပိုပြီးလှုပ်ရှားဖြစ်ကြတယ်။ ညီမငယ်ငယ်ကဆို ပရဟိတအဖွဲ့လေး တစ်နိုင်တစ်ပိုင် Foundation လေး လုပ်ချင်တာအိပ်မက်လိုပဲ။ Foundation လုပ်ဖို့အထိက ဘယ်လိုမှ မတတ်နိုင်ဘူး။ အသင်းအဖွဲ့တွေကလည်း မရှိဘူးလေ။ ဒါပေမဲ့ အခုကျတော့ လူငယ်ပရဟိတအသင်းတွေက ကျောင်းတိုင်းလိုလိုရှိနေပြီ။ လူငယ်တွေကလည်း ကိုယ့်အသင်းကို ဦးဆောင် နိုင်ကြတယ်။ လူငယ်တွေအနေနဲ့ပရဟိတဘက်ကို အားသန်လာတယ်။ ဘာသာရေးကို ပိုနားလည်လာတယ်။ လူ့ပတ်ဝန်းကျင်နဲ့ ပိုပြီးထိတွေ့နိုင်ကြတယ်။” ထို့အပြင်တောင်းဆို၍ ရမည်ဆိုပါက လူငယ်တစ်ဦးအနေဖြင့် မည့်သည့်အရာများကို မျှော်လင့်မိပါသလဲဆိုသည့် မေးခွန်းကိုလည်း အောက်ပါအတိုင်း ဖြေသွားခဲ့ပါသည်။
”ညီမက အနာဂတ်အတွက်ရော၊ ပစ္စပ္ပုန်အတွက်ပါ တိုင်းပြည်ငြိမ်းချမ်းရေးကိုပဲ တည်တံ့ဖို့မျှော်လင့်ပါတယ်။ စစ်မက်ဖြစ်ပွားမှာ တိုင်းပြည် မငြိမ်မသက်ဖြစ်မှာ ညီမအရမ်းစိုးရိမ်ပြီးကြောက်တယ်။ အခြားအခွင့်အလမ်းတွေ လုပ်ပိုင်ခွင့်တွေရဖို့မပြောလိုပါဘူး။ ကုန်ဈေးနှုန်းတွေ၊ မီတာခတွေ အစစအရာရာဈေးလျှော့ပေးဖို့လည်း မတောင်းဆိုသေးပါ ဘူး။ ငြိမ်းချမ်းဖို့တစ်ခုတော့ မျှော်လင့်မိတယ်။ ပြည်တွင်းဖြစ်ဖြစ်၊ ဘာစစ်ဖြစ်ဖြစ် စစ်ဘေးကြောင့် လူတွေဒုက္ခရောက်မှာလည်း မလိုဘူး။ နောက်တိုင်းတစ်ပါးသားတွေက ကိုယ့်တိုင်းပြည်အမွေအနှစ်တွေကို အကုန်မချန် ယူသွားမှာလည်း မလိုလားဘူး။ ဆရာဇော်ဂျီရေးတဲ့ တို့ တိုင်းပြည်ကဗျာထဲမှာလို ဆန်ရေစပါးတွေ ပေါကြွယ်ဝပေမဲ့ တိုင်းသူပြည်သားတွေ ဆင်းရဲပြီး စေတီကြား၊ ကျောင်းကြားမှာ တောင်းစားရတဲ့ အဖြစ်ရောက်မှာလည်းမလိုလားဘူး။ ဆွမ်းတောင်မတင်နိုင်ဘဲ အစာ ရေစာရှားပါးတဲ့ ဘဝမျိုးမဖြစ်ဖို့တော့ မျှော်လင့်မိပါတယ်။”
ဝ၃၉

Leave a Reply

Your email address will not be published. Required fields are marked *